-ရဲဘော်ဝင်းကျော် ရေ…..
(ကိုဒွန်း ရေ…..)
နွေရောက်ပြီ
သာမီတိုက် ကိုးရွာအစု
မောင်းထု“အမျှ”ပေးကြစေ
မောင်းထု“သာဓု”ခေါ်ကြစေ….။
-တပေါင်းနွေ
ချောင်းရေမှာ လှဲလှောင်းစိမ်လို့
အဲဒီမှာ ဇိမ်ကျနေပြီလား
ဒါမှမဟုတ်
ခရီးရှည်ချီတက်နေပြီလား………ကိုဒွန်း။
-အိပ်မက်ထဲ“သင်္ကန်းဝတ်ရုံ”နဲ့ တွေ့လိုက်ရလို့
နိဗ္ဗာန်ဘုံမှာလား
တရားအားထုတ်ကျင့်ကြံနေသလား
ဘယ်ဘ၀ ဘယ်နေရာမှာပါလိမ့်….ကိုဒွန်းရေ
(ကျနော်) တကယ်ပဲ သတိတရနဲ့
ရင်ထဲ……တမ်းတလွမ်းဆွတ်နေတုန်းပ။
-ခင်းဗျား အရိုးစု
ခင်းဗျား အလောင်း
ခင်းဗျား ခန္ဓာ
အသေအချာမြုပ်နှံခွင့်မရ
ချောင်းရေပြင်တ၀ိုက်ပြန့်ကျဲ
အညတြဆန်ဆန်ကျဆုံး
ယူကျုံးမရဖြစ်
ကျနော် ချစ်မြတ်နိုးရသော………ရဲဘော်ရေ……
ကိုဒွန်း ရေ။
-ခင်းဗျား တကယ်ပဲ“ ဖြတ်သန်း ”ခဲ့တာ
သက်ဆုံးတိုင် ခေါင်းမြေချတဲ့အထိပေါ့
ထာဝရတွင်ရစ်နေမှာပါ ကိုဒွန်း…………။
-လူထုကြားမှာပဲ
နာယူသင်ကြားနေထိုင်ရင်း
စည်းရုံးရင်း
သီချင်းလေးတငြီးငြီးနဲ့
ခပ်အေးအေးပဲနေတတ်တဲ့
သေနတ်ကိုင်တော်လှန်ရေးတပ်သားကြီးအဖြစ်နဲ့
ပြုံးရွှင်ပျော်ပိုက်လို့
“တိုက်ပွဲ”တွေကလည်း အလီလီပေါ့…။
-နွေနေပူပြီ…. ကိုဒွန်း
ဧရာဝတီ မြစ်ပြင်လည်း
သဲသောင်ကိုဝတ်ဆင်လို့ငိုက်မျဉ်းနေရဲ့
ဟိုတုံးကလိုမဟုတ်တော့ပြီ
(အခုတော့)… ပြည်မှာ နွေပေါ့………………
ညနေဘက် မြစ်ထဲ ရေသွားကူးသေးသလား
မေခလာ မှာထိုင်ဖြစ်သလား
ညဈေးတန်းမှာရှိနေမလား
ဆုံဆည်းရာမှာ ထိုင်နေသလား
တလမ်းမောင်းမှာ လမ်းလျှောက်နေသလား
ကိုကြည်စန်းနဲ့ တွေ့ဖြစ်သလား
ကိုဆန်းလင်းအောင်နဲ့ရော စကားပြောဖြစ်သလား
ဘုရား ဘက်ကိုရော ရောက်သေးလား
ကောလိပ် ဘက်မှာ ငေးမောနေသလား
“ဂြိုလ်တု”မှာပဲ ထုရိုက်နေမြဲလား
သိုင်းဝတ္ထုတွေပြောင်းပြီး
နိုင်ငံရေးစာအုပ်တွေနဲ့လုံးထွေးနေပြီလား
မြင်းစီးနေတဲ့ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေသလား….။
-ချစ်သူအပျိုမရဲ့ လက်ကလေးကိုတောင်
ချစ်သူ အပျိုမရဲ့ ပါးလေးကိုတောင်
ချစ်သူအပျိုမရဲ့ ခန္ဓာကိုယ်လေးကိုတောင်
ချစ်သူအပျိုမရဲ့ ဆံနွယ်စလေးကိုတောင်
မကိုင်တွယ်ခဲ့
မမွှေးကြူခဲ့
မပွေ့ဖက်ခဲ့
မထိတို့ခဲ့ရသော…..ကိုလူပျို…..ရဲဘော်ရေ။
-နုနယ်တက်ကြွစ
ခင်ဗျား အသက်အရွယ်မှာ
အသွေးအသားရဲ့တောင်းဆိုချက်အားလုံး
ဆုံးရှုံးစွန့်လွှတ်ခဲ့ ချူပ်ထိန်းခဲ့
“တိမ်းယစ်”စေတဲ့မြင်မှု ကြားမှု
ထိတွေ့မှုတွေအားလုံးမျက်နှာလွှဲ
တကယ်ပဲ နေထိုင်တတ်လိုက်ပုံက
သိက္ခာတော်ရ“သံဃာတပါးလို”ပ
ကျနော်လေးစားရသော
ပြည်မြို့က နှင်းဆီနီရေ…..
အောက်ကျင်းမြေပြန့်က
အမွှာညီအမလေးနှစ်ယောက်ကတော့ ငိုလို့ပေါ့
ကျွဲကျရွာဘက်
သူတို့ ….တက်မလာတော့ဘူးတဲ့…။
-မတ်လဟာ ရာဇ၀င်တွင်တဲ့ “လ”ပေါ့
“လူ့အခွင့်အရေးနေ့”မှာမှ
“ကိုဖုန်းမော်”ကျဆုံးတဲ့နေ့မှာမှ
သမိုင်းစာမျက်နှာပိုလို့တောက်ပြောင်အောင်
ဂုဏ်ဆောင်လို့“ကျဆုံး”ပြခဲ့သလား
မတ်လ(၁၃)ဟာ
ထာဝရ ထင်ကျန်နေမှာပါ… ကိုဝင်းကျော် ရေ….။
ဗဆန်းဇော်
(မတ်လ ၁၃ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် ၀င်းကျော် အတွက် ဂုဏ်ပြုကဗျာ)
Sunday, March 15, 2009
ပြည်မြို့က နှင်းဆီနီ(သို့မဟုတ်) ရဲဘော်ဝင်းကျော်
Subscribe to:
Post Comments (Atom)
2 comments:
ကျနော်က ပေါက်ခေါင်းကဗျ။ ပြည်နဲ့ ၂၄ မိုင်ပဲ ဝေးတာပေါ့။ ကဗျာဖတ်ဖို့ လာဖိတ်တာ ကျေးဇူးဗျာ။
ကဗျာလေးဖတ်ပြီးရင်ထဲမှာတကယ်ကြေကွဲတယ်။
ဘာပြောရမှန်းမသိအောင်ကိုစိတ်ထိခိုက်တယ်
အဲဒီလိုမျိုးကိုယ်ကျိုးစွန့် သွားကြတဲ့သူတွေရဲ့ 
မျက်နှာကိုမှမငဲ့ပဲ နိုင်ငံရေးအကြောင်းပြပြီး
ကိုယ်ကျိုးရှာနေတဲ့သူတွေရှိတယ်ဗျာ။
ပြောစရာစကားရှာမတွေ့ ဘူး။ စိတ်နာတယ်။
့ကဗျာလေးအမှတ်တရ
ကူးယူပြီးသိမ်းထားလိုက်တယ်။
Post a Comment