Wednesday, November 11, 2009

ဒိုက်ဦးမြို့ နှင်းသိ ကျေးရွာက နှင်းဆီနီ(သို့မဟုတ်) ရဲဘော်တိုက်မောင်း


-ပါးရိုးနားရိုးကျကျ
အသားကဖြူဖြူ
လူမြင်ရင်ချစ်ခင်လေးစားဖွယ်ရာ
သူတော်စင်တပါးလို
ကိုယ်ကျင့်တရားကလည်းစံပြ
သူက
ကဗျာဆရာလည်းဖြစ်သလို
စစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးသမားလည်းဖြစ်တယ်
အမြဲစွန့်လွှတ်အနစ်နာခံဖို့အသင့်ရှိနေသူလည်းဖြစ်တယ်… ။

-ကိုမင်းအောင်
တိုက်မောင်း
ရဲထိန်
ဒီရဲ
ဗိုလ်တိုက်
ကေကေးဇံ
(ကျနော်တို့က တခါတရံ ချစ်မြတ်နိုးစွာ ဘဲချီးလို့ခေါ်တယ်)
ဒိုက်ဦးမြို့နယ် နှင်းသိကျေးရွာ ဇာတိဖွား
တောသား
မွေးချင်းငါးဦးမှာ
အကြီးဆုံးသားကြီး သြရသ
ဘ၀က ဆင်းရဲချို့တဲ့ပေမယ့်
ဘွဲ့ရခေတ်ပညာတတ်
ကျောင်းဆရာ ဖြစ်တယ်
သပိတ်ခေါင်းဆောင်လည်းဖြစ်တယ်
တောခိုကျောင်းသားခေါင်းဆောင်လည်းဖြစ်တယ်
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူလည်းဖြစ်တယ်
သိပ်ပြီး သဘောထားမှန်ကန်သလို
ရိုးသားထက်မြက်သူလည်းဖြစ်တယ်
သွက်သွက်လက်လက်နဲ့တက်ကြွမှူရှိသလို
အသက်သေသည်အထိတာဝန်များကျေတယ်
သေရဲတိုက်ရဲ အနိုင်ယူရဲသူလည်းဖြစ်တယ်….။

-ကျောင်းသားတပ်မတော်(၆၀၁)ရဲ့ တပ်ခွဲမှူး
တပ်ရင်းမှူး
ကျနော်တို့အားလုံးက သေချာရွေးချယ်ထားတဲ့ ညီလာခံကိုယ်စားလှယ်
ကျနော်တို့အားလုံးက
ဖခင်တဦးလို
ခေါင်းဆောင်တဦးလို လေးစားယုံကြည်တယ်
သူရှိနေရင်“လုံခြုံစိတ်ချရတယ်”လို့ခံစားရတယ်…။

-“မခင်သီနှင့် ချီတက်ခြင်း”
“ငုရင်ပြင်” ၊ “ပုရစ်တွေ”
“ရဲရင့်ခြင်းလှေ” ၊ “ကုလားထိုင်စိုက်ပျိုးရေး”…….စတဲ့ကဗျာများအပါအ၀င်
ကဗျာများစွာကိုရေးနေရင်း
စစ်ခင်းနေရင်း
ကျဆုံးတယ် ……။

-သံလွင်မြစ်ကမ်းဘေးမှာ
ရိက္ခာပြတ် ရေပြတ်
ဒုက္ခတွေအထပ်ထပ်နဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရတုံးက
အပြုံးမပျက်
သေနတ်တလက်ကိုင်ရင်း
ရဲဘော်(၇၀)ခန့်ရှိတဲ့အင်အားကို တည်တည်ကြည်ကြည်နဲ့ ဦးဆောင်ပြတယ်
ကျနော်တို့ မျက်ရည်ကျရသည်အထိ စွန့်လွှတ်အနစ်နာခံတယ်
အငတ်ခံပြီး ကျနော်တို့ကို ကျွေးတယ်
ဖခင်က သားသမီးတွေကို ပြုစုသလိုပြုစုတယ်….။

-ကျနော်တို့ အောက်ခြေရဲဘော်တွေနဲ့အတူချီတက်တယ်
အတူတိုက်ပွဲဝင်တယ်
အမြှော်အမြင်ရှိတယ်
ရည်မှန်းချက်ကြီးတယ်
သွန်သင်ညွှန်ပြတတ်တယ်
စံပြဖြစ်အောင်နေပြတယ်
ကျနော်တို့ကသူ့ကို ချစ်တယ်
သူ့လိုလူမျိုးများစွာရှိရင်
စစ်ကျွန်အောက်ကလွတ်မြောက်တာကြာပေါ့…။

-ကံကြမ္မာကြောင့်လား
ကံဇာတာကြောင့်လား
သေမင်းတရားကြောင့်လား
ဘာကြောင့်မှန်းမသိ
သူကျဆုံးသွားတော့
ကျနော်တို့မှာ
မဟာတံတိုင်းပြိုလဲ
ဖရိုဖရဲဖြစ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့
ကျနော်တို့ ရဲဘော်အားလုံးထိခိုက်ခဲ့
တော်လှန်ရေးတခုလုံးထိခိုက်ခဲ့
ခေါင်းဆောင်မှုထိခိုက်ခဲ့……။

-သစ်တပင်ကောင်းက ငှက်တသောင်းနားနိုင်တဲ့
တယောက်ကောင်းက တသောင်းဗိုလ်ခြေ ညက်ညက်ကြေတဲ့
သူ့လိုလူတွေနည်းခဲ့ရတော့
ကျနော်တို့လည်းနည်းခဲ့ရတယ်…………..။

-၁၉၉၅ ခုနှစ်
ဧပြီ(၂၆)ရက်မှာ သူကျဆုံးတယ်
တော်လှန်ရေးကျဆုံးတယ်
ရဲဘော်တွေကျဆုံးတယ်
နယ်မြေတွေကျဆုံးတယ်
စခန်းတွေကျဆုံးတယ်
အတွေးအခေါ်တွေကျဆုံးတယ်
အမြှော်အမြင်တွေကျဆုံးတယ်
သစ္စာတရားတွေကျဆုံးတယ်
ခေါင်းဆောင်ကောင်းတွေကျဆုံးတယ်
နောက်တော့…..
လူတွင်ကျယ်တွေတိုးပွားလာတယ်
အချောင်သမားတွေ လက်ခမောင်းခတ်လာတယ်
ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေနိုးထလာတယ်
“အတု”တွေနဲ့ဆင်ယင်လာတယ်
“အတု”တွေပဲ ခေတ်စားလာတယ်
“အတု”တွေပဲ ဟန်ဆောင်ဖွဲ့ဆို လုပ်ကိုင်လာတော့တာပါပဲ…။

-အဲဒီနေ့က
တော်လှန်ရေးလက်မှိုင်ချတဲ့ နေ့ပေါ့
ကိုမင်းအောင်ရေ…..
မခင်သီနှင့်အတူချီတက်ရင်း
မြန်ပြည်အနှံ ခရီးဆန့်နေစေတော့
သန့်ရှင်းတဲ့ ၀ိဥာဉ်တွေကို မျှဝေစေတော့
ရှင်ပြန်ထမြောက်စေတော့
ဘ၀မှာ
အတူလာဆုံတွေ့ရခိုက်
အဲဒီအခိုက်အတန့်ကာလတွေမှာ
ခင်ဗျားဟာ
ကျနော်တို့ရဲ့
သင်ဆရာ၊မြင်ဆရာ
ကြားဆရာဖြစ်တယ်
ခေါင်းဆောင်ဖြစ်တယ်
“စံပြ”ဖြစ်တယ်
အစစ်ဖြစ်တယ်
ကျနော်တို့ရဲ့ ရဲဘော်ဖြစ်တယ်
ချစ်ခင်မြတ်နိုးနေရတာကတော့
ကိုတိုက်မောင်းရေ……
ပြောမပြနိုင်အောင်ပဲပေါ့……..။

ဗဆန်းဇော်(၁၉၉၅-ခုနှစ်၊ဧပြီလ(၂၆)ရက်တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော်တိုက်မောင်းအတွက် ဂုဏ်ပြု ကဗျာ)

အပြည့်အစုံ...

Monday, November 9, 2009

ကျနော့်ဘ၀နှင့် ဒီမိုကရေစီခရီး

အခိုင်အမာပြောနိုင်သည်မှာ ရှစ်လေးလုံး မတိုင်မီကာလနှင့် ရှစ်လေးလုံး ကာလနှစ်ခုဟာ မိမိအ တွက် အခြားနားကြီး ခြားနာပါသည်။ ယန္တယားဆန်ဆန် လှုပ်ရှားသွားလာနေကြရာမှ လူသားဆန် ဆန် အသက်ရှင် သွားလာနိုင် လာသ လိုလို။ လူတဦး၏ စိတ်ခံစားချက်များ၊ စိတ်ကူးစိတ်သန်းများ နှင့် အကောင်အထည်ဖော် ဆောင်လိုမှုများ သည် လူ့လောက ကြီးနှင့် တဆက်တစပ်ထဲ ရှိလာ သ လိုလို။ အပြည့်အစုံ >>

အပြည့်အစုံ...

Saturday, November 7, 2009

ဝဲကြီးချောင်းတံတား

မမြင်မတွေ့ သော်လည်း
ရင်ထဲအစဉ်အမြဲ
သူငယ်ချင်းရဲဘော်

အလှမ်းဝေးသော်လည်း
အလွမ်းလေးတွေပဲ
အဖေါ်ဖွဲ့  နေတတ်ပြီ

လွမ်းစရာ နာစရာ
နှစ်ဖြာ ပေါင်းစည်း
နက်ဖြန်ခရီးအတွက်
အားသစ်ယူမည်

နွေပြောင်းရင် မိုး
မိုးနှောင်းရင် ဆောင်း
ဆောင်းလည်း အလီလီ
သစ်ခဲ့ ကုန်လည်း
ယုံကြည်ခြင်းက
ကျောချင်း အစဉ်ကပ်
ကြယ်စင် လေးထပ်
ရင်သပ်ရှုမော

အနှစ်နှစ်ဆယ်ကျော်
လွန်မြောက်သောအခါ
မြို့ သစ်တိုကျို ရိမ်းဘိုးဘရေ့ ခ်ျ ကို
ရောက်သွားဖြစ်ရင်
ယိုကိုဟားမား ဘေးဘရေ့ ခ်ျ ပေါ်မှာ
ဖြတ်သွားဖြစ်ရင်
ပယ်လယ်ကြမ်းပြင်
ဖောက်ဝင်ပြီးမှ
ကမ်းခြေမရောက်ခင်
အသက်ရှူများ ကြပ်သွားလေသလား
ပင်လယ်တဝက်
အနက်ဆုံးကနေ
ဝေဟင်ပေါ်တက်
ထိုးထွက်ပျံသန်း
သွယ်တန်းဆက်ထား
အုမီဟိုးတာလုတံတား(ပင်လယ်ပိုးစုန်းကြူးတံတား)
ရောက်သွားဖြစ်ရင်
ဒါမှမဟုတ်
ရထားခုတ်သံ
သဲ့သဲ့ကြားရင်
ဒို့ မြို့ လေး အဝင်နဲ့ 
ပေါင်းတည်မြို့ ပြင်ကြား
သမိုင်းဘီးရထား
ကြိတ်ခံထားဆဲ
ဝဲကြီးချောင်းတံတား
မင်း စောင့်များနေမလား
ကိုယ့်ရင် မချိတင်ကဲ ခုန်မိတယ်

စိတ်ချ ရဲဘော်
ဆက်ဆက်စောင့်မျှော်
မေတ္တာလက်နဲ့  ခေါ်သူမောရင်
ဓားထက်ထက်ကို တယောပေါ်တင်
လူထုရင်အုံ
တော်လှန်ပန်းငုံ
ဖူးပွင့်ထုံအံ့။ ။

လင်းလက်ဇာနည်
၁၄ အောက်တိုဘာ ၂ဝဝ၉

အပြည့်အစုံ...

Wednesday, October 7, 2009

သူငယ်ချင်းသို့…..ကဗျာ

-သတိရတယ်ဟေ့ကောင်ရေ…..
အနှစ်(၂၀)အတွင်း
မင်း…..ဘာများဖြစ်နေပါလိမ့်
ဇနီးမယား
သမီးသားတွေနဲ့…မင်းအိမ်ထောင်ရေးသာယာလှပနေမလား….။

စီးပွားရေး ပြေလည်ပြီး
ကြွယ်ဝချမ်းသာနေမလား….
ဒါမှမဟုတ်
တောင်ယာခုတ်၊ထင်းခုတ်
လယ်လုပ်ပြီး လုပ်စားနေရပြီလား
ကြုံရာကျပန်းလုပ်ရင်း ဆိုက္ကားများနင်းစားနေရပြီလား
ဆင်းရဲသားဘ၀နဲ့ ချွတ်ခြုံကျနေပြီလား…
မင်းက…
ဖေါ်လံဖား မလုပ်တတ်တော့
“လုပ်စား”တာ မကျွမ်းကျင်တော့
သစ္စာရှိစွာနဲ့ မဖေါက်ပြန်တတ်တော့
မှန်မှန်နေပြီး မဟုတ်မခံတတ်တော့
လုပ်စားတတ်သူတွေကြား
လူတွင်ကျယ်တွေကြား
ဖိနှိပ်နေသူတွေကြား
အဖိနှိပ်ခံသာမန်ပြည်သူတွေနဲ့
ဝေမျှခံစား
ဖြစ်သလိုနေထိုင်စားသောက်ရင်း
မင်းရဲ့ဘ၀ကို ထုဆစ်ချောမွှတ်နေမလား
ငါသိချင်လိုက်တာ…ဟေ့ကောင်ရေ….။

-တို့တတွေမတွေ့ရတာ
ကာလအတန်ကြာပေါ့…
သတိရတယ်…ဟေ့ကောင်ရေ…။

-မင်းဘယ်များရောက်နေပါလိမ့်
ဘယ်နေရာရောက်ရောက်
မဖေါက်ပြန်ပါနဲ့
စစ်အုပ်စုကိုတော်လှန်စိတ်
မဆိတ်သုဉ်းပါနဲ့
ငွေရှာနေရသလို
အာဏာရှင်အောက်က လွတ်မြောက်လမ်းကိုလည်းရှာပါ
“ပန်းတိုင်”ကိုလည်း မျက်ချေမပြတ်မိစေနဲ့
(အခြေအနေအရ)
မင်းဘ၀ စိုပြေပြည့်စုံနေရင်လည်း
ငတ်နေသူတွေကိုထောက်ပံ့ကူညီပါ
နာရေးကူညီမှုအသင်းနဲ့ သုခကုသိုလ်ဖြစ်ဆေးရုံကိုလျူတန်းပါ
ကိုယ်ကျိုးစွန့်သူတွေကိုစာနာကူညီပါ
သူတို့လုပ်ငန်းတွေအတွက်
(မင်းတတ်နိုင်သမျှ)
ဝိုင်းရံပေးပါ
ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေကိုမှတ်သားပါ
အခွင့်ရရင် ဆုံးမပါ သတင်းပို့ပါ
အချောင်သမားတွေကို မျက်နှာလွှဲပါ
ရိုးသားစွာ တက်ကြွသူတွေနဲ့ပူးပေါင်းပါ
ငါ….ဒါတွေကိုတော့ ပြောချင်တယ်…ငါ့ကောင်ရေ….။

-သတိရတယ်….ဟေ့ကောင်ကြီးရေ
အလုပ်တွေ များနေတဲ့ကြားကပဲ
ရင်ထဲ
တကယ်ပဲ သတိရ
တမ်းတနေမိပါရဲ့…သူငယ်ချင်း ရဲဘော်ရေ…..။

-မျှော်မှန်းတဲ့ကာလ
အဲဒီကာလကိုရောက်ရင်တော့….
တို့တွေပြန်ဆုံနိုင်ကောင်းပါရဲ့
နေခြည်တွေသာ တောက်ပပါစေတော့
ကျွဲဂျို မှုတ်သံကြားရင်..မင်းဝမ်းသာပေါ့…..။

ဇော်(ပေါင်းတည်)

အပြည့်အစုံ...

Thursday, September 17, 2009

အညတြသူရဲကောင်းများအတွက် ရွတ်ဆိုတဲ့ကဗျာ

-အဲဒီနေ့က
ကြေကွဲ နွမ်းလှတဲ့စိတ် တမေ့တမောနဲ့
တောအုပ်နဲ့ တောင်တန်းတွေကို
မျက်ဝန်းထဲ ညှို့ယူထည့်ထားရင်း
သစ္စာနဲ့ စီးဆင်းနေတဲ့ ဧရာဝတီကို
ရင်ဘတ်ထဲမှာ တရွက်ခြင်းလှန်လှောနေလိုက်တာ
ငါတို့ ၀ိဥာဉ်ထဲမှာ သူတို့ရဲ့ ရုပ်ပုံလွှာတွေ အထပ်ထပ်ပေါ့
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
သစ္စာတရားကို ဟိုဘက် ကမ္ဘာအထိ ယူဆောင်သွားခဲ့ကြ
သူတို့ စာမျက်နှာကို ငါတို့ဖတ်ပြရင်း
ကဗျာတွေကို မျက်ရည်နဲ့ရွတ်ဆိုရတာ……….
နာနာကျင်ကျင်ဖြစ်ခဲ့ရတဲ့ ငါတို့ရင်ကို ၀ိဥာဉ်ပူးကပ်မှု
အခု ငါတို့ သီကြွေးနေတာ သင်တို့ရဲ့ ကြီးမြတ်ခြင်းများ
အဲဒီ ဂုဏ်ပြု အခမ်းအနားမှာ ငါတို့ မျက်ဝန်းတွေ
ညို့ညို့မှိုင်းမှိုင်း

-ငါတို့ သမိုင်းမှာ အရင်အတိုင်း အရိုးတွေ
အောက်ဆုံးအလွှာမှာရှိဆဲ
ဒီအချိန်အထိ ကြေကွဲဆို့နင့်မှုတွေဟာ
နွေဦးမှာသာတဲ့ ကံ့ကော်ပွင့် အ၀ါတွေ အဆုပ်လိုက်ပွင့်လို့
ဒီထက်ပိုပြီး မှောင်စရာမရှိတော့တဲ့ ဖြစ်ကျဉ်းထဲမှာ
မာလကာပင်က သြဇာသီး မသီးနိုင်တာ
သြဇာပင်က မာလကာသီး မသီးနိုင်တာ
နှစ်တရာကျော်နေခဲ့တဲ့ နယ်ချဲ့ခံဘ၀ရဲ့
ကင်းလွတ်ခွင့်ရတဲ့ တရားအဖြစ်ငှာ
လူသေရင် လူထပ်ဖြစ်စရာ ဘာမှ မရှိဘူးဆိုတာ
သူတို့ ယုံကြည်ချက်မှာ သစ္စာမြစ်ကို ထုဆစ်ဖို့
လွတ်လပ်လမ်းဆီ သေခြင်းတရားကို ခံယူပုံ ရဲရင့်ခဲ့ကြတယ် ။

နီလွင်သွေး(ဒဿနိကဗေဒ)

အပြည့်အစုံ...

Friday, September 11, 2009

အိုဘယ့် … တမာန်တော်


၁ -
ဟော့ဒီ တ၀ါးဝါးအော်နေတဲ့ အမှောင်ထဲ
မြွေတကောင်ရဲ့ တွန်သံတွေလို
ကြယ်တွေကို ကလူ၊ ကောင်းကင်ကိုဖြတ်
အိမ်မက် သစ်ပင်ပေါ် ခပ်ဖွဖွခြေသံ
ငါ့အမက်မောဆုံး မှိုင်းတိုက်ခံရခြင်းအတွက်
ခေတ္တနားဆင်ပါ …
အို.. ညရဲ့ဂုတ်ပေါ် ခွစီးထားတဲ့ လေချွန်သံပွဲတော်။

၂ -
မည်းနက်နက် ညဝတ်ရုံပေါ် ရှပ်တိုက်ပြေးနေတဲ့
အိုဘဲ့ ခရီးသည် …. ၊
သူမရဲ့တဖက်မှာ ငါ့ပျိုးပင်တွေ ခါးကိုင်းနေလေရဲ့
ငါ့မြို့လယ်ကွက်ထဲ ၊ ပတ်ကြားအက် နှုတ်ခမ်းတစုံဟာ
ခပ်ရိုင်းရိုင်း သက်ပြင်းထဲ ပျိုးကြဲရင်း
ဒရွတ်တိုက်ဆွဲ၊ အသေကောင် ဖြစ်မဲ့အကြောင်း
ပြောပြပါကွဲ့ ... … ။

သွတ်ချာပါဒ ငါ့ဇာတိက အတွက်
နုံချာချာ အိတ်တလုံးနဲ့ တိမ်ဖုံးခြင်းကိုဖေါက်
လမ်းပျောက်နေတဲ့ ရေစီးကြောင်းကိုလဲ
သီချင်းဟောင်းတပိုဒ် ဆိုပြပါ၊
ငါ့ဝတ္တုကို ကျောပေါ်တင်ရင်း
သင့်ရှေ့
ကုန်ကြမ်းထုပ်၊ ကုန်သည်လက်
မင်းအဆက်ဆက် အမွေပေးပုံ
ပြန့်ကျဲနေတဲ့ ငါ့ဆံရိုင်းနဲ့ ဒုန်းစိုင်းပါလှည့် … …။

သင့်ရဲ့အောက်က အအိပ်မက်မြစ်ရဲ့
ပခုံးသားကိုရိုက်ပါ၊ သူလဲ ငါ့ဇက်ကြိုးကိုကိုင်သူပေါ့၊
အစွယ်ဖွေးဖွေးနဲ့ ဟိန်းဟောက်တတ်တဲ့ ညနာရီတွေ
ရူးသွတ်သော အသေကောင်တွေအပေါ်
ခတ်ဖွဖွ ခြေလှမ်းနဲ့၊ ခပ်ကိုင်းကိုင်းမိုးကုပ်အစ၊
အရိုးထုပ်နေတဲ့ လွင်ပြင်ဘဝမှာ
သရဖူကိုဆောင်း အကြမ်းဆုံးသော စကားဆို
ဗျတ်စောင်းအိုရဲ့ နောက်ပိုင်းတေးနဲ့
ကြယ်တွေကိုလဲ ခူးယူပါကွဲ့ … …။

၃ -
ပါးရေတွန့် ပင်လယ်ရဲ့ သောင်ပေါ်မေးတင်
မြွေတကောင်ရဲ့ မျက်ခုံးမွှေးစပ်မှာ
မြေမြုတ်နေတဲ့ ငါ့ချစ်သူပေါ့၊
မင်း သတင်းစာတွေရဲ့ အဆုံးသပ်ခြင်း
ငါ့နှုပ်ခမ်းနဲ့ နမ်းထားတဲ့ ပေးစာဆိုပါတော့၊
အန်ချပါကွဲ့ အို ….. ခရီးသည် …
လက်ပြတတ်တဲ့ သင်္ဘောတစင်းရဲ့ ခြေဖနောင့်နားက
လေဘာလျှောက် သက်ပြင်းတို့ နံရံ ပွင့်တဲ့အကြောင်း၊
နာရီစင်ပေါ်က ခြေစုံရဲ့ လေပေါ်အနမ်း
အလင်းတိုင် မျက်နှာဝရဲ့ ပြောင်းပြန်ကျမျက်ရည်ပေါ်
ကိုယ်လုံးတီးဦးနှောက်ရဲ့ ကျဆုံးသော ပျိုးပင်၊
အရိုးစင်ပေါ်တင်ထားတဲ့ “ချစ်ခြင်း”
အဆိပ်မိ တွဲလွဲခို စို့နင့်ခြင်း သရဖူ
ရင်ဘတ်ဟောင်းလောင်းရဲ့ ချစ်သူလှိုင်းပုပ်အရပ် ….။

အို …. သေချာကြည့်လိုက်ပါ
ခရုကောင်တွေ ထုပ်ပိုးထားတဲ့ အနှစ်သက်ဆုံး
မျက်ရည်လှောင်တမံ၊ ကုန်းထဖို့ပြင်နေတဲ့ စကားထွက် အရပ်
ငါ ပျိုးကြဲခဲ့၊ အနမ်းလယ်နှစ်ဧက
ပင်လယ်ကိုပစ်ပေါက်မဲ့ သတင်းလွှင့်ရေဒီယိုနဲ့
ငါ့ကို လိမ်လည်ထားတဲ့ သားကောင်တွေအကြောင်း စလုံးပေါင်းရင်း၊
ခပ်ဝေးဝေးက
တယောတလက်
ကျောက်ဆောင်
မှန်တချပ်နဲ့
မုန်းတိုင်းဆင်ပါကွဲ့ ….။

၎ -
ပင်လယ်ကို သွေးထိုးစမ်းမယ့် ငါ့တမာန်တော်
ငါ့မွေးနေ့ပေါ်က လက်မှတ်တခုနဲ့
သူ့မွေးနေ့ရဲ့ လက်ပြ ခြေတစုံထဲက
တယောထိုးခြင်း အတတ်တွေကို သင်ပြကွဲ့၊
စတ်လစ်စလစ်မြို့ရဲ့ အန်းမဲ့ ကပ်ဆိုက်ခြင်း
နံရံကပ် ဦးနှောက် ပိုစတာထူပွဲတွေမှာ
စလုံးမပေါင်းတတ်သေးတဲ့ ပေါင်းကူးတံတားအတွက်
အိမ်မက်တွေ မ တင်မယ့်ညကို သရဏဂုံတင်ခိုင်းပါ။

ရှုံးနိမ့်လဲကျ ရွှံရောင်သရဖူရပ်ဝန်းရဲ့
အလေးပြု ကုန်းထမဲ့၊ ရေပန်း
ဆာလောင်သောကလေးရဲ့ တွန်းလှန်အလံဖြူ
ရဲဝံ့မဲ့ ပစ်ကွင်းတခုပေါ်က မြားနှစ်စင်း
အသိဥာဏ်ကို ခွစီးမဲ့ မျိုးစေံ ပိရမစ်၊ ဒါဟာ
မြက်ပင်နဲ့ မိုးကုပ်အစပ်ကြားမှာ ခုံးထလာမယ့်
သံစဉ် ၇ မျိုး ရှာဖို့လိုကြောင်း သွေးထိုးစမ်းပါကွဲ့ …။

၅ -
တာဝန်ကျေစွာ ကျောပိုးအိတ်ကို ဖြည်ချတဲ့
အိုဘဲ့ … ငါ့ရဲ့ တမာန်တော် …
ကျေးဇူးတင်စွာ ငါတုန့်ပြန်၏၊
ငါဆိုတာကိုလဲ ငါရုပ်သိမ်းရဲ၏၊
အဓိပ္ပါယ်ရှိတဲ့ ငါ့အလံကို ပင်လယ်ပေါ်ဖြန့်ရင်း
တထပ်တည်းကျ ခြေရာတစုံ ဖြစ်ခဲ့ရင်
သက်ပြင်းတို့ရဲ့ တံခါးဖွင့်ပွဲ အရက်သောက်ခြင်း
စနေ ပေါ် ကျထားတဲ့ မျက်ရည်၏ အရောင်ပြောင်းလဲခြင်း
ငါ့မြေကြီးတို့နဲ့ ဖွဲ့စည်းထားတဲ့ နှုတ်ခမ်းတခု
…….. ဒါဆို
ကျေးဇူးတင်စွာ ငါ တုန့်ပြန်၏
ငါ ဆိုတာကိုလည်း ငါ ရုပ်သိမ်း၏။

KN

အပြည့်အစုံ...

Monday, August 31, 2009

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ (တစတစပြုပြင်ပြောင်းလဲရေးလမ်းစဉ်နဲ့ သွားလို့ရမလား)

ပညာရှိမှ သူရေးတဲ့ အဓိပ္ပာယ်ကို သိသူဖြစ်မယ်ဆိုတဲ့ ရေးနည်းကို ဆိုလိုပါတယ်) ‘ဒဏ်ရာ ဒဏ်ချက်တွေ ရထားဖူးတဲ့ ကျွဲအို နွားအိုနည်း’ လို့ ပြောရင်လည်း ရပါတယ်။ ဆုတ်သာ တက်သာ ရေးတယ်လို့ ဆိုလိုတာပါ။ သူ တခုခုတင်ပြပြီးရင် ‘ထင်သည်’ ‘မဖြစ်အပ်’ ‘မျှော်မှန်း မှန်းဆကြည့်ဖို့သာ ရှိသည်’ ‘ချိန်ရမည်’ ဆိုတာတွေနဲ့ပိတ်လေ့ ရှိတယ်။ အသက်ကလည်းကြီး၊ သေခါလည်းနီး၊ တော်ကောက် ခံရ ဖို့ကလည်း မမျှော်မှန်းနိုင်တော့လို့ ဒီရေးနည်းရေးတာ ဖြစ်နိုင်တယ်။ အပြည့်အစုံ >>

အပြည့်အစုံ...

Friday, August 28, 2009

နိုင်ငံတကာအခြေအနေနဲ့ နိုင်ငံခြားရေးပေါ်လစီ

နိုင်ငံအသီးသီးဟာ မိမိနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ လူ့အဖွဲ့အစည်းစနစ်၊ ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာနဲ့ နေထိုင်မှု ပုံစံကို ရွေးခြယ်ပိုင်ခွင့် ရှိပါတယ်။ နိုင်ငံအသီးသီးက ပြဿနာတွေကို နိုင်ငံအသီးသီးက ပြည်သူတွေဟာ မိမိဘာသာ တာဝန်ယူဆောင် ရွက် သွားပြီး၊ နိုင်ငံတကာ့ပြ ဿနာ တွေကိုတော့ နိုင်ငံအားလုံး စုပေါင်းဆွေးနွေးညှိနှိုင်း ဖြေရှင်းသွား သင့်ပါတယ်။ အပြည့်အစုံ >>

အပြည့်အစုံ...

Friday, August 14, 2009

ငါဆိုတဲ့ တေး


ဒီတေးကို ငါဟစ်
တိုင်းပြည်ကို ချစ်လို့
ဒီတေးကို ငါဆို
အမှန်တရားကို လိုလို့
ဒီတေးကို ငါဟစ်ကြွေး
လွတ်မြောက်ရေးကို မျှော်သမို့။

ဒီတေးကို ငါဆိုရင်း
ထောင်တွင်းမှာ အရိုက်ခံ
တောင်ယံမှာ ကျည်ဆံတိမ်း
ကျွန်းပေါ်မှာ အောင်လံလွှင့်ခဲ့။

ဒီတေးကို ဆိုရင်း
ကြက်သီး တဖြန်းဖြန်း ထဖူး
အားမာန်တွေ တက်ဖုး
မပျော်စဖူး ပျော်ဖူးသလို
မျက်ရည်တွေလည်း ကျဖူးတယ်။

ဒီတေးကို ငါ
မိဘအတွက် ဆိုတယ်
ချစ်သူအတွက် ဆိုတယ်
သူတို့အတွက် ဆိုတယ်
အားလုံးအတွက် ဆိုတယ်
ငါ့အတွက် ငါလည်း ဆိုတယ်။

အတိတ်နဲ့လည်း အတူဆိုဖူး
အနာဂါတ်နဲ့လည်း အတူဆိုဖူး
တယောက်ထဲလည်း ဆိုဖူး
တရာနဲ့လည်း ဆိုဖူး
တကမ္ဘာလုံးနဲ့ လည်း
လက်တွဲ ဆိုခဲ့တယ်။

ဒီတေးကို ငါ
ကျောင်းသားဆိုတာ ကြားရ
အလုပ်သမားဆိုတာ ကြားရ
လယ်သမားဆိုတာ ကြားရ
စစ်သားဆိုတာ ကြားရ
တပ်ဦးမှာ၊ တပ်ဖျားမှာ
တောင်ထိပ်မှာ၊ တောင်ခြေမှာ
လမ်းမမှာ၊ လမ်းကြားမှာ
လယ်ထဲမှာ၊ မီးဖိုချောင်မှာ
နေရာတကာမှာ
အော်- ဗမာပြည်ကြီး သီချင်း ဆိုနေပါကလား။

ဖိုးသံ(လူထု) (၁၅-၈-ဝ၉)

အပြည့်အစုံ...