Tuesday, June 8, 2010

ရှေ့သို့သာ ချီတက်ခဲ့သော ကျနော် (သို့) ကျနော်၏ အမှတ်တရ ဖြစ်ရပ်များ

“ ထိုင်ထားမယ် ”
ဆေးရုံဆောင်အ၀င်တံခါးဝမှ ထောင်ကျတဦး(ထောင်အခေါ်-၈-မှတ်)၏ အော်သံကြောင့် ဆေးရုံ ဆောင်အတွင်းရှိ အထိမ်းသိမ်းခံကျောင်းသားများ ရောက်ရှိသည့် နေရာမှာ ထိုင်လိုက်ကြတယ်။ ထောင်ထဲမှာ ဆိုတော့ ငုတ်တုတ်ထိုင်ပြီး ဒူးနှစ်လုံးပေါ်လက်တင် လက်ပေါ် နဖူးတင်(ထောင်ပုံစံ) ထိုင်ရတာပေါ့။ ခိုးကြည့်လိုက်တော့ ထောင်ပိုင်၊ထောင်မှုးနဲ့အဖွဲ့ဝင်လာတာကိုတွေ့လိုက်ရတယ်။ ထောင်မှုးက ကျနော် တို့အားလုံးကို အဆောင်ပေါ် တက်ပါဆိုလို့ ကျနော်တို့ အဆောင်ပေါ်တက် အဆောင်ထဲမှာ တမလင်ခွေပြီး ဒူးနှစ်ဖက်ပေါ် လက်တင်၍ (ထောင်ပုံစံ) ခါးဆန့်ပြီး တန်းစီ ထိုင် လိုက်ကြတယ်။ ထောင်ပိုင်နဲ့အဖွဲ့ လိုက်တက်လာပြီး ကျောင်းသား(၁၀)ယောက် အထုပ်အပိုးတွေ ပြင်ထားပါ ခဏနေ လာခေါ်မယ်လို့ ပြောပြီး ပြန်ထွက်သွားကြတယ်။

ကျနော်တို့အားလုံး တယောက်မျက်နှာတယောက် ကြည့်လိုက်ကြတယ်။ ဘာသဘောလည်းပေါ့။ ဘာမှန်းမသိပဲ ပစ္စည်းတွေကောက် သိမ်းနေရင်း ဆေးရုံဆောင် စားဖို တာဝန်ကျ ထောင်သားတဦး က လူလစ်တာနဲ့ ကပြာကရာ ပြေးတက်လာပြီး ခင်ဗျားတို့ လွတ်တော့မယ်လို့ ပြောတော့ ကျနော် တို့ အားလုံး ပျော်သွားတယ်။ ရုတ်တရက်ဆိုတော့ ကျနော်တို့ သိပ် မယုံချင်။ နောက် တစ်နာရီ လောက် ကြာတော့ ထောင်မှူးရောက်လာပြီး အထုပ်အပိုးတွေထားခဲ့ လူတွေပဲ လိုက်ခဲ့ဆိုလို့ လိုက် သွားကြတယ်။ ဆေးရုံဆောင် တံခါးကို ဖြတ်လိုက်တော့ ခါတိုင်းလို အခြားထောင်သားတွေ သွား လာနေတာမတွေ့ရ။ အဆောင် နှစ်ခုကြားက ဘုရားနားရောက်မှ ထောင်သား အားလုံး အဆောင် ထဲ ရောက်နေကြတာကို သိလိုက်ရတယ်။ အဆောင်နှစ်ခုကြားက ဖြတ်လျှောက်လာပြီး ထောင် ပိုင် ရုံးခန်းရှေ့ ရောက်တော့မှ ထောင်ပိုင်ရဲ့ စကားကြောင့် ကျနော်တို့ တကယ် လွတ်မယ် ဆိုတာ သေချာသွားတယ်။ ” သားတို့ နောက်ဒီကိုပြန်မလာနဲ့ကွာ၊ ထောင်ဆိုတာ မင်းတို့ တွေအတွက် မကောင်းဘူး” ။

နှစ်ယောက်တတွဲ လက်ထိပ်ခပ်ထားတဲ့ ကျနော်တို့ကို ထောင်အပြင်ထွက်ဖို့ တံခါးအနီးမှာ ခဏ ရပ်နေရတယ်။ ထောင်တံခါး လည်း ဖွင့်ရော ကျနော်တို့ကို စောင့်နေတာက အပြာရောင် အချုပ်ကား ၊ စိတ်ထင်ထားတာက မိသားစုတွေ ရဲဘော်ရဲဖက် တွေ ကြိုနေကြမယ်ပေါ့ ။ ဘယ်လိုပဲ ဖြစ်စေ နံရံလေးဖက်ရဲ့အပြင်ကို ရောက်တော့ ခေါင်းတွေ ကြည်လင်လာတယ်လို့ ခံစား မိတယ်။ ဒီလိုနဲ့ အချုပ်ကားကြီး သယ်ဆောင်ရာ နောက် လိုက်ပါခဲ့ရတဲ့ ကျနော်တို့ဟာ မြို့နယ်(မ၀တ)ရုံးရောက်မှ ဆင်းလိုက် ရပြီး၊ အသင့်ပြင်ထားတဲ့ အခန်းထဲကို ၀င်ခဲ့ရတယ်။ အခန်းဝ ရောက်တော့ အခန်းထဲမှာ ကျနော်တို့ရဲ့မိဘများ ရောက် နှင့်နေတာကို တွေ့ရတယ်။ နောက် လူကြီးအချို့။ ကျနော်တို့အတွက် ပေးထားသော ထိုင်ခုံများမှာ ၀င်ထိုင်လိုက်ကြတယ်။ ကျနော်တို့ရဲ့ရှေ့ မလှမ်းမကမ်းမှာ စားပွဲအရှည်တလုံးကို အဖြူရောင်အခင်း ခင်းထားပြီး အလယ်တည့်တည့်မှာတော့ ပန်း အိုးတလုံး တင်ထားတယ်။ (ပန်းအိုးထဲမှာ ဘာပန်းတွေ စိုက်ထားသည်ကို မမှတ်မိ) ။

အတန်ကြာမှ စစ်ဝတ်စုံနှင့် ပုခုံးမှာ အပွင့် အခက်တွေနဲ့ ဗိုလ်မှူး (နံမည် မမှတ်မိတော့)နဲ့ တိုက်ပုံအင်္ကျီဝတ် လူနှစ်ယောက် စားပွဲရှည်ကြီး၏ နောက်တွင် နေရာ ယူလိုက်တယ်။ စစ်ဗိုလ်က အလယ်ထိုင်ခုံမှာ ထိုင်ပြီး တိုက်ပုံအင်္ကျီဝတ် လူနှစ်ယောက် က ဘေး တဖက် တချက်ဆီမှာ ၀င်ထိုင် လိုက်ကြတယ်။ နောက်တော့ မိန့်ခွန်းတွေ ချွေတာပေါ့၊ ဘာတွေပြောသွားလည်းဆို တာကို စိတ်မ၀င်စားခဲ့မိလို့လား မသိ ဘာမှကို မမှတ်မိတော့။ အဲ တခုတော့ မှတ်မိနေတယ်။ ကျနော်တို့ကို မတ်တတ်ရပ်ပြီး လက်မြောက်ခိုင်းတယ်။ သဘောကတော့ မိဘတွေကို ကျနော်တို့ လက်ထိပ်ခတ် ခံထားရတာကို ပြတယ်။ နောက် သူတို့ ဟာ မေတ္တာ ဂရုဏာ စိတ်ထားပြီး လွှတ်ပေးမယ် ဖြစ်ကြောင်း၊ ဒါပေမယ့် နောက်ကို နိုင်ငံရေး ဆက်မလုပ်တော့ပါဘူးဟု ကတိပေးရမည် ဖြစ်ကြောင်း ပြောရင်း ကျနော်တို့ကို ကြည့်၍ စေတနာရှင်လေသံနဲ့ သားတို့ နောက်ကို ဆက်မလုပ်တော့ဘူး မဟုတ်လားလို့ မေးတယ်။ ကျနော်တို့က ဘာမှပြန်မပြော ရှေ့မှမိဘများက ခေါင်းညိတ်ပြလို့ ကျနော်တို့လည်း ခေါင်းညိတ်ပြ လိုက်တယ်။ ကျနော်တို့ အသံထွက် မလာခြင်းကို သဘော မတွေ့သူ စစ်ဗိုလ်က ကျနော်တို့ထဲမှာ အသက်အကြီး ဆုံးဖြစ်တဲ့ ကျနော့်ကို အားလုံးကိုယ်စား မင်းပြောကွာ ဆိုပြီး ကျနော့်ကို ပြောခိုင်းတယ်။ ကျနော်လည်း ချက်ချင်းဆိုသလို အတွေး ပေါက်လာလို့ ပြောချလိုက်တယ်။ ဟုတ်ကဲ့ ကျနော် နောက်ကို ဆက် မလုပ်တော့ ပါဘူးပေါ့ ။ အတော်လေး သဘောကျသွားပုံ ရတယ်။ ကျနော်တို့ကို ခတ်ထားတဲ့ လက်ထိပ်တွေ ဖြုတ်ခိုင်းတယ်။ သူတို့ရှေ့ကို ခေါ်ပြီး လက်မှတ်ထိုး ခိုင်းတယ်။ ပြီးတော့ ပြန်လွတ်ပေး လိုက်တယ်။

ကျနော့်အပြောကို သဘောတွေ့သွားတဲ့ စစ်ဗိုလ်ကို ပြန်တွေ့ဖြစ်ရင်တော့ ကျနော် ထောင်က လွတ်ပြီးနောက် ကျနော် ဆက်လုပ်နေတာက အမြင့်ဆုံး နိုင်ငံရေးဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေး ဖြစ်ကြောင်းနဲ့ ကျနော် ကတိတည်စွာပဲ နိုင်ငံ ရေးကို ရှေ့သို့သာ ဆက်လက် လုပ်ခဲ့ကြောင်း ပြော ပြချင်ပါရဲ့ ။

ငြိမ်းစု(June 7, 2010)

No comments: