Friday, July 18, 2008

ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်များ

ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံးယောက်၊ လမ်းမပေါ်မှာလည်း “ကား” မပြောနဲ့ ဆိုက်ကား တောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက်တင် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာတနိုင် ငံလုံးအတွက် ဗိုလ်ချုပ် အောင်ဆန်းနဲ့အာဇာနည်တွေ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ လည်း ဖြစ်တယ်။

တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့ လမ်းမကြီးပေါ်မှာ အဖြူ အစိမ်းဝတ်ထားတဲ့ ကျောင်းသား ကျောင်းသူတွေ စုဝေးရောက် ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နက်သွားတယ်။ လေးယောက်တတန်း တန်းစီထားတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အရာရာကို ရင်ဆိုင်ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ရှေ့ဆုံးမှာ ပန်းခွေ နှစ်ခွေကို ကိုင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး ၄ ဦး၊ သူတို့နောက်မှာတော့ မူလတန်း ကျောင်းသား ကျောင်းသူလေးတွေက စလို့ အလယ်တန်း အထက်တန်းနဲ့ ကောလိပ် ကျောင်းသား ကျောင်းသူတွေ အဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်း အသေခံ၊ ဖမ်းရင် လည်း အဖမ်းခံပြီး မိမိတို့ လိုရာခရီးအတွက် ရင်ဆိုင်ဖြေရှင်းမယ့် ကျောင်းသား ၁ ယောက်၊ သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ “အာဇာ နည်များအား လွတ်လပ်စွာ ဂါရ၀ ပြုခွင့် ပြုသည်” ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်ပါတဲ့ သတင်းစာတစောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

ကျောင်းသား ကျောင်းသူပေါင်း တရာ့ငါးဆယ်ကနေ နှစ်ရာနည်းပါးရှိပြီး စည်းကမ်းတကျ စီတန်းထားတဲ့ လူတန်းကြီးဟာ စ ထွက်ခွာတာလိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ စစ်ကားသုံးစီးဟာ ချီတက်ရာလမ်းကြောင်းရှေ့မှာ ရုတ်တရက် ၀င်ရောက်ရပ်တန့်ပြီး စစ်သားတွေကလည်း ချက်ခြင်းဆိုသလို ကားပေါ်ကနေ ခုန်ဆင်း ပိတ်ဆို့လိုက်တယ်။ ဒီအခြေအနေကို ကြိုတင်တွက်ဆထားတဲ့ ကျောင်းသူ/သားများဟာ တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ညိမ်စွာနဲ့ ရပ်တန့်လိုက်ကြတယ်။ စစ်ကား တစီးပေါ်က စစ်ဗိုလ်တဦး ခက်ထန်မာ ကျောတဲ့ မျက်နှာနဲ့ ယုတ်ရင်း ကြမ်းတမ်းစွာ ဆဲဆိုရင်း ဆင်းလာတယ်။ တချိန်ထဲမှာပဲ သတင်းစာကိုင်ထားတဲ့ ကျောင်းသား ရှေ့ထွက်သွားတယ်။ သူတို့ ဗိုလ်ချုပ်ကျောက်ရုပ်ကို သွားရောက် ပန်းခွေချမယ့်အကြောင်း ပြောလိုက်တယ်။ စစ်ဗိုလ်က လက်မခံဘူး၊ လူစုခွဲဖို့သာပြောတယ်။ ကျောင်းသားက လက်ထဲမှာပါလာတဲ့ သတင်းစာကို ပြလိုက်ပြီး သူတို့ ၂ဦး အခြေအတင် ပြောဆိုနေရာက လေးယောက်တတွဲ သွားခွင့်ပြုလိုက်တယ်။ စစ်ဗိုလ်က ခွင့်သာပြုလိုက်ရတယ် သိပ်,ကျေလည်ပုံမရ၊ ကျောင်းသားတွေကတော့ မရ, ရတဲ့နည်းနဲ့ချီတတ်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ပထမဦးဆုံး ၄ ယောက်ထွက်လာတယ်၊ သူတို့က ပန်းခွေကိုင်ထားတဲ့ ကျောင်းသူကလေး ၄ဦး ဖြစ်တယ်။

သူတို့၎ဦး စတင်ချီတက်သွားပြီ ဖြစ်လို့ နောက်၎ဦးက အရန်အသင့်စောင့်နေချိန်မှာ စစ်ဗိုလ်က သူနဲ့စကားပြောခဲ့တဲ့ ကျောင်း သားကို အတင်းဝင်ရောက် ဖမ်းဆီးလိုက်တယ်။ ဒါ့ကြောင့် လမ်းဘေး တဖက်တချက်မှာ ရပ်ကြည့်နေတဲ့ လူထုကြီး က ကျောင်းသားကို အကာအကွယ် ပေးရင်း စစ်ဗိုလ်ကို ၀ိုင်းရံထားလိုက်ကြတယ်။ ရုတ်တရက် ၀ိုင်းအုံလာတဲ့ လူအုပ်ကြီးကို မြင်လိုက်တဲ့ စစ်ဗိုလ်က သူ့ခါးက သေနတ်ကို ထုတ်ပြီး မိုးပေါ်ကို ထောင်ပစ်လိုက်တယ်။ တချိန်တည်းမှာ လမ်းကြောင်းကို ပိတ်ထားတဲ့ စစ်သားတွေ ကလည်း သေနတ်တွေ ပစ်ဖေါက်ပြီး လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနဲ့ အထိုးခံရသူတွေ၊ ခြေနဲ့အကန် ခံရသူတွေ၊ အဖမ်းခံရသူတွေ အများအပြားရှိသလို ကျောင်းသားလေးတွေကို နီးရာအိမ်တွေက ခေါ်ယူဖွက်ပေးထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြလွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံတွေ ဆူညံနေချိန်၊ ပန်းခွေတွေနဲ့ ချီတက်နေတဲ့ ကျောင်းသူ ၄ဦးကတော့ သေနတ်သံ တွေကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောက သူတို့ကို ပစ်မယ်ဆိုရင် သူတို့တွေ အဲ့ဒီလမ်းမကြီးပေါ်မှာပဲ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို ဂါရ၀ပြုဖို့ ဗိုလ်ချုပ် ကျောက်ရုပ်ဆီကိုသာ ဦးတည်ချီတက်နေပါတယ်။

ချီတက်ရာ လမ်းတလျှောက် အိမ်နဲ့ ဈေးဆိုင်တွေက ပြည်သူတွေကလည်း လက်ခုတ်တီး အားပေးကြတာကြောင့် သူတို့ ၄ဦး မှာ အင်းအားတွေ ပြည့်ဝနေတယ်။ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက သူတို့ကို အကြောက်တရားတွေကနေ ကင်းဝေးစေသလားပဲ။ လမ်းမအလယ်မှာ အဖြူ အစိမ်းဝတ် ကျောင်းသူ ကလေး ၄ ဦး ပန်းခွေတွေ ကိုင်ဆောင်ရင်း တည်ညိမ်အေးငြိမ်းစွာ ချီတက်နေတဲ့ မြင် ကွင်းကို မြင်နေရသူအဖို့ အားရဖွယ်၊ ကြည်နူးဖွယ် ကောင်းသလို၊ စိတ်မချမ်းမြေ့ဖွယ်၊ ကြေကွဲဖွယ်ရာတွေနဲ့ ပြည့်နက်နေပါတယ်။

လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွင်းလိုက်ရင် ကြောက်ရွံ တုန်လှုပ်သွားပြီလို့ ထင်ခဲ့ရင်တော့ သူတို့ မှား သွားလိမ့်မယ်။ နောက်တကြိမ် ကျောင်းသားပြည်သူတွေ ပြန်လည် စုစည်းကြပြန်တယ်။ ဗိုလ်ချုပ်ကျောက်ရုပ်နဲ့ သိပ်မဝေးလှတဲ့နေရာမှာ ကျောင်းသူ၎ဦး အာဇာနည်ကြီးတွေကို ပန်းခွေချ အလေးပြုနေတာ လှမ်းမြင်နေရတယ်။ စစ်တပ်ကလည်း အဲဒီနေရာကိုပဲ ထပ်ပြီး ပိတ် ဆို့ပြန်တယ်။ ဒါပေမဲ့ ကျောင်းသားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအားကို မခံနိုင်တဲ့ အဆုံး ၄ယောက်တတွဲ အလေးပြုခွင့်ကို အာဏာ ပိုင်တွေက ခွင့်ပြုလိုက်ရတယ်။

ကျောင်းသူ ၄ ဦးဟာ ပန်းခွေချ အလေးပြုပြီးး စထွက်ခဲ့စဉ်ကလိုပဲ နှစ်ယောက်တတွဲ ပြန်ထွက်လာတယ်။ လူထုနဲ့ ဗိုလ်ချုပ် ကျောက်ရုပ်အလယ်ကြား အရောက်မှာ ကျောင်းသားတယောက် သူတို့အနား ရောက်လာပြီးး “ဘာမှ မစိုးရိမ်နဲ့ တို့အောင်မြင်တယ်။ မင်းတို့ ငါတို့ကို ပစ်ပြီးး လူစုခွဲတဲ့ နေရာအထိ ဆက်လျှောက်ပါ”လို့ ကပ်ပြောသွားခဲ့တယ်။ သူတို့လေးဦး လူထုကြီးနဲ့ နီးလာလေလေ သူတို့ကို အားပေးသံ လက်ခုတ်တီးသံဟာ ပိုပြီး ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပါတယ်။ လူထုအနီး ရောက်လာတဲ့ သူတို့ကို စစ်ဗိုလ်တဦးက လမ်းဘေးက ဆင်းလျှောက်ဖို့ ပြောလာတယ်။ သူတို့ကလည်း တည်ညိမ်စွာနဲ့ “ကျမတို့ ကျောင်းသားတွေကို ပစ်ပြီးး လူစုခွဲတဲ့ နေရာ ရောက်တဲ့အထိ ဆက်လျှောက်မယ်”လို့ ပြန်ပြောလိုက်တယ်။ လူထုကြီးဟာ သူတို့အနားရောက်လာတဲ့ ကျောင်းသူ၎ဦးကို အားပေးရင်း အံ့ဩနေကြတယ်။ သူတို့ မရပ်သေးဘူး၊ ဆက်လျှောက်နေဆဲမို့ လူထုကြီးက သူတို့ကို လမ်းရှင်းပေးရင်း အားပေးရင်းနဲ့ သူတို့ကို ငေးကြည့်နေတယ်။ မပြီးဆုံးသေးတဲ့ သူတို့ခရီးလမ်းရဲ့ ဘေးတဖက်တချက်မှာ ရှိနေတဲ့ အိမ်တွေထဲက ပြေးထွက်ပြီး အားပေးကြ၊ တချို့ဆို ဘုရားစင်က သပြေပန်းတွေ ကမ်းကြ၊ တချို့ကတော့ ၀မ်းနည်း ၀မ်းသာဖြစ်ပြီးး မျက်ရည်တွေ ၀ိုင်းလို့ပေါ့။ သူတို့ကတော့ မလျော့တဲ့ ဇွဲသတ္တိနဲ့ အကြောက်တရားကို ဖယ်ရှား မောင်းထုတ်ထားပြီးး ခရီးဆုံးဖြစ်တဲ့ ပန်းတိုင်အရောက် လျှောက်လှမ်းလျှက် … …။

၁၉၉၀ ခုနှစ် အာဇာနည်နေ့ရဲ့ ဒီမြင်ကွင်း၊ ပြည်မြို့က ကျောင်းသားပြည်သူတွေရဲ့ ညီညွတ်ခြင်း၊ ရဲရင့်ပြတ်သားတဲ့ ကျောင်း သားရဲဘော် တဦးနဲ့ ကြောက်ရွံ့မှု ကင်းဝေးပြီးး ဇွဲသတ္တိအပြည့်နဲ့ မိမိတို့ ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ကြတဲ့ ကျောင်း သူကလေး ၄ ဦး ကို နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာပါစေ သူတို့အားလုံးရဲ့ ယုံကြည်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေအပေါ် အမြဲမှတ် မှတ်ရရ ဂုဏ်ပြုလေးစားလျက်ရှိနေရပါတယ်။
span style="COLOR: rgb(255,0,0)">ငြိမ်းစု

3 comments:

အောင်ဇေယျ said...

ကိုမွှေးကပြောတယ်....

တိုင်းပြည်ကိုချစ်သူဟာ
တိုင်းပြည်အတွက် အသက်ကိုပေးတယ်။

တိုင်းပြည်ကိုနှစ်သူဟာ
အတ္တအတွက် တိုင်းပြည်ကိုစတေးတယ်...တဲ့။

မှန်လိုက်တာကိုငြိမ်းစုရာ။ ခင်ဗျား post ကိုဖတ်ပြီးကျုပ်
ယောက်ျားတန်မဲ့ မျက်ရည်ကျမိတယ်။လေးစားပါတယ်
ဘရားသား။

အနာဂတ်မြန်မာပြည်ကို သူရဲကောင်းတွေနဲ့ တည်ဆောက်မယ်ဟေ့.......။

လားရှိုးသူ said...

ှုကျမ ဒီပိုစ့်လေးဖတ်ပြီး မျက်ရည်ဝဲရပါတယ်၊ ဘယ်နေရာရောက်ရောက် ဗမာပြည်ကြီးတိုးတက်ဖို့ရာ ကျမတို့ ရဲဝံ့ရမယ်၊ ဇွဲရှိရမယ်၊ အနစ်နာခံရမယ်၊ အသေခံရဲ ရမယ်ဆိုတာကို အမြဲခွန်အားယူနိုင်ကြပါစေလို့။

Myanmar armydog said...

ဒါမျိုးလုပ်နိုင်ဆိုတာခက်တယ် ဒါမျိုးလုပ်နိုင်အောင် ပေးတဲ့တွန်းအားဟာ အမှန်တရားကိုမြတ်နိုးမှုဘဲ ယောက်ကျားရင့်မာတွေတောင်လုပ်ဖို့ခက်တဲ့ ငယ်ရွယ်တဲ့ မြန်မာအမျိုးသမီးတွေရဲ့စွမ်းဆောင်ချက်ကို ဂုဏ်ပြုရင်း