Thursday, October 16, 2008

သံဆူးကြိုးပေါ်က လရိပ်

(၁)
၉၀ ဖေဖေါ်ဝါရီ ၁၁ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေ လွင့်ပါး
တစ တစ မှုန်ဝါး
အမေ ... ထွက်ခွာသွားပြီ။

(၂)
၅၂ နှစ်
အချစ်နဲ့ ဒေါသတရား
တ၀မ်းတခါးနဲ့ မာန
လမ်းဘေးဈေးသည်မရဲ့ ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။

ပေးဝေရင်းနှီး ... တဲ့
သမီး ... ၃၊ သား ... ၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှ ဆုံးသွားရှာရဲ့လား။

'မနုဿတတ္တ ဒုလလ္လဘ'တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေဿနာ
ဝါ၀င် ၀ါထွက် အိမ်မက်
အမေ တက်မက်ရဲပါဦးမလား။

လူးသားတယောက်ရဲ့ ဘ၀ခရီး
ပြီးစလွယ် နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ၊ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ ဆုတောင်း
အမေလဲ ကောင်းရာသုဂတိလားပါစေ။

(၃)
အမေ့ဈာပန
သံတိုင်တွေကြားက ၅ည သား
အတွေးနဲ့ ပို့သ
တဘ၀စာ
ဒဏ်ရာရခဲ့သူ။

ရဲဘော် ထက်မိုး
(၂၂ ဖေဖေါ်ဝါရီလ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်ခင်အား ရည်စူး၍ ထောင်ထဲတွင် ရေးသားသောကဗျာ)

2 comments:

မောင်ဖားကြီး said...

ကဗျာက ရင့်နင့်အောင် ကောင်းပါကြောင်း

မသက်ဇင် said...

ရဲဘော်ထက်မိုး ကဗျာလေးက
အလွန်ကြေကွဲစရာပါ--
ကိုထက်မိုး ကောင်းရာသုဂတိလားပါစေ----
ကိုထက်မိုး ကဗျာတွေထပ်တင်ပေးစေလိုပါတယ်