Friday, May 23, 2008

မြန်မာပြည်အတွက် သီချင်း

(မိုးထက်နေ)

နာဂစ်ရယ်၊ မုန်တိုင်းကြိုတင် သတိပေးခြင်းမှာ အားနည်းပြီး လူတွေကို ရွှေပြောင်းပေးဖို့ မလုပ်ခဲ့တဲ့ စစ်အုပ်စုရယ်ဟာ ကျနော်တို့ နိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ တရားခံတွေဖြစ်တယ်။ မုန်တိုင်းအပြီးမှာ သေဆုံးသူအရေအတွက်ဟာ သိန်းဂဏန်း ကျော်နေ ပြီ ဖြစ်ပါတယ်။ သဘာဝဘေး အန္တရယ်တွေနဲ့ တွေ့ဆုံပြီးတဲ့ အခါတိုင်းမှာ သေလွန်သွားသူ တွေအတွက် ကြေကွဲ ရတာထက် ကျန်နေရစ်သူတွေရဲ့ ဒုက္ခဟာ ပိုမို ကြီးမာပါလိမ့်မယ်။ ချစ်သူ များနဲ့ ကွေကွင်းရခြင်း ဒုက္ခကို ပုလောင်စွာ ခံစားနေရစဉ်မှာပဲ ဘဝကို အသစ်ပြန်စဖို့ အတွက် စိန်ခေါ်ခံနေ ရကြရှာတယ်။ ကျနော်တို့ တိုင်းပြည်လို အတိုး နည်းနည်းနဲ့ ဘဏ်အလွတ်ချေးငွေ မရှိ၊ အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံတစ်ခုက လူတွေအတွက် အနာဂတ် မရေရာခြင်း စိတ် ဒုက္ခကို ပိုမိုခံစားရပါလိမ့်မယ်။

စစ်အုပ်စုကတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အလောင်းကောင်တွေပေါ်က၊ အနာဂတ် ပျောက်ပျက်သွားတဲ့ ကလေးသူငယ်တွေရဲ့ ငတ်မွတ်နေတဲ့ မျက်ဝန်းတွေ၊ သက်ကြီးရွယ်အို တွေရဲ့ ကူကယ်ရမဲ့ မျက်ရည်တွေ ပေါ်ကနေပဲ စစ်အုပ်စု အနာဂတ် ကောင်းစားရေးအတွက် အထောက်အပံ့ဖြစ်မဲ့ တဖက်သတ်ဖွဲ့စည်းပုံကို မျက်နှာပြောင်တိုက် လိမ်လည်ထားတဲ့ ရာခိုင် နှုန်း ကိန်းညွန်းတွေနဲ့ အတည်ပြုကြောင်း ကြေငြာခဲ့တယ်။ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အကူ အညီကိုလဲ အကြောက်ခံ ငြင်းဆန်ခဲ့တယ်။ ထမင်းထုတ်လေးပေးရုံ၊ ဒန်ခွက် ကလေးဝေပေး နိုင်ရုံ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေထဲ လူတွေကိုအစုလိုက် အပြုံလိုက် ထိုးထဲ့ထားနိုင်ရုံနဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း အကြောက်ကန် ပြောဆိုနေတယ်။ ပြည်တွင်းမှာ နေထိုင်တဲ့ မုန်တိုင်း ဘေးလွတ်ရာ ဒေသက လူတွေအပါအဝင်၊ ပြည်ပရောက် မြန်မာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာအရပ်ရပ် အစိုးရ အဖွဲ့အစည်းတွေရဲ့ အကူအညီအတွေကို နည်းအမျိုးမျိုးနဲ့ နှောက်ယှက်ဟန့်တား နေတယ်။ စစ်အုပ်စုဟာ လူအရည်အသွေးချို့နေတဲ့ အာဏာရှင်ဖြစ် ကြောင်း၊ စစ်အုပ်စုဟာ ပေါ်ပေါက်ခဲ့ဖူးသမျှ အာဏာရှင်တိုင်းထက် ဆိုးရွားကြောင်း၊ စစ်အုပ်စုဟာ ဖက်ဆစ်တဲ့ ဆိုးတဲ့ ဖက်ဆစ်ဖြစ် ကြောင်း ကမ္ဘာမြင်ကွင်းမှာ မှတ်ကျောက် အမျိုးမျိုး အစားခံနေတယ်။

သေဆုံးသွားသူတွေ အနာဂတ်ပျောက်သူတွေအတွက် ကျနော်တို့ ဆဲရေးတယ်၊ ကျနော်တို့ ငိုကြွေးတယ်၊ ကျနော်တို့ လှုဒါန်းတယ်၊ အ နောက်ဘက်တိုင်းတွေကို ခါးသီးစွာ မုန်းတီးပါတယ် ဆိုတဲ့ လူတွေကိုယ်တိုင် အီးယူကိုမျှော်လင့်တယ်၊ အမေရိကန်ကို တောင်းတတယ်၊ ကုလသမဂ္ဂ ကို အားကိုလာတာကို တွေ့ရတယ်။ စစ်အုပ်စုကို မုန်းတီးတဲ့ စိတ်အပေါ်အခြေခံတဲ့ အတွေးအ ခေါ် သွေဖီမှုတွေ၊ စိတ်ကူး ယဉ်မှုတွေ ပေါ်ပေါက်လာတယ်။ အခုလို အနေအထားမှာ ကျနော် တော့ အခွင့်ရတိုင်း ဒီသီချင်းလေးကို (အင်တာနေရှင်နယ် သီချင်း) နားထောင်နေရတယ်။

ထလော့ … အငတ်ဘေးကျရောက် သူတို့ တတွေ
ထလော့ … ကမ္ဘာ့တဝှမ်းက ကျေးကျွန်တွေ
တော်လှန်ကာ ထစ်ချုန်းမည် ကြွေးကြော်လို့ နေ
နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ…….

မြန်မာပြည်မှာ ငတ်လို့သေတဲ့ မသာမရှိဘူး ဆိုတဲ့ စကားကို မှန်တယ်လို့ ဆိုရင်တောင် အခု နာဂစ် မုန်းတိုင်းမွှေနှောင့်သွားတဲ့ အရှိန်နဲ့ အထွေထွေစရိတ်စက ကြီးမြင့်မှုတွေကြားမှာ မုန်တိုင်းဝင်ရောက် သွားတဲ့ဒေသက လူတွေ ငတ်နေပြီဖြစ်သလို၊ တခြား ဒေသက လူအ များစုဟာလဲ ကြပ်နေကြပါပြီ။ ဒါတွေကိုမှ ငြင်းဆန်ဦးမယ်ဆိုရင်လဲ ကျနော်တို့ လူ့အခွင့်အရေး ငတ်ခဲ့တာ၊ ကျနော်တို့ အနာဂတ်လုံခြုံမှု ငတ်ခဲ့တာ၊ ကျနော်တို့ လွတ်လပ်တဲ့ ဘဝတွေကို ငတ်ခဲ့တာ ကြာပါပြီ။ ထမင်းစားရုံလူဖြစ်နေရတဲ့ ဘဝနဲ့ အဓမ္မ လုပ်အားပေးမှုတွေ ကြား မှာ တိုင်းတပါးသား ဖက်ဆစ်တွေ၊ နာဇီတွေ လက်အောက်ရောက်နေရတဲ့ ဘဝလို ကျနော်တို့ အားလုံး စစ်ကျွန်တွေဖြစ်ခဲ့ ရပါတယ်။ ဆဲ ရေးမှု ဝေဖန်မှု နိုင်ငံတကာ ဖိအားပေးမှုတွေဟာလဲ အတ္တဝတ်ရုံနဲ့ ကာကွယ်ထားတဲ့ စစ်အုပ်စုကို လုံးဝတုန်လှုပ်စေမယ် မဟုတ်ပါဘူး။ ကျနော်တို့ ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ
ကျေးကျွန်တွေ၊ ထလေ၊ ထကြလေ။
အခြေအနေတွေ တို့ တော်လှန်ကာသာ ပြောင်းမလေ
အောင်မြင်ဖို့ ရာ ရှင်းပစ်စို့ လေ……….

မိုးကောင်းတုန်းတော့ ရွာထားဦး ဆိုပြီးအံ့ကြိတ်ခံနေဖို့လဲမလို။ ဘုန်းကြီးသူသာ မင်းဖြစ်တယ် ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ် တွေလဲ မလို။ အတက်ရှိရင် အကျလဲ ရှိတယ်ဆိုတဲ့ သဘာဝတ္ထဗေဒ သီအိုရီတွေကိုလဲ ကိုးကားနေဖို့မလို။ တက်နေ ရင်လဲ အမြန်ဆုံး ပြုတ်ကျ အောင်လှေခါးကို အောက်ခြေက ဖြတ်ပေးဖို့ပဲ လိုတယ်။ ကျနော်တို့ ရရာလက်နက် ဆွဲကိုင်တိုက် ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

ရဲဘော်တို့ လာ … စုရုံးနေ
အဆုံးစစ်ပွဲ … နွှဲမယ်လေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။
ရဲဘော်တို့ လာ … စုရုံးနေ
အဆုံးစစ်ပွဲ … နွှဲမယ်လေ
အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ။

၎ သိန်း ဝန်းကျင်သော လက်နက်ကိုင် လူ့ ဘီလူးများ၊ ရဲ၊ မီးသတ် စတဲ့ အရံအင်အားစုများ ကြံ့ဖွတ် စွမ်းအားရှင် အစရှိတဲ့ လက်ကိုင် တုတ် အဖွဲ့အစည်းများဟာ အာဏာကို ကာကွယ်သူတွေ သာဖြစ်တယ်။ ၎င်းတို့ အကျိုးစီးပွာအတွက် မိုက်မဲနေ သူတွေ သာဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေဟာ ငတ်မွတ်နေသူတွေ၊ လွတ်လပ်မှု ပျောက်ဆုံးနေသူတွေ ဖြစ်တယ်။ သူတို့မှာ ခေတ်မှီလက်နက်တွေ ရှိမယ်။ ကျနော်တို့ လှုပ်တာနဲ့ သူတို့ရဲ့ သေနတ်ပြောင်းတွေ တုတ်ချက်တွေ ကျနော်တို့ ဦးခေါင်းတွေဆီ၊ ရင်ဘတ်တွေဆီ တဖွဲဖွဲ ကျလာမှာလဲ ဖြစ်တယ်။ နေသေးသပ ခြုံထဲက ဂျိုသွေးမကွ တစ်မြမြ ဆိုတဲ့ စိတ်ထားမျိုးနဲ့ မဟုတ်ပဲ။ ကျနော်တို့ ရတဲ့ နည်းနဲ့ တိုက်ဖို့ လိုတယ်။ စစ် အုပ်စုနဲ့ စစ်အုပ်စု ဘက်တော့သား ၂ သန်း ရှိတယ် ဆိုရင်တောင် ကျန်တဲ့ လူတိုင်းကို သတ်ဖြတ်ပြစ်ဖို့ မလွယ်ဘူး။ အများစုက တကယ် သေဖို့ အသင့်ရှိတဲ စိတ်နဲ့ တော်လှန် တိုက်ခိုက်တဲ့ အခါ အနည်းစုက သတ်ဖြတ်ဖို့ မရွံမရဲ ဖြစ်လာလိမ့်မယ်။ တစ်ခုပဲရှိတယ် ကျနော်တို့ အားလုံး မြန်မာမြေပေါ်က စစ်အုပ်စုကို ဖြစ်တဲ့နည်းနဲ့ မောင်းနှင်ထုတ်မယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ကိုယ်အလောင်းစင် ကိုယ်တိုင် ပြင်ဆင် ရဲတဲ့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်အပေါ် တာဝန်ကျေလိုစိတ်ရှိဖို့ပဲ လိုတယ်။ ကျနော်တို့ ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေ ပြီဖြစ်တယ်။

ကယ်တင်ရှင် ဘယ်သောအခါကမှ မရှိပေ
နတ်သိကြားနဲ့  မင်းဘုရားတို့ မယုံပေ
နှောင်ကြိုးကို တို့ လက်ရုံးဖြင့် ချိုးဖျက်မလေ
သောက ဗျာပါဒ..လောဘကင်းစင်စေ။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့ပဲ ကယ်တင်တော့မလား ဆိုတဲ့ အတွေးဟာ အိပ်မက်ကောင်း တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ စီးပွား ရေး ကိန်းညွန်းတွေအရတော့ စစ်ပွဲတစ်ခုတိုက်ယူပြီး ကယ်တင်ဖို့ဆိုတာ သိပ်ဝေးကွာနေလွန်းသေးတယ်။ အမေရိကန် စီးပွားကျတာ၊ ဗြိတိန်နိုင်ငံရဲ့ စီပွားရေး ယိုင်လဲတာ ဆင်ပိန်ကျွဲဆိုပေမဲ့ ရေနံမထွက်တဲ့ တိုင်းပြည်၊ တရုတ် အိန္ဒိယ တို့လို စစ်ရေးအင်းအားကြီး နိုင်ငံတွေ ရဲ့ အရိပ်အောက်က တိုင်းပြည်တစ်ခုကို အလွယ်တကူ ထိုးစစ်ဆင် ရလောက်အောင်တော့ သဘောကောင်းကျမယ် မဟုတ်ဘူး။ တဖက် ကလဲ စစ်အုပ်စုဟာ မြစ်ဝကျွန်းပေါ်ဖက် နေရာတွေမှာ တပ်မတွေကို ကယ်ဆယ်ရေးအကြောင်း ပြချက်နဲ့ ထိုးထားတာဟာ တကယ်လို့ စစ်ရေးအရ စွက်ဖက်မှုတွေရှိလာတဲ့အခါ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်စေနိုင်ဖို့ သာမက၊ ဓါးစာခံတွေ အဖြစ်သုံးနိုင်အောင်လဲ ဖက်ဆစ် စစ် ရေးအမြင်နဲ့ စီစဉ်ထားတာလို့ မြင်ပါတယ်။ အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းဟာလဲ နာဂစ်အတွက် တကူးတက ကြွချီလာ တော်မှုတာ မဟုတ်ပဲ နှစ်စဉ်လုပ်နေကြ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ နားဂစ်အကြိုကာလတွေ ကတည်းက ရောက်နေတာဖြစ်ပါတယ်။ အကြွေးရှိလို့ ဆပ်ရတယ်၊ ဘုရားသခင် အလိုတော်အရ၊ အလာအရှင်မြတ်အမိန်တော် အတိုင်း ဆိုတဲ့ စကားတွေကို ကိုးကားပြီးတွေး ပြီး ခေါင်းငုံ ခံနေဖို့လဲ မတော်တော့ဘူး။ ကျနော်တို့ အနာဂတ်ကို ကျနော်တို့ ဖန်တီးဖို့ လိုနေပါပြီ။ သေနတ်ပြောင်းက ထွက်တဲ့ ကျည်ဆန် ဟာ လူအသက်ကို သေစေသလို ပြစ်မှတ်တဲ့တဲ့ သွားတဲ့ ဂျင်ကလိ၊ မြှားတံ၊ မှိန်း၊ လှံ၊ သံပေသီး အစရှိတာတွေဟာလဲ လူအသက်ကို ရန် ရှာနိုင်ပါတယ်။ ကိုယ့်မနက်ဖြန်ကို ကိုယ့်ခြေကိုယ့်လက်နဲ့သာ တည်ဆောက်နိုင်တယ်ဆိုတဲ့ အခြေခံအတွေးအခေါ် တစ်ခုတော့ အားလုံး ကိုယ်စီရှိဖို့ လိုအပ်တယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့  လိုအပ် နေပြီဖြစ်တယ်။

လုယက်ခြင်းမှ မှန်မလွဲပင်ကင်းမလေ
များပြည်သူ တူညီပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ

စစ်အုပ်စုဟာ ကျနော်တို့ အနာဂတ်ကို လုယက်ခဲ့တယ်။ ကလေးဆေးရုံးမှာ ဒီစာဖက်နေတုန်း မွေးဖွားလာတဲ့ မြန်မာပြည်သား ကလေး ငယ် လေးတွေရဲ့ အနာဂတ်ကိုလဲ စက္ကန့်နဲ့အမျှ လုယူဖို့ အကြံအစည်ရှိတယ်။ မုန်တိုင်းကြောင့် သေဆုံးသွားတဲ့ အလောင်းကောင်တွေ စီက ရွှေငွေ၊ လက်ဝတ်လက်စားတွေ ကိုလုယက်တယ်။ နိုင်ငံတကာက ပေးမဲ့ သဘာဝဘေးအန္တရယ် ပြန်လည်ထူထောင်ရေး နည်းပညာ တွေ ကိုလုယက်တယ်။ အစားအစာဆေးဝါး စတာတွေ ကိုလုယက်တယ်။ ကိုယ်လူမျိုးချင်း တတ်အားသမျှ ပြန်လည်လှုဒါန်းတဲ့ ပစ္စည်း တွေကိုလဲ လုယက်တယ်။ မုန်တိုင်း နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်ကျန်ရစ်တဲ့ စိတ်ကျဝေဒနာခံစားနေရမှုတွေ၊ ငတ်ပြတ်နေသူတွေ၊ ရောဂါဘေးကျလာသူတွေရဲ့ မျှော်လင့်ချက်တွေကိုလဲ လုယက်တယ်။ ကယ်ဆယ်ရေးအတွက် ငွေလျှုဒါန်းတဲ့ လူတွေ လိုသလို လက် နက်ကိုင်တော်လှန်ရေးအတွက်လဲ ရန်ပုံငွေထည်ဲ့ဝင်ပေး စေချင်တယ်။ တစ်ဦးချင်းအနေနဲ့၊ အဖွဲအစည်းတွေ အနေနဲ့၊ နိုင်ငံတကာ အနေ နဲ့ လုပ်ပေးနိုင်ဖို့ ကောင်းတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေ မပါပဲ အလျှုပစ္စည်းတွေ ရိက္ခာတွေကို စစ်အုပ်စုလက်ထဲ ထဲ့ပေးနေတာက တော့ သူခိုးကို ဓါးရိုးကမ်းနေတာ မျိုးပဲဖြစ်မယ်။ ပုတ်ရိနေတဲ့ လက်ကို ပရုပ်ဆီလိမ်းပေးနေလို့မရဘူး။ လိုအပ်ရင် အရင်းကနေ ခုတ်ဖြတ် ပြစ်ဖို့ ကောင်းတယ်။ ထိရောက်တဲ့ အကူအညီမပေး နိုင်တဲ့ အတွက် ဒုက္ခကို ခံရင် သေတာနဲ့ အပြောင်းအလဲ တစ်ခုအတွက်ကြိုးစားရင်း အသေခံ ကြဖို့ပဲ ကွာပါတယ်။ တိုင်းပြည်ရဲ့ မနက်ဖြန်တွေကတော့ အသက်ယဲ့ယဲ့ပဲကျန်တော့တယ်။ အခု အချိန်ဟာ စစ်အုပ်စုရဲ့ ပကတိ အနေအထားကို တစ်ကမ္ဘာလုံး သိနေတဲ့ အခါဖြစ်လို့ အပြောင်းအလဲ တစ်ခုအတွက် စိန်ခေါ်မှုကို လက်ခံဖို့ အကောင်းဆုံး အချိန်ဖြစ် တယ်လို့  ထင်တယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

လယ်သမား လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ
ညီရင်းပမာ အဓိဌာန် သစ္စာပြုစို့ ဟေ
သွေးစုပ်ကောင်တွေ မောင်းထုတ်ဟေ……
တို့ ရဲ့ သွေးသား သူတို့ ဝါးမြိုစားသလေ
နှစ်ကာလ ရှည်ကြာခံခဲ့ရပေ
ကြောက်လန့် စိတ် အကုန်အစင်စွန့် လေ
အာရုဏ်ကျင်းကာ အလင်းသို့ ရောက်ပြီဟေ ။

သိသိနဲ့ အံကြိတ်ပြီး စစ်အုပ်စုရဲ့ သွေးစုပ်မှုကို ခေါင်းငုံခံခဲ့ကြသူတွေရော၊ မသိချင် ဟန်ဆောင်ပြီး ခံခဲ့ကြသူတွေပါ အခုလို အချိန်မျိုးမှာ တော့ အလင်းပွင့်ဖို့ ကောင်းပါပြီ။ အားလုံး တစ်ညီတစ်ညာနဲ့ စစ်အုပ်စုကို ရတဲ့ နည်းနဲ့ မောင်းထုတ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ တော်လှန်အုံ ကြွဖို့ လိုပြီထင်ပါတယ်။ စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် အလောင်းပုံတွေ အရိုးပုံတွေပေါ်ကနေ မိုက်မဲနေဦးမှာ ဖြစ်ပါတယ်။ အားလုံးဒါကို သဘောပေါက်တယ် ဆိုရင် ကိုယ်စီကိုယ်ငှ အနာဂတ်ကို တာဝန်ကျေဖို့ လိုပါတယ်။ စစ်အုပ်စု လက်အောက်မှာ ကျီးလန့် စာစား တစစ အသေခံမလား၊ ကိုယ် အသက်ကို ချနှင်းပြီး သေမြေကြီး ရှင်ရွှေထီး စိတ်နဲ့ ဖောင်ဖျက်ကြမလား ဆိုတာကို အတိအကျ ရွေးချယ်ဖို့ လိုပါပြီ။ အတိုက်အခံခေါင်းဆောင် ကြီးများကလဲ သက်သာတဲ့ ပရိုပိုစယ်တော်လှန်ရေးတွေ၊ ကမ်ပိန်းတွေ၊ ပတ်တေးရှင်းတွေ၊ တော်လှန်ရေး ပုရောဟိတ်ဆန်တဲ့ ခန့်မှန်းပြော ဆိုမှုတွေ လုပ်နေမဲ့ အစား ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေ ကိုချမှတ်ပေးဖို့ လိုပါပြီ။ အခြေအနေက တောင်းဆိုလာတဲ့ အခါ ခေါင်းဆောင်ဆိုတဲ့ အမျိုးဟာ အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်။ လူထုခေါင်းဆောင် တစ် ယောက်ဖြစ်ဖို့ စစ်ကျောင်းသုံး နှစ်တက်မလိုသလို၊ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာလဲ ကျမ်းကြီးကျမ်းငယ်တွေ လေလာဖို့ ပြုစုဖို့ မလိုအပ်ပါဘူး။ လူထုအင်အားသာ မရှိရင် ကိုအောင်ဆန်း လဲလွတ်လပ်ရေး ရအောင်လုပ်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ လူထုအတွက် စစ်မှန်တဲ့ ခေါင်းဆောင်ရှာဖို့ အကောင်းဆုံးနည်းလမ်းကတော့ တော်လှန်ရေးအလံကို လွင့်တင်လိုက်တဲ့ နည်းပဲဖြစ်ပါလိမ့်မယ်။ ကျနော် တို့ ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့  လိုအပ်နေပြီဖြစ်တယ်။

သေဆုံးသွားသူတွေ၊ မိဘမဲ့ ဖြစ်သွားတဲ့ ကလေးငယ်တွေ အတွက်ဝမ်းနည်း ပက်လက်ဖြစ်နေမဲ့ အစား၊ ငိုကြွေးနေကြမဲ့ အစား ကျနော် တို့ ဒီသီချင်းကို ဝါဒစွဲတွေခနဘေးချပြီး နားထောင်ကြည့်ကြမယ်။ သူတို့ရဲ့ ဝိဥာဉ်တွေက ဒီသီချင်းကို ကျနော်တို့ အားလုံး နားထောင်စေ ချင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဖြေတစ်ခုခုတော့ တွေ့လောက်မယ်ထင်ပါရဲ့။ ကျနော် နားထောင် လိုက်တဲ့ ရတဲ့ အဖြေကတော့ အောက်ပါအတိုင်းပဲဖြစ်တယ်။

ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

မိုးထက်နေ

No comments: