Saturday, May 10, 2008

ခေါင်းစဉ်မရှိတဲ့ ကဗျာ

ဗဆန်းဇော်

ငါ့ .. ပြည်သူတွေလည်းဒုက္ခပါပဲ
စစ်အာဏာရှင်တွေကသတ်
မုန်တိုင်းကသတ်နဲ့
“ကပ်ဆိုး”တွေမွှေလိုက်တာ
ငတ်နေတဲ့ကြားထဲ ငရဲအလား
ဆိုးဝါးရက်စက် ဘ၀တွေပျက်ခဲ့ရပုံများ….။

ကုန်းကောက်စရာမရှိအောင်မွဲ
စားစရာလည်းမရှိ နေစရာဖရိုဖရဲနဲ့
ဘ၀တွေပျက်နေရတဲ့ကြားထဲ
ဘ၀တွေ….ထပ်ခြားရပြန်ပြီကော…….
(နောင်ဘ၀ဆိုတာရှိခဲ့ရင်)…..
ပြန်ဆုံပါရစေ
မိတ်ဆွေတို့ရေ..
အဖိုး အဖွားတို့ရေ…
ဦးလေး ဒေါ်လေးတို့ရေ…
ညီမလေး နဲ့ ညီလေး တို့ရေ
သမီးလေး သားလေး တို့ရေ……….။

ကယ်တင်တော်မူကြပါ
ဗုဒ္ဓ၊သခင်ယေရှူ၊ အလ္လာအရှင်မြတ်
သူတော်စင် သံဃာတော်မြတ်
ရိုကျိုးဆက်ကပ်ပူဇော်ပါ၏………။

ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတဲ့ခေတ်မှာ
စနစ်ဆိုး မင်းဆိုး စိုးရတဲ့ကာလမှာ
ငါ့ ပြည်သူတွေလည်း ဒုက္ခကြီးလှတကား
မီးလောင်ရေကြီး
မုန်တိုင်းငြီးထ သေရပြန်ပြီ
ပျက်ရပြန်ပြီ မျက်ရည်တွေကျ
ပူဆွေးရပြန်ပြီကော
နှိဗ္ဗာန်ကိုမျှော်ကိုးသော်လည်းလေ
ထေရ၀ါဒသာသနာ ထွန်းကားတဲ့နိုင်ငံမှာ
ဖြစ်ပျက်နေတဲ့ဘ၀တွေများ
ကြုံရ ကြားရ မသက်သာလှ
တရားနဲ့ဖြေ
မပြေနိုင်ပါဘူးကွယ်….။

ဘယ်သူကများ ဖေးကူမ မလဲ
တို့ဖခင်ကြီးပြောခဲ့သလို
ဟို ကိုမျှော် သည်ကိုမျှော်နဲ့
မပျော်ပိုက်နိုင်တဲ့
ဘ၀တွေနဲ့ကြီးပြင်းခဲ့ရ
ဒုက္ခတွေနဲ့ပဲ ရင်းနှီးခဲ့ကြတာ….။

ငတ်နေလို့ ပြတ်နေလို့
ငွေလေးများ ရမလားလို့
အရဲစွန့်သွားရတယ်
လေလုံကားကြီးနဲ့ခိုးစီးကြ
အသက်ရူကြပ်ပြီး သေရပြန်သတဲ့
..အရပ်ကတို့ရေ……။

သူတို့ကပြောသေးရဲ့
ငွေရှာရင် ဟိုနိုင်ငံသွားစရာမလို
သည်မှာပဲ အလုပ် လုပ်
ငွေထုပ်ပိုက်နေနိုင်သတဲ့ကွယ်ရို့….။

နိုင်ငံရပ်ခြားမှာ
ငွေရှာ မသက်သာလှကြောင်း
တို့ပြည်သူတွေ ကောင်းကောင်းသိပါတယ်
(ဒါပေမယ့်)
သူတောင်းစား မဖြစ်ဖို့အရေး
ဟိုမှာ ကျွန်လုပ်ပြီး
ကောင်းစားရင်ကျေနပ်ပြီတဲ့….။

ကယ်ကြပါ ကူညီကြပါ
ဘေးဘရာဝေးကွာစေကြောင်း
ဆုတောင်းကြပါ မေတ္တာပို့ကြပါ
အမျှပေးဝေကြပါ သာဓုခေါ်ကြပါ
“စေတနာ”ရှိကြပါ လျှူဒါန်းကြပါ
ကမ္ဘာမှာ
ငါတို့ ဗမာပြည် ဟာ…
(အခုတော့)…ဖာသယ်လိုနိုင်ငံမျိုးဖြစ်နေပါရဲ့……။

စစ်အုပ်စု ကျဆုံးပါစေ
မြန်မာပြည်သူလူထု ကျမ္မာ ချမ်းသာပါစေ……။

3 comments:

Tea said...

thanks for the poem! :D

ဗုဒ္ဓ၊သခင်ယေရှူ၊ အလ္လာအရှင်မြတ်

i wonder.. သူတို့တွေလည်း မတတ်နိုင်တော့ပီ။

boboburma said...

ကျနော့်အထင်...အဟုတ်အမှန်ကန်အတွေးအထင်....
မင်းစိုးအုပ်ချုပ်တဲ့နိုင်ငံ တိုင်းပြည်ပြတ်သတဲ့
မင်းစိုးတွေသာသနာဖြတ်တော့ လူမျိုးပြတ်သတဲ့
အဲ့ဒီလိုတွေဖြစ်ကုန်ကြတာပါလား။

Welcome said...

ထပ်တူထပ်မျှဝမ်းနည်းရပါ၏။
စနစ်+လူ ပြောင်လဲရန်အချိန်တန်ပါပြီ။
ဝိုင်းဝန်းကြပါစို့...