Monday, November 17, 2008

မခင်သီနှင့် ချီတက်ခြင်း


-ဗော်လဂါ
ယန်စီ
ဧရာဝတီ
ဂင်္ဂါ
မဟာမြစ်များကြား
(ကျွန်တော်)ဧရာဝတီနားမှာ နေပါတယ်။

-ဧရာဝတီကမ်းပါးနားက
လှပါပေ့ဆိုတဲ့ ပန်ချီကားကြီးများ
မပီမသ ခံစားကြည့်ဖူးပါတယ်။

-ဘယ်လိုမှ ဆုပ်ကိုင်၍မရခဲ့ပါ။

-တကယ်တော့ - ကျွန်တော်ဟာ
ဧရာဝတိနဲ့
ပုဂံပြည် မရောက်ဖူးသေးတဲ့
တကယ့်မြန်မာပြည်ဖွား
အညာသားမျိုးနွယ်ဝင်တယောက်
အောက်ပြည်ပေါက်
ကျွန်တော့်လောက်
ရှက်စရာကောင်းသူကိုမှ
မခင်သီက-ဧရာဝတီရဲ့အလှအပအကြောင်း ပြောပြနေတော့ ...။

-အိပ်ပါရစေတော့ - မခင်သီ

-ဖေါင်စုန်ရွှက်တိုက်
ဧရာဝတိတ၀ိုက်က လေပြေ
ကျွန်တော့်ဆိုမှာ - မနေဘူးလေ။

-အပူဇုံဘေးက
အေးမြတဲ့ အာဝါသ
ဓမ္မရိပ်ချောင် -
စစ်ကိုင်းတောင်ဆိုတာကလည်း ...။

-မန္တလေးနန်းတော်နဲ့ ဦးပိန်တံတား
ကြားဖူးရုံနဲ့လွမ်း
မှန်းကြည့်ရင်းကျေနပ်
သီပေါမင်းဇာတ်ထုပ်ကို လက်မခံနိုင်ပါ-မခင်သီ။

-ထိုးကွင်းမှင်ကြောင်စွပ်
ဓါးလွတ်ကိုင်ခဲ့တဲ့ခေတ်
ကျွန်တ်ာလည်း ချစ်တတ်ပါတယ်-မခင်သီ။

-ဒါပေမယ့် ...
သမိုင်းဇာကွက်တွေ
ဖျက်ခြေပစ်လို့ရမယ်ဆိုရင်
ကျွန်နံတွေစင်အောင်တော့ ဆေးချင်တာပဲ။

-သခင်အရည်တွေ ပက်ဖြန်းပြီး
လက်ပန်းပေါက်တော့ ခတ်လိုက်ချင်တာပဲ။

-ကဲ ..
ညဥ့်နက်လှပြီ-မခင်သီ။

-မြန်မာပြည်သားဖြစ်ဖို့ဆိုတာ ...
ဧရာဝတီဆီ - ချီတက်ရအုံးမယ်။
ပုဂံပြည်ဆီ - ချီတက်ရပါအုံးမယ်၊
မန္တလေးနန်းမြို့ဆီ - ချီတက်ရပါအုံးမယ်။

-ချီတက်ကြပါအုံးစို့ - မခင်သီ။ ။

ကေးကေးဇံ (၃၁ ၊ ၅ ၊၉၂)

1 comment:

mirror said...

ကဗျာလေးကကောင်းလိုက်တာ...
ကိုယ်တိုင်အထဲမှာနေနေတာဆိုပေမယ့်
ဒီကဗျာဖတ်ပြီးတော့ လွမ်းမိတယ်...