Thursday, March 27, 2008

အင်နဲ့အားနဲ့၊ ဒုနဲ့ဒယ်နဲ့၊ မိုးပြိမြေသိမ့်၊ ကမ္ဘာမြေကြီး တုန်လှုပ်သွားအောင် မဲပေးကြစို့

ဗမာပြည် ပြည်သူများအနေဖြင့် လာမည့်မေလတွင် အားစမ်းပွဲကြီးတရပ်နှင့် ရင်ဆိုင်ရတော့ မည်။
နအဖစစ်အုပ်စုက တိုင်းပြည်ကိုရာသက်ပန် အုပ်စိုးရေးအတွက် စီမံကိန်းချရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအား တရားဝင် အတည်ပြုရန် ကြိုးစားနေခြင်းကို တားဆီးရန်ဆို သည်မှာ ဤတိုက်ပွဲ.အနှစ်သာရနှင့် ယနေ့ပြည်သူများ. လတ်တလော အဓိက တာဝန်ပင် ဖြစ်သည်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူများအဖို့ လုပ်စရာလုပ်ငန်း အများအပြား ရှိသည်၊ မည်သို့ပင်များပစေ ယနေ့အခါတွင် ဤလုပ်ငန်းကိုသာ အာရုံစူးစိုက်၍ အားသွန်ခွန်စိုက် လုပ်ကြရမည် ဖြစ်သည်။

ဤနေရာတွင် ပြောစရာတချို့ရှိကောင်း ရှိလာနိုင်သည်။ “နအဖဟာ တနည်းမဟုတ်တနည်းနဲ့ ညစ်မှာပဲ၊ ဒါကြောင့်သူတို့နဲ့ ပြိုင်နေရင် အလာကားကိုယ်နာမယ်။ ဒီလိုပွဲမှာ သွားမယှဉ်နဲ့” ဆိုသည်မျိုး ယူဆသည်များရှိနိုင်သည်။ ရှိလည်းရှိသည်။ တချို့ကလည်း နအဖ၏ ဆန္ဒခံယူပွဲကို သပိတ်မှောက် ပစ်ရမည်ဟုပြောကြသည်။ တချို့ကတော့ လူထုဆန္ဒပြပွဲမှတပါး တခြားမည်သည့်နည်းနှင့်မူ နအဖကို ထိထိရောက်ရောက် မထိုးနှက်နိုင်၊ ထို့ကြောင့် မစို့မပို့တိုက်ပွဲလေးတွေ မဖော်သင့်ဟုပြောကြသည်။


မှန်သည်၊ ဤတချီတိုက်ပွဲတခုတည်းဖြင့် နအဖနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်မည်ဟု မည်သူမျှ အာမ မခံနိုင်ပါ။ သို့သော် ဤတိုက်ပွဲကို မလွဲမရှောင်သာတိုက်ရန် လှုံ့ဆော်နေ ရခြင်း၏ အဓိကအကြောင်းမှာ နအဖက အတည်ပြုမည်အခြေခံဥပဒေ ဆိုသည်၏ အရေးပါခြင်းကြောင့်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတခု အတည်ဖြစ်သွားပြီဆိုလျှင် နောင်တွင် ပြုပြင်၍မရသည် မဟုတ်ပါ။ ဖျက် သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းပင် လုပ်နိုင်ပါသည်။ သို့သော် ယနေ့ဗမာနိုင်ငံ၏ အနေအထားအရဆိုလျှင် နအဖရှိနေသ၍ နအဖ၏ ဖွဲ့ စည်းပုံကိုပြင်ရန်၊ ဖျက်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အနေနဲ့ ဤဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို တုတ်နဲ့ ပစ်လို့ပဲရရ။ ခွေးကိုက်လို့ပဲရရ အတည်ပြုလိုက်နိုင်ဖို့ အင်မတန်မှအရေးကြီးနေပါသည်။ ထို့အတူ ကိုယ့်အတွက်လည်း အရေးကြီးပါသည်။


နအဖအနေဖြင့်ဆိုလျှင် ဤဖွဲ့စည်းပုံကို အတည်ပြုပြီးမှသာ ငြိမ်းအဖွဲ့များကို ဖျက်သိမ်းခြင်းကဲ့သို့သော သူတို့အာဏာကို ပိုမိုခိုင် မြဲစေမည့် လုပ်ငန်းများကို ဆက်လုပ်လို့ ကောင်းမည် ဖြစ်ပါသည်။ သူ့တပ်တွင်းနှင့် သူ့နောက်လိုက်တွေက ဒီအစိုးရကို ပိုမို စိတ်ချယုံ ကြည်အောင် လုပ်နိုင်ပါလိမ့်မည်။ နောက်ပြီး သူတို့အာဏာ၏ ဆူးညှောင့်ခလုတ်သဖွယ် တည်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို “တရားနည်းလမ်းကျစွာ” ဖယ်ရှားပစ်ပါလိမ့်မည်။ ထို့ပြင်နအဖကို ခွေးကတက်ကပဲ ဖြစ်ဖြစ်၊ ဖိနပ်ချွတ်ကပဲ ဖြစ်ဖြစ် အလုပ်အကျွေးပြု မည်ဆိုသူများ၊ ကြံ့ဖွတ်လို၊ စွမ်းအားရှင်လို နောက်လိုက်ခွေးများ အားတက်ကြပါလိမ့်မည်။ တဆက် တည်းမှာ ဒင်းတို့ပိုရမ်းကြပါလိမ့်မည်။ ဤသည်ကို အစွမ်းကုန် တားဆီးရန်မှာ အားလုံး.တာဝန်ဖြစ်ပါသည်။


ပြီးခဲ့သည့် စက်တင်ဘာ သံဃာ့အရေးအခင်းကြီးပြီးတဲ့ နောက်မှာ နိုင်ငံရေးအားဖြင့် အထိနာသွားသော နအဖသည် ခံစစ် ဘ၀ ရောက်နေရာကနေ ယခုဤခြေလှမ်းဖြင့် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးစားခြင်း ဖြစ်သည်ဆိုသော အချက်ကိုလည်း မမေ့ကြ သင့်ပါ ဤဆန္ဒ ခံယူပွဲတွင် ဒင်းတို့ရှုံးနိမ့်သွားပါက နအဖအဖို့ ဒုတိယအကြိမ် ထိပ်ကိုနာနာခေါက်ခံရခြင်းဖြစ်မည်။ စစ်ဗိုလ်များရဲ့ မာနကို တမျိုး ချိုးနှိမ်ရာ ကျပေမည်။


ဤအတွက် လူထုကြီးသည် အတ္တာဟိအတ္တနော်နာထော မိမိကိုယ်ကို မိမိအားကိုးပြီး တိုက်ပွဲဝင်ကြဖို့ဖြစ်သည်။ လမ်းပေါ်တက် ဆန္ဒပြရန်မလို၊ ထမင်းအဆာခံဖို့လည်းမလို၊ နေမပူ၊ မိုးမစိုပဲ ဤတပွဲကဲ့သို့ အထိအခိုက်အကျဆုံးနည်းပါး။ စွန့်လွတ်ရမှုနည်းပါးပြီး နအဖအား အရှက်ရစေ၊ အထိနာစေမည့် တိုက်ပွဲမျိုး ကြုံရခဲလှသည်ကို မမေ့အပ်ပါ။ မဲကလေးတချပ် ထည့်လိုက်ယုံပင်ဖြစ်ပါသည်။


အဖခန့်အပ်ထားသည့် ဤဆန္ဒခံယူပွဲ တာဝန်ရှိသူများနှင့် လျို့ဝှက်တာဝန်ပေးထားသည့် လူမိုက်များ၊ မျက်နှာလိုအားရ လုပ် လိုသည့် သခင်အားရ ကျွန်ပါးဝလို လူများက မဲမထည့်သူကို မဲထည့်အောင်ခြိမ်းခြောက်နိုင်ကြပါသည်။ အကြပ်ပင်ကိုင်ကောင်း ကိုင်နိုင် ပါသည်။ ထောက်ခံမဲထည့်ရန်လည်း ပြောနိုင်ပါသည်။ သို့သော် မဲရုံထဲအထိလိုက်ပြီး စောင့်ကြည့်ခြင်း၊ အကြပ်ကိုင်ခြင်း ကိုတော့ မလုပ် နိုင်ပါ။
ထို့ကြောင့် ပြည်သူလူထုများ မဲရုံဆီသို့ တခဲနက်ချီတက်နေကြခြင်းသည် နအဖကို အူမြူးဖို့ဝေးစွ ရင်ဖိုစေမည်သာဖြစ်သည်။ ဤအတွက် ယခုမှပင်စတင် လှုံ့ဆော်ပြင်ဆင်သင့်ပါပြီ၊ သူတို့ရဲ့ ဖွဲ့စည်းပုံဥပဒေမှာပဲဖြစ်စေ၊ ဆန္ဒခံယူပွဲဥပဒေမှာဖြစ်စေ ဘယ်လို ချွတ် ယွင်းချက်တွေ၊ အနာအဆာတွေ ရှိနေတယ်ဆိုခြင်းကို အခုအခါမှာ ထောက်ပြငြင်းခုံနေရန် မလိုတော့ဟုထင်ပါသည်။ နအဖနှင့် အကျိုး သင့်အကြောင်းသင့်ပြောနေလျှင် ပြောသူကိုအများက အရူးထင်ကြမှာ သေချာသည်။ နအဖ က တမင်ညစ်ပြီးကန့်သတ် ထားသော အချိန် တိုလေးအတွင်းဝယ် အားလုံးတစည်းထဲ၊ တလုံးထဲ စည်းလုံးမိဖို့၊ တသံထဲ၊ တပုံထဲလှုပ်ရှားကြဖို့ စည်းရုံးကြရ ပါမည်။ ဒီအချိန်မှာ သူကတ လမ်းလျှောက်၊ ကိုယ်ကတလမ်းလျှောက်နေကြလို့မဖြစ်ပါ။

ကိုယ့်အချင်းချင်းမှာ အများဆန္ဒကိုလိုက်လျောရပါမည်၊ အခုအချိန်ကစ၍ နအဖ က ညစ်ပတ်နိုင်သည့်နည်းနာများကို ကြိုတင် စဉ်းစားပြီး ပြင်ဆင်ကြရပါမည်။ လူထုကို ထိုအချက်များ ပညာပေးကြရပါမည်။ လက်နက်တပ်ဆင်ပေးကြရပါမည်။ နအဖ ညစ်ပတ် သည်များကို အလျှော့မပေးကြသင့်ပါ။ သူ့တွင်နည်းနာရှိ သလို ကိုယ့်မှာလည်းနည်းနာရှိကြောင်း ပြသရပါတော့မည်။ မဲမပေးပဲနေလျှင် နအဖ အကြိုက်ဖြစ်မည်ဆိုခြင်းကို သတိမပေါ့ကြသင့်ပါ။ ၁၉၆၀ခုနှစ်နဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတွေမှာ မဲတပြားနဲ့ စစ်အုပ်စုကို သွက္ချာပါဒလိုက်စေခဲ့သည်များကို မမေ့သင့်ပါ။ အင်နဲ့အားနဲ့၊ ဒုနဲ့ဒယ်နဲ့၊ မိုးပြိမြေသိမ့်၊ ကမ္ဘာမြေကြီး တုန်လှုပ်သွားအောင် ကန့်ကွက်မဲပေး ကြရပါစို့။ အောင်ပွဲသည် တိုက်ရဲသူများအတွက် ဖြစ်ရမည်။


မောင်ချစ်ခင်

No comments: