Wednesday, March 23, 2011

သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရ ဖြစ်တဲ့ခေတ်

နိုင်ငံတကာ ပြက္ခဒိန်မှာ နှစ်သစ် တနှစ်ကူးတယ်ဆိုတာနဲ့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့၊ အနီးခေတ်ဗမာ့သမိုင်းမှာ ဂုဏ်ယူစရာ အကောင်းဆုံး အထိမ်းအမှတ်နေ့တွေ တခုပြီးတခုဆက်နေခဲ့ပြီး အဲဒီနောက်မှာ မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲတော်ကိုရောက်လာခဲ့ပါတယ်။

နှစ်သစ်တနှစ်ကို အင်မတန်ကြက်သရေ ရှိစွာဖြတ်သန်းရတာပါ။ ဒါပေမဲ့အခုတော့ မတ်လ၂ရက်နေ့ ရောက်တယ်ဆိုတာနဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကို ဂုဏ်ပြု ထားတဲ့ “လယ်သမားနေ့”၊ မတ်လ ၂၇ရက်နေ့ ရောက်တော့ ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ ကြေးစားတပ်ကိုဂုဏ်ပြုထားတဲ့ ကြေးစားတပ်နေ့ တို့ကိုဖြတ်သန်းရပါတယ်။ အင်မတန်မှ ကြက်သရေယုတ်ပါတယ်။ သံဃာတွေကို သတ်တဲ့၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ တပ်တွေကို သပြေပန်းကမ်း၊ နံ့သာဖျန်းခိုင်းနေတာဟာ မြင်ရသူတိုင်းကို စော်ကားနေသလိုပါပဲ။

တကယ်ကျတော့ နအဖစစ်ဗိုလ်တွေဟာ ဒီတပ်မတော်ရဲ့“ဗြဟ္မာကြီးလေးဦး”လို့ဆိုရမယ့် ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေ စတာတွေကိုမေ့ပစ်၊ ချောင်ထိုးလိုက်ကြပါပြီ။ သူတို့ရဲ့သမိုင်းစာအုပ်ထဲမှာ ဗိုလ်သန်းရွှေတို့ တတွေဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ထက်မြင့်မြတ်၊ သူတို့ချုပ်ကိုင်ထားတဲ့ ဓားပြတပ်၊ မုဒိန်းတပ်ကြီးဟာ ပြည်သူလူထုရဲ့အမိအဖတောင် ဖြစ်နေပါတယ်။ အခုကိုပဲ လွှတ်တော်နဲ့သမတရဲ့အထက်က ကာကွယ်ရေးဦးစီးချုပ်လို့တွေ့နေရပါပြီ၊

သမိုင်းကိုပြန်ကြည့်လိုက်ရင် တပ်မတော်ဟာ လွတ်လပ်ရေးရကာစ တုန်းက ဖဆပလ အစိုးရရဲ့ ချုပ်ကိုင်မှုကို လက်ခံခဲ့ပါသေးတယ်။ ပြည်တွင်းစစ်တိုက်နေရလို့ ရန်ကုန်အစိုးရ သာသာကျန်တော့တဲ့အခါမှာ ဦးနုက အိန္ဒိယကနေ လက်နက်ခဲ ယမ်းတောင်းပေးတာ ဘာညာတွေလုပ်ပေးနေတော့ စစ်တပ်ဟာ တည်ရှိနေတဲ့ အစိုးရရဲ့ အမိန့်ကိုနာခံပါတယ်။ အဲဒီနောက် ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုဖြစ်ပွားလာတော့လည်း တည်ရှိနေတဲ့အစိုးရက ကုလသမဂ္ဂမှာဒီကိစ္စကို ပြောနေဆိုနေ တာတွေ လုပ်နေတာဖြစ်တော့ စစ်တပ်ဟာအစိုးရရဲ့စကားကို နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖဆပလ အတွင်း ဂိုဏ်းတိုက်ပွဲတွေစတင် ပေါ်ပေါက်လာတာနဲ့အမျှ ဆိုရှယ်လစ်အုပ်စုဟာ သူတို့ရဲ့ဆိုရှယ်လစ်ပါတီဝင်တွေဖြစ်တဲ့ ဗိုလ်နေ၀င်းကအစ စစ်တပ်ထိပ်သီးပိုင်းက လူတွေကိုစည်းရုံးတာလုပ်ပါတော့တယ်။ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်ကဖဆပလအဖွဲ့ကိုယ်စား အတိုက်အခံတွေကိုသတ်တာ၊ “ဆုံးမတာ” တွေလုပ်ပေးတာဟာ စစ်တပ်အနေနဲ့ နိုင်ငံ ရေးမှာဘက်လိုက်လာတာကို အထင်အရှားပြလာတာဖြစ်ပါတယ်။ တပ်မတော်ဟာ အာဏာရအစိုးရရဲ့စစ်တပ်မဟုတ် တော့ပဲ ဖဆပလရဲ့စစ်တပ်ဖြစ်လာနေတဲ့ လက္ခဏာပါ။

ဒီလိုနဲ့ ဖဆပလအတွင်းအက်စပြုလာတော့ ဆိုရှယ်လစ်တွေဟာ စစ်တပ်ကိုကိုယ့်လူအဖြစ်အပိုင်တွက်ပါတော့တယ်။ တွက်လည်းတွက်လောက်ပါတယ်။ အဲဒီတုန်းကစစ်တပ်ထိပ်ပိုင်းရဲ့ ရာခိုင်နှုန်း၈၀လောက်ဟာ ဆိုရှယ်လစ်ပါတီ အနွှယ်တွေ ဖြစ်နေတာပါ။ ဦးဗဆွေ-ဦးကျော်ငြိမ်းတို့ကဒီလိုသိမ်းသွင်းတာကို ဗိုလ်နေ၀င်းလိုရှစ်စပ်ကလည်တဲ့လူက မသိပဲနေပါ့မလား။ ဖဆပလထိပ်ပိုင်းမှာကွဲပြီးယိုင်နေတာ၊ ပြည်သူလူထုကဖဆပလအစိုးရကို အယုံအကြည်လျော့နည်း လာတာ စတာတွေကို ရှစ်စပ်ကလည်တဲ့ ဗိုလ်နေ၀င်းကကောင်းကောင်းသတိထားမိပါတယ်။ အဲဒီလိုဖရိုဖရဲ အားနည်း နေတဲ့အုပ်စိုးသူကို သေနတ်နဲ့အမိန့်ပေးရင်ရတယ်လို့ ဗိုလ်နေ၀င်းကအခြေအနေမှန်တွက်လိုက်မိပါတယ်။ ဒါကြောင့် ၁၉၅၈ခုနှစ်အာဏာသိမ်းပွဲကို ဖော်ထုတ်လိုက်တာပါပဲ။ ဗိုလ်နေ၀င်းတွက်တာမှန်ပါတယ်။ ဦးနုကလည်းအာဏာကို အသာတကြည်ထိုးပေးတာပါပဲ။ ဆွေငြိမ်းအုပ်စုကတော့ အာဏာသိမ်းတာကိုတောင် ထောက်ခံလိုက်ပါသေးတယ်။ ဒီနောက်မှာတော့ ဗိုလ်နေ၀င်းဟာအာဏာသိမ်းရတာ အင်မတန်လွယ်ကူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်စောင့် အစိုးရလို့ ကြေညာထားမိတဲ့အလျောက် ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပထစကို အာဏာလွှဲပေးလိုက်ပါတယ်။ တချိန်ထဲမှာပဲ သူ့အုပ်စုတခုကို အသေအချာ ပြင်ဆင် တည်ဆောက်ပါတော့တယ်။ ဗိုလ်ချုပ်မောင်မောင်အပါ သူ့ကို ပုခုံးချင်းယှဉ်နိုင်မယ်ထင်ရတဲ့၊ နိုင်ငံရေး ၀င်္ကဘာရဲ့အကွေ့အချိုးတွေမှာ သူ့ကိုအာခံမယ်လိုထင်ရတဲ့ ဆိုရှယ်လစ်စစ်ဗိုလ် အတော်များများကို တပ်ထဲကပ'ထုတ်ခဲ့ပါတယ်။ ဒါဟာလည်း သေနတ်နဲ့လုပ်တဲ့အစီအစဉ်မို့ မြန်မြန်ဆန်ဆန် လွယ်လွယ် ကူကူပဲ ပြီးမြောက်သွားပါတယ်။

၁၉၆၂ခုနှစ်အာဏာသိမ်းတာဟာ ရာသက်ပန်အစိုးရတရပ်ထူထောင်တာပါပဲ။ ၅၈ခုနှစ်အာဏာသိမ်းမှုဟာ အစမ်း အာဏာသိမ်းတာ၊ ၆၂ခုနှစ်အာဏာသိမ်းမှုဟာ တကယ်တမ်းအာဏာသိမ်းတာလို့ ဆိုရမှာပါ။ ဒီအချိန်ကစပြီး ဗမာနိုင်ငံမှာ သေနတ်ကိုအမိန့်ပေးနိုင်သူဟာ အစိုးရကိုအမိန့်ပေးနိုင်တဲ့အဆင့်ကနေ သေနတ်ကိုအမိန့်ပေးနိုင်သူဟာ အစိုးရလုပ်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားပါပြီ။ ဒါကိုပြောင်းပြန်ပြောရရင် သေနတ်ကိုအမိန့်မပေးနိုင်ရင် အစိုးရမလုပ်ချင်နဲ့လို့ လောဂျစ်ဆွဲယူလို့ရပါတယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် သက်တမ်းရှည်လာတော့ ဗမာပြည်စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချ အသက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းအပါ ထိပ်သီးအမြောက်အမြားဟာ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နေရာကနေ စွန့်ခွာတယ်ဆိုတာနဲ့ သေနတ်ကိုအမိန့်ပေးတဲ့ တခြားတယောက်ကသူတို့ကိုပြန်အမိန့်ပေးတာတွေ ခံကြရပါတော့တယ်။

ဗိုလ်ချုပ်နေ၀င်းအဖြစ်ကနေ သင်ခန်းစာယူထားတဲ့ ဗိုလ်သန်းရွှေတို့ရေးဆွဲလိုက်တဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သူတို့ရဲ့ရွေးကောက်ပွဲတွေကတင်လာမယ့် လွှတ်တော်တွေကနေ သေနတ်ကို(တပ်ကို)အမိန့်မပေးနိုင်အောင် ကြိုးစားပမ်းစားရေးဆွဲထားတယ်ဆိုတဲ့အချက်ကို သတိပြုပါ။ လွှတ်တော်ဥက္ကဌနဲ့ဝန်ကြီးချုပ်-သမတခန့်ထားတာထက် ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားတာတွေက ပိုပြီးကြန့်ကြာနေတာတို့ဟာ တိုင်းပြည်မှာဘယ်တာဝန်၊ ဘယ်ရာထူးက အရေးပါဆုံး ဖြစ်တယ်ဆိုတာကို ပြသနေတာတမျိုးပါပဲ။ ဒါ့အပြင် အစိုးရထဲက အစိုးရဆိုတာထက် ဆိုးတဲ့ အစိုးရ အပြင်က အစိုးရလို့ဆိုရမယ့် အကလက (အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ) ဆိုတာကလည်း တသီးတခြား၊ ထီးထီးမားမားတည်ရှိနေပါသေးတယ်။

ဒီလိုသိသာထင်ရှားတဲ့အချက်တွေ ရှိနေပါလျက်ကနဲ့လည်း နဂိုကတည်းကနအဖစစ်အစိုးရကို အသိအမှတ်ပြု လူရာ သွင်းချင်နေကြတဲ့ ပြည်တွင်းပြည်ပက လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ကြပ်ပြေးမှာလွှတ်တော်တခု ပေါ်လိုက်တယ်ဆိုတာနဲ့ပဲ အရပ်သားအစိုးရဖြစ်ပြီ လို့တမျိုး၊ အရင်ကထက်တော့ တော်သေးတာပဲဆိုလို့ တမျိုးမျိုး တကောင်ထဲရတဲ့ ဖွတ်ကလေးကို ခေါင်းပွတ်ကြည့်၊ အမြီးလှန်ကြည့် လုပ်နေကြပါတယ်။ မမေ့သင့်တာက အစိုးရတရပ်ဟာ ရွေးကောက်ပွဲသဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်စေ၊ တခြားဘယ်သဏ္ဌာန်နဲ့ဖွဲ့စည်းထားတာပဲဖြစ်စေ စစ်တပ်ကို ပြည်သူ လူထုချုပ်ကိုင်မှုအောက်က ခွဲထုတ်ပြီး သီးသန့် ချုပ်ကိုင်ထားရင် အဲဒီအစိုးရဟာ စစ်အာဏာရှင်အစိုးရပဲဖြစ်နေမှာပဲဆိုတဲ့ အချက်ပါ။ အ၀တ်အစား၊ အပြောစကား၊ အရေးအကြွားတွေကို ကြည့်ပြီး သတ်မှတ်နေလို့ကတော့ နိုင်ငံရေးအရ ညံ့ဖျင်းရာ ကျလွန်းတယ်လို့ ထင်ပါတယ်။
ဒီနေ့ဗမာပြည်မှာ တပ်မတော်နဲ့ပတ်သက်တဲ့ အဓိကအကျဆုံးပြဿနာဟာ တပ်မတော်ကိုပြည်သူလူထုရဲ့ကွပ်ကဲမှု အောက်ပြန်ပို့ရေးဖြစ်ပါတယ်။ တနည်းအားဖြင့်ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ အစိုးရတရပ်ရဲ့ အမိန့်ကိုနာခံတဲ့ တပ်ဖြစ်စေဖိုဖြစ်ပါတယ်။ အခုတော့ နအဖရဲ့၂၀၀၈ဖွဲ့စည်းပုံအရဆိုရင် ဒီစစ်တပ်ကြီးဟာအကလက (အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ) နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုပဲ နာခံမယ်ဆိုတာလိုဖြစ်နေပါတယ်။ အခုတော့ ဒီစစ်အုပ်စု တခုရဲ့လက်ကိုင်တုတ်လိုဖြစ်နေတဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ဂုပ်ပေါ်မှာဝဲနေတဲ့ဓား၊ တိုင်းပြည်အထက်မှာပျံဝဲခြိမ်း ခြောက်နေတဲ့ ဗုံးကြံလေယာဉ်ကြီးလိုဖြစ်နေပါတယ်။ စစ်တပ်ကို စစ်တန်းလျား ပို့ရမယ့်အစား လွှတ်တော်ထဲ၊ အိမ်ဦးခန်း ထဲကိုခေါ်သွင်းလာခဲ့ပါပြီ။ ဒါ့အပြင် လွှတ်တော်က မချုပ်ထိန်းနိုင်တဲ့ဒီစစ်တပ်ကို အချိန်မရွေးအာဏာသိမ်းပိုင်ခွင့်တွေ ပေးထားပါတယ်။

အခုလိုပြည်သူနဲ့စစ်တပ်ဆက်ဆံရေးမှာ ဘုရားကားအောက်မျောက်ကားအထက်ဖြစ်နေတဲ့ အနေအထားကိုပြန် မပြောင်းနိုင်သေးသရွေ့ တိုင်းပြည်ဟာစစ်တပ်ရဲ့အနိုင်ကျင့်မှုကို ခံနေရပါလိမ့်မယ်။ ပြည်သူလူထုကို စစ်တပ်ရဲ့လုပ်စာ စားနေရတယ်ဆိုတဲ့ အမြင်မျိုးဖယ်ရှားပြီး ပြည်သူလူထုဟာ တပ်မတော်ရဲ့မွေးမိဘ၊ ကျွေးမိဘဖြစ်ကြောင်း တပ်မတော်သားတွေကို သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။ ဗမာပြည်မှာ သဘာဝကပ်ဘေးတွေ ကြုံတွေ့ရရင် တပ်မတော်ဟာ သူများနိုင်ငံတွေမှာလို ရှေ့တန်းကထွက်လာပြီး လူထုကိုကူညီ။ ကယ်ဆယ်တဲ့အနေအထား မျိုးပြန်ရောက်မှ လူထုနဲ့တပ်မတော်ဆက်ဆံရေးလည်း တဖြည်းဖြည်းပုံမှန်ဆီပြန်ရောက်မှာပါ။ အဲဒီလိုမဟုတ်လို့ကတော့ ဗိုလ်သန်းရွှေတို့ကျွေးမွေးတာစားပြီး လူထုအပေါ်နိုင်စားနေတဲ့ လူထုချဉ်ဖတ်ပဲဖြစ်နေဦးမှာပါပဲ။

ရဲဘော်ဖိုးသံချောင်း

1 comment:

Maung Maung Kyaw Win said...

Please visit the following petition site and sign in your name. Tks.

http://www.thepetitionsite.com/1/put-on-trial-than-shwe-regime-and-cronies/