Saturday, March 19, 2011

“ကျွန်တော်သိသော ချေဂွေဗားရာဆိုတာ။”

ချေဂွေဗားရာ သို့ ချေ သို့မဟုတ် အာနက်စတိုချေဂွေဗားရား ကို ၁၉၂၈ခု ဇွန်လ ၁၄ရက်နေ့တွင် အာဂျင်တီး နားနိုင်ငံ၊ ရိုဆာရီယို၌ မွေးဖွားခဲ့သည်။ အသက် ၂ နှစ်မှ ဆယ်ကျော်သက်အရွယ်ထိ ပန်းနာရောဂါသည် ဖြစ်ခဲ့သော ချေ သည် အရွယ်ရောက်လာသည့် အခါ စာပေနဲ့ အားကစားကို အထူး ခုံမင် လိုက်စားခဲ့သည်။

သင်္ချာတော်သည့် ကျောင်းသား။ ဖခင်က အင်္ဂျင်နီယာ။ သူ့ကိုလည်း အင်္ဂျင်နီယာအဖြစ်ကိုသာ ရွေးချယ် လိမ့်မည်ဟု ထင်ထားကြ သော်လည်း ငယ်စဉ်က ချူချာခဲ့သူပီပီ ဆရာဝန်အဖြစ်ကိုသာ သူရွေးချယ်လိုက် သည့်အတွက် သူမိသားစုနဲ့ သူငယ်ချင်းများအကြား အံ့အားသင့်ခဲ့ရသည့်သူ။

ကမ္ဘာကျော် ပျောက်ကျားတော်လှန်ရေးသမားကြီးချေသည် သူ့နိုင်ငံမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရသော် လည်း စစ်မှုထမ်းရန် မသင့်လျော်သေး၊ ဘွဲ့ရမှ စစ်မှုထမ်းရမည်ဟုဆိုပြီး အငြင်းခံခဲ့ရဖူးသည်။ ဒီနေရာ မှာ တက္ကသိုလ်ကျောင်းသားဘဝက စကားစစ်ထိုးပွဲ(ဒီဘိတ်)တွေမှာ တုံးတိတိ အညာသားလေသံဖြင့် တက်ပြောသော ကိုအောင်ဆန်းကို လူတွေလှောင်ပြောင်လို့ အကိုဖြစ်သူက စကားတက်မပြောရန် တားယူခဲ့ရသူ၊ နောင် နိုင်ငံကျော်၊ ကမ္ဘာနဲ့ချီ မိန့်ခွန်းပြောကောင်းခဲ့သည့် ကျွန်တော်တို့နိုင်ငံ၏ လွတ် လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိယမိသည်။

အသက် ၂၀ ဝန်းကျင်ကနေ ၂၅ နှစ်ကျော်ကျော်အထိ နိုင်ငံတဝှမ်းအပြင် လက်တင်အမေရိက တစ် တိုက်လုံးနီးပါး သွားလို့ရ၊ သွားခွင့်ရတဲ့နေရာတိုင်းကို ခရီးထွက်ခဲ့သည်။ ရာသီဥတုနှင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသော သူ့ခေတ်မှာ သူဟာ နိုင်ငံတဖက်စွန်းမှ တခြားဘက်စွန်းအထိ စက်ဘီးနှင့် တမျိုး၊ ခြေကျင်တဖုံ၊ ဆိုက်ကယ်နှင့် တသွယ်ခရီးဆက်ခဲ့သူ။ တရားမဝင် ဓာတ်ပုံသမား၊ ဘောလုံးနည်းပြ၊ သင်္ဘောကုန်တင်ကုန်ချသမား၊ အထမ်းသမား၊ သင်္ဘောသား၊ ပန်းကန်ဆေးသမား၊ အာလူးဆွတ်သ မားမှသည် ဆရာဝန် အထိ အလုပ်မျိုးစုံလုပ်ရင် လက်တင်အမေရိကကြီးကို ထက်အောက်စုံဆန်၊ ဟိုမှ ဒီသို့ ခရီးဆန့်ခဲ့သူ လူငယ်။

အသက် ၂၅နှစ်၊ ၁၉၅၃ ခုနှစ်တွင် ဆရာဝန်ဘွဲ့ရခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ပင်ကျူဘားသို့သွားပြီး ဖီဒယ်ကက်စထရိုနှင့် လက်တွဲကာ တော်လှန်ရေးသမားဘဝကို စတင်ခဲ့သည့် အမှန်တရား ဘက်တော် သား။ တနည်း ခေတ်အဆက်ဆက်လေ့လာအတုယူသင့်သော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ် လာခဲ့လေသည်။

“ရဲဘော်မနှင့် ကျွန်တော်သည် အလွန်နီးစပ်သော ဆွေးမျိုးတော်စပ်လိမ့်မည်ဟု ကျွန်တော်မထင်ပါ။ သို့သော် ဤကမ္ဘာပေါ်တွင် ပေါ် ပေါက်နေသော မတရားမှုတိုင်းအတွက် မကျေမချမ်း ဒေါသထွက် ကာ ဆတ်ဆတ်တုန် နိုင်စွမ်းရှိပါလျှင် ရဲဘော်မနှင့် ကျွန်တော်သည် ရဲဘော်ရဲဘက်များပင်ဖြစ်ကြပါသည်။”

မေဂျာ\အာနက်စတိုချေဂွေဗားရာ\

(မော်ရိုကိုမှ မာရီယာရိုဆာရီယိုဂွေဗာရာ ဆိုသူအမျိုးသမီးထံသို့ ပြန်ရေးပို့သောစာမှ - ၁၉၆၄)

အထက်ပါစာကြောင်းပါစာကို မော်ရိုကိုမှ ချေနှင့် သူ ဆွေမျိုးနီးစပ် တော်လောက်သည်ဟု ဂုဏ်ယူ ထင်မှတ်ကာ အမျိုးလှမ်းဆက်သည့် စာလှမ်းရေးလိုက်သော အမျိုးသမီး မာရီယာရို ဆာရီယိုဂွေဗားရာ ထံ အကြောင်းပြန်လိုက် သော မှတ်သားအတုယူဖွယ် စာလေးဖြစ်သည်။

ဒီစာသားလေးကိုဖတ်မိတော့ ပြည်တွင်းနှင့် ကမ္ဘာ အနှံ့မှာ ဖြန့်ကြက် ကျက်စားနေသော ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှား နေကြသော လူတစ်ခိျု့ထဲမှ သွေးကြောင်ပြီး ဟိုလူ့အပြစ်ဖို့၊ ဒီလူ့အ ပြစ်ဖို့ နေသော နိုင်ငံရေးသမားဆိုသူများနှင့် နိုင်ငံအတွက်လုပ်တာပါ ဆိုပြီး လွှတ်တော်တက်ကာ ရေငုံ နုတ်ပိတ်၊ ခေါင်းငြိမ့်တတ်လျှင် ရလာမည့်မက်လောက်စရာ သိန်းကျော်လခကို မြင်နေသော လူ ကြောင်များကို တွေးသနားမိပါသည်။

ပတ်ဘလို

ခင်ဗျားဆောင်းပါကို ကျွန်တော် ဖတ်ပြီးပါပြီ။ ကျွန်တော့်အကြောင်း ရေးသားထားသည့်အတွက် အလွန် ကျေးဇူးတင်ပါသည်။ ခင်ဗျားအကြောင်းကိုလည်း အလွန်ကောင်းစွာရေးထားသည်ဟု ကျွန်တော်ထင်ပါ သည်။

သမိုင်းကို ရေးလိုသည့် တော်လှန်ရေးသမား တစ်ယောက်သည် လက်အိတ်တွင် ကပ်နေသော လက် ချောင်းများပမာ အမှန်ကို စွဲစွဲမြဲမြဲ ကပ်ထားရပါမည်။ ခင်ဗျားကလည်း ကပ်တော့ကပ်နေပါသည်။ သို့သော် လက်ဝှေ့လက်အိတ်ဖြစ်သည့်အတွက် သိပ်မ ကောင်းလှပါ။

ကျွန်တော့်အကြံပေးချက်မှာ ဆောင်းပါကိုပြန်ဖတ်ပစ်ပါ။ အမှန်မဟုတ်တာ အားလုံးကိုဖြတ် တောက်ပစ် ပါ။ မသေချာသည့်အရာအားလုံးကို ကြီးစွာသတိထားပါ။

တော်လှန်သောနုတ်ခွန်းဆက်သမှုများဖြင့်
မေဂျာအာနက်စတိုချေဂွေဗားရား

ဒီစာဟာ သူ(ချေ)နဲ့ သူ့ကိုယ်သူအကြောင်းကို အကျယ်တ၀င့် ဂုဏ်ဖော်ရေးသားထားသော ဆောင်း ပါးကိုဖတ်ပြီး ဆောင်းပါးရေးသားသူ ရဲဘော်ဂွန်ဇာလတ်ထံသို့ ချက်ချင်းအကြောင်းပြန်သော စာတစ် စောင်ဖြစ်သည်။

သမိုင်းကို လိုသလိုဆွဲပြောနေ၊ ရေးနေကြသော မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ပါဝင်ခဲ့သမျှ လူ တိုင်း ရှက်သေဖို့ကောင်းသော စာလေးပင်ဖြစ်သည်။ သခင်ခံ လူအိုကြီးတစ်ဦးသည်ပင် သူနဲ့သက် တူ တွေ မရှိတော့ ဘူးဆိုပြီး ရေးချင်တာရေးနေသော သမိုင်းအလိမ်ထုတ်တွေကို သိမှီလက် တံရှည်သော သူတချို့လိုက်လံ ထောက်ပြနေရတာကို လွန်ခဲ့သောနှစ်တစ်ချို့က ပြည်တွင်းဂျာနယ် တချို့တွင် ဝေေ၀ လွင်လွင်ဖတ်ခဲ့ရဖူးသည်။

အမှန်တော့ သူ့နိုင်ငံရေးသမိုင်းကြောင်းကို ယထာဘူတကျကျလေ့လာလိုက်သောအခါ ပြီးခဲ့နှစ်အ တွင်းက စစ်အစိုးရ ကျင်းပခဲ့သော ရွေးကောက်ပွဲကာလအတွင်း I love vote အင်္ကျီတွေဝတ်ပြီး လူစုစုရှိတဲ့နားကို မဲထည့်ဖို့စာရွက်လိုက်ဝေခဲ့သော စစ်အစိုးရ၏ ၀ါဒဖြန့်ဖြူးရေးအား ကန်ထရိုက်စွဲထားသော သင်တန်းကျောင်းကြီး တစ်ကျောင်းမှ ကျောင်းသားတချို့သာသာ လှုပ်ရှားခဲ့တာသာ တွေ့လိုက်ရသည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့သော လူမျိုးများ များများလာခဲ့သည်။ လာနေစဲ။ လာဦးမည် ဖြစ်နေသည့် မြန်မာပြည်၏ ဒီမိုကရေစီအရေး သည်လည်း....

“ခင်ဗျားကျွန်တော့်ကိုယုံပါ။ ရူးသွပ်နေသူများသည် ထာဝစဉ်အမှန်ကို ပြောသောကြောင့် ဖြစ်သည်။”

မေဂျာ အာနက်စတို ချေဂွေဗားရား

(ဒေါက်တာ ရီကာဒိုအော်ဒဒက်၊ ညွှန်ကြားရေးမှူး၊ စိတ္တဇဆေးရုံ၊ ဟာဗားနား-သို့ပေးပို့ သော စာမှ)

ချေနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် စာရေး၊ စကားပြော၊ စိတ်ထားတချို့တော်တော် ဆင်တူနေတာတွေပြီး ခေါင်းဆောင်ကောင်းတိုင်းဟာ တူညီတဲ့ ယေဘူယလဏ္ခာတွေ ရှိတတ်တယ်ဆိုတာကိုလည်း ချေစာတွေ များများ ဖတ်လေ သိလာလေ၊ လေးစားသည်ထက်လေးစားလာ လေဖြစ်မိပါတယ်။

တခါက မြို့တမြို့ကို သိမ်းပိုက်ပြီး နောက်တမြို့ကို ဆက်ချီတက်လာကြရာ လမ်းမှာ သူစီးလာတဲ့ ဂျစ် ကားလေး ကို ကျော်တက်ပြီး မောင်းနှင်သွားသော ကားအကောင်းစား တစ်စီးပေါ်တွင် သူ့ရဲဘော် တစ်ချို့ပျော်ပျော် ရွှင်ရွှင်ပါသွားတာတွေ့တော့ ချက်ချင်းထိုကားကိုရပ်ခိုင်းပြီး ကားဘယ်ကရလာ သလဲ ရဲဘော်တွေကိုမေးသည်။ မြို့ထဲမှာ ရပ်ထားတာတွေ့လို့ ယူချလာတာပြောတော့ ယူတဲ့နေရာကို အဲဒီ ကားသွားပြန်ထား မှီရာစစ်ကြောင်းကားနဲ့ပြန်လိုက်ခဲ့ ကားမမှီရင် နောက်ကနေခြေကျင်လိုက်ခဲ့ဖို့ အ မိန့်ပေးခဲ့သည်။

နောက် စက်ရုံတစ်ရုံကို သွားလေ့လာတုန်းမှာ ပြည်သူပိုင်ပစ္စည်းဘေးတွဲဆိုက်ကယ်တစ်စီးကို စက်ရုံ ဘုံ သုံးအဖြစ်အသုံးပြုထားတာရယ်။ ဆိုက်ကယ်ထုတ်သည့် ၀န်ထမ်းများ ဆိုက်ကယ်ပိုယူသင့်ကြောင်း တောင်းဆို ချက်များကို ချက်ချင်းပယ်ချကန့်ကွက်ခဲ့သလို၊ စာနဲ့လည်း ရေးသားသတိ ပေးခဲ့သည်။

ထို့အပြင် တိုက်ပွဲအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရဲဘော်တစ်ယောက်ကို စစ်ဆေးကြည့် သောအခါ ရဲဘော်က သေနတ်ကျန်နေခဲ့ကြောင်းပြောသောအခါ ချေက “ရှေ့တန်းကို လက်ချည်း သက်သက်ပြန်သွား၊ မင်းလူတွေရှိသေးတယ်ဆိုရင် ဝင်တိုက်ပြီး သေနတ်တစ်လက်ရအောင် ပြန်ယူခဲ့” ဟု အမိန့်ပေးပြီး ရှေ့တန်းကို ပြန်လွှတ်ခဲ့သည်။

ထို့နောက် တော်တော်ကြာသောအခါ ဆေးရုံတစ်ရုံရှိ ဒဏ်ရာရ ရဲဘော်များထံ သွားရောက်ကြည့်ရှုစစ် ဆေးရာ သေအံ့မူးမူး ရဲဘော်တစ်ယောက်က ချေရဲ့လက်ကိုလှမ်းဆွဲပြီး “မေဂျာ မှတ်မိသေးလား၊ သေနတ် တစ်လက်ပြန် ယူဖို့ ကျွန်တော့်ကို လွှတ်ခဲ့တာ။ အခု ကျွန်တော်ယူလာခဲ့ပြီ” ဟုဂုဏ်ယူစွာပြောရင်း သေဆုံးသွားခဲ့သည်။

အဲဒါတွေဖတ်ပြီးတော့ ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်မိတယ်။ ယနေ့မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ရေး တော်လှန်ရေးတိုင်းတွင် ကိုယ်တိုင်ကဘာမှဟုတ်တိပတ်တိပင်မလုပ်ဖူးသေး၊ မလုပ်ရဲသေး ဘဲ။ နှစ်နဲ့ချီ၊ ဘဝနဲ့ချီလုပ်လာခဲ့သူသောသူများကို မှိုချိုးမြစ်ချိုး ဝေဖန်နေကြသည်ကို တွေ့နေရသည်။ အလျင်လုပ်ကြည့်စေ ချင်သည်။ တချို့သော သူများကလည်း ခုတော်လှန်ရေး၊ ခုရွေးကောက်ပွဲဝင်ရေး ဆော်အောလိုက်၊ တော်ကြာ ဘွိုင်းကောက်ထခေါ်လိုက်နှင့်။

ယိုသူမရှက်၊ မြင်သူရှက်နဲ့ ချေစာတွေသမိုင်းတွေ ဖတ်ရင်း အမှောင်ခေတ်ကြီး ကျွန်တော်ရှက်နေမိ သလိုလို ဖြစ်လာတယ်။

“ခင်ဗျားဖြတ်သန်းသွားသော မြေပြင်ပေါ်တွင် ကျွန်တော့်ကို လမ်းညွှန်သည့် တစ်ခုတည်းသော ခံစားမှု မှာ အမှန်တရားကို ဆက်သွယ်ပေးခြင်းသာဖြစ်ပါသည်”

မေဂျာအာနက်စတိုချေဂွေဗာရာ

ချေလို့ပြောလိုက်ရင် ခေတ်ပေါ်နိုင်ငံရေးမှိုင်းလုံးတွေကို အာဝဇ္ဖန်းရွှင်၊ ပြင်ပစာအနည်းငယ် ဖတ်နိုင်သော မြန်မာပြည်ကဒေါက်တာတချို့နဲ့ ပညာတတ်လူငယ်တစ်ချို့ကို သွား သတိယ မိသည်။ ကိုယ်တိုင် တိတိပပ လေ့လာအားထုတ်မှုမပြည့်ဝဘဲ နိုင်ငံရေး မှိုင်းတိုက်ဆရာယောင်တစ်ဦးဦး၊ တစ်ဖွဲ့ ဖွဲ့ရဲ့ သူတို့လိုချင်တဲ့နိုင်ငံရေး စနစ်ကို အထောက်ကူပြု စာအုပ်တွေပေးဖတ်၊ ပညာရေးအခွင့် အလမ်းတ ချို့ထိုးကျွေးမှုခံရပြီး ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်ခါ ငါတို့လည်း ...ဘာဘာညာညာတွေးပြီး နောက်ဆုံး နိုင်ငံရေးအတွက် ဘ၀နှစ်လုပ်နေသူ ပညာအားနည်းသူတွေမှသည် ဒေါ်အောင်ဆန်းစုကြည် အထိ တက်ဝေဖန်လာသော ဒေါက်တာနှင့် ပညာတတ်လူငယ် များကို ခုတလော တွေ့တွေ့နေရသည်။

“ကျောင်းနေရသည့် အခွင့်ကောင်းကိုယူလျက် ကျူးဘားတွင် ကျွန်တော်တို့ အလွန်အမင်း လိုအပ်နေသော အသုံးဝင်မည့် လူတစ်ယောက်အဖြစ်သို့ ရောက်လာအောင် ကြိုးစားစေလိုပါသည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟုလည်း ကျွန်တော်စိတ်ချယုံကြည်ပါသည်။ ပန်းချီများများ ဆွဲပါ။ ဆွဲရန်လည်း ကတိပေးပါ”

ဒေါက်တာ အာနက်စတိုချေဂွေဗာရာ

(လာကာဘာနာ-စစ်နယ်မြေ) ဦးစီးချုပ်

ဂျိုစ်မာတီလီဗာဆိုသော လူငယ်ထံရေးသည့်စာမ

ဒေါက်တာချေဟာ လက်တင်အမေရိကတိုက်ကြီးတခုလုံးကို သူသွားနိုင်သမျှ ခရီးရှည်ဆန့်ခဲ့သလို ကိုယ်အရည်ပြားရောဂါသည်တွေအတွက်လည်း ဆေးကုပေးခဲ့တာ။ နိုင်ငံအနှံ့ခရီးဆန့်ပြီး ယဉ်ကျေးမှု တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ခရီးတစ်လျောက်မှာ တွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ဘ၀ဆိုးကိုတွေ့ပြီး တော်လှန်ရေးသမားဖြစ်လာခဲ့တာကို ယနေ့ခေတ်ညီညီမငယ်တွေ မလေ့လာဖြစ်ခဲ့ကြပေ။

အမှန်တရားတစ်ခုခု၊ တော်လှန်ရေးတစ်ခုခုကိုတော့ ပြည်သူနဲ့မနီးစပ်ဘဲ လုပ်လို့မရပေ။ ပြည်သူနဲ့ တစ်သားတည်းမဖြစ်ဘဲ လုပ်လို့မရပေ။ ပြည်သူ့ဝေဒနာနှင့် ပြည်သူ့ဆန္ဒကိုမသိဘဲ တော်လှန်ရေး စကားကို ပြောလို့မရဆိုတာ အမြဲသတိချပ်သင့်ပေသည်။

ပြည်သူ့ဝေဒနာဆိုတာ မိဘတတ်နိုင်ရဲ့သားနဲ့ ၊ မင်းအရည်အချင်းမှီရဲ့သားနဲ့ မြန်မာနိုင်ငံသားဖြစ် နေခြင်းကြောင့် နိုင်ငံခြားမှာ လွတ်လွတ်လပ် ပညာဆက်လက်သင်ယူခွင့် မရတာလောက်ကိုဆိုလိုတာမ ဟုတ်ပါ။

နောက် ပြည်သူ့ဝေဒနာဆိုတာ တချို့တချို့သောဆရာယောင်၊ သမားယောင်များ ပြောပြောနေတဲ့ ဆန်ရှင်ကြောင့် ငါတို့ဒုက္ခရောက်နေရတာမျိုးလည်း လုံးဝမဟုတ်ပါ။

ပြည်သူ့ဝေဒနာဆိုတာကို သေချာသိချင်ရင် ရန်ကုန်မြို့ သို့မဟုတ် နေထိုင်ရာမြို့လေးရဲ့ ၂ - ၃ နာရီစာ အကွာဝေးမှသည် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်တွေ၊ တောင်ပေါ်ဒေသတွေ၊ ကမ်းရိုးတန်း ဒေသတွေကို ခရီးထွက်ဖို့ကြိုးစားကြည့်ပါ။ ဗလာစာအုပ်လေးတစ်အုပ်ဝယ်ဖို့ နေ့တစ်ဝက်ခရီးကို တောင်တက်တောင်ဆင်းသွား ဝယ်ရတဲ့ တိုင်းရင်းသားညီညီမငယ်တွေ။ သွေးတစ်ပုလင်းမဝယ်နိုင်လို့ အဖိုးတန်ဘဝတစ်ခု စွန့်သွားရတဲ့ ဆင်းရဲသားမိသားစုတွေ။ ပြည်သူ့ဝေဒနာဆိုတာသေသေချာချာ တွေးတတ်တဲ့တနေ့ သိလာတဲ့တနေ့ ဘာလုပ်သင့်သည်ကို သုံးသပ်နိုင်ပါစေ။

ချေဟာ ကောက်ကာငင်ကာ တော်လှန်ရေးသမားဖြစ်လာတာမဟုတ်သလို၊ စိတ်ရူးပေါက်၊ မိုက်ရူးရဲ ဆန်ဆန်ထလုပ်ပြီး ကံဆွတ်လို့ နာမည်တင်ကျန်ခဲ့သူမဟုတ်ပေ။ တိုင်းပြည်အနှံ့ခရီးသွားရင်း၊ အမေရိက တိုက်ကြီးအနှံ့ ခရီးသွားရင်း ပြည်သူ့ဝေဒနာတွေကို သေသေချာချာသိမြင်လာရာကနေ တော်လှန် ရေး စိတ်နိုးကြားလာခဲ့တာသာဖြစ်တယ်။

လူငယ်တစ်ယောက် မတရားမှုတစ်ခုကို ခံစားနားလည်လာပြီး လက်မခံဆန့်ကျင်လာရာကနေ တာဝန် ယူမှုတစ်ခုကို ကိုယ်တိုင်ယူလို့ သူယုံကြည်ရာ နိုင်ငံရေးလမ်းကြောင်းကနေ၊ မတရားလုပ်နေတဲ့ အစိုးရ တရပ်ကို တော်လှန်တဲ့အထိဖြစ်လာပြီး သမိုင်းဝင် ပျောက်ကျားသူရဲကောင်းကြီး ချေဆိုတာ မွေးဖွား လာခြင်းဖြစ်သည်။

ကျွန်တော်တို့ခေတ်တွင် ကျွန်တော်တို့ခေတ်နှင့် အညီတောက်လောက်နေသော မတရားမှုများ၊ ယုတ်မာမှုများကို ရင်ဆိုင်ကြုံတွေ့နေကြသည်။ ခေတ်ကြီးကို ကိုယ့်ရင်ခုန်သံနှင့်ကိုယ် ပြဌာန်းဖို့ ကြိုးစားစေလိုသည်။ အမှောင်သည်ကြီးစိုးနေသည်။ အမှောင်သည် သက်ဆိုးရှည်ဖို့အမျိုးမျိုး လင်းဟန် ဆောင်နေသည်။

အတိတ်သူရဲကောင်းတွေ၏ အတုယူဖွယ်များ၊ ခေါင်းဆောင်မှုအရည်အသွေးများ၊ လေးစားစံပြု လောက်ဖွယ် စိတ်ဓာတ်များကို ပြန်လှန်လေ့လာအတုယူရင်း ကျွန်တော်တို့ခေတ်ကြီးတွင် ကျွန်တော်တို့ကိုယ်တိုင် တွေ့ကြုံရင်ဆိုင် ခံစားနေရသော မတရားမှုများကို ရင်ဆိုင်တိုက်ပွဲဝင် ရေးသည် အမှန်တရားကို ချစ်မြတ်နိုးသူတိုင်း၏ တာဝန်ပင်။

“ဤတိုက်ပွဲတွင် အသက်မသေဘဲ ကျန်ရစ်သူ များစွာရှိကြပေရာ ယခုရေးသားသော အကြောာင်းအရာ ကို ပိုမို ပြည့်ဝစေရန်အတွက် ၄င်းတို့ကမှတ်မိသမျြှ ဖည့်စွက်ကြစေလိုပါ သည်။ ယင်းသို့ ဖြည့်စွက်ပြော ဆိုရာတွင် အမှန် အတိုင်း တင်းတင်းကျပ်ကျပ်ဖြစ်စေရန်သာ ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။ ဟန်မ ဆောင်ရန်၊ ပိုမပြောရန်၊ မိမိ မပါသည်ကို အပါလုပ်မပြောရန်နှင့် တိတိကျရှိစေရန်လိုပါသည်။ သူ့အ နေအထားနှင့် ပညာရေးအပေါ်၌ အမှီသ ဟဲပြုလျက် သူ၏ အကောင်းဆုံးစွမ်းရည်ဖြင့် စာမျက်နှာ အနည်းငယ် ရေးသားပြီးပြီ ဆိုလျှင် အမှန်အချက် အလက်များနှင့် မသက်ဆိုင်သော သို့မဟုတ် မသေ ချာသော စကားလုံးတိုင်းကို ဖယ်ရှားရန် တတ်အားသမျှ အလေးအနက် ဝေဖန်သုံးသပ်ရန် ကျွန်ုပ် မေတ္တာရပ်ခံပါသည်။”

ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
ဖေဖော်ဝါရီ ၂၀၁၁

No comments: