Saturday, February 23, 2008

ဖဒို မန်းရှာ ( သို့ မဟုတ် ) ဧရာဝတီမှ ဒေါန ရေဆန်

(၁)
ဒီ ဖေဖေါ်ဝါရီလထဲမှာက တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေကလဲ များပြားလှပါတယ်။ ကျနော်နဲ့ သန်ကောင် စာရင်းတခုတည်း အတူ နေဖြစ်ခဲ့တဲ့ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ဆုံးခဲ့တာလဲ ဖေဖေါ်ဝါရီလထဲမှာ ဖြစ်ခဲ့သလို၊ ဆရာ မြသန်းတင့်နဲ့ ကိုသိန်းတင် (စာရေးဆရာ တင် သိန်းမောင်ခေါ် ပထ၀ီမောင်တင်) ဆုံးခဲ့တာလဲ ဖေဖေါ်ဝါရီ ထဲမှာ ပါပဲ။ ဦးမြသန်းတင့်နဲ့ ကိုသိန်းတင်ဆိုရင် - တရက်တည်း တနေ့တည်း တောင် အတူတူ သင်္ဂြိုလ်ခဲ့ရလေသတဲ့။ ဦးမြသန်းတင့်က ဆေးရုံကြီးမှာ ဆုံးခဲ့တာဖြစ်ပြီး ကိုသိန်းတင်က အင်းစိန်ထောင်မှာ ထောင်ချခံနေ ရရင်း ဆုံးခဲ့ရ တာဖြစ်ပေမဲ့၊ သင်္ဂြိုလ်ခဲ့ရတဲ့နေ့ရက်ကတော့ တရက်တည်းဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက အမေလူထု ဒေါ်အမာက တောင် ‘နှမျောတသ ယူကျုံးမရနဲ့ လွမ်းလောက်တဲ့ရေးဖေါ်တွေ’ လို့ခေါင်းစည်းတပ်ပြီး အမှတ်တရ ရေးခဲ့ဖူးပါတယ်။ ကျနော် ကိုယ်တိုင်လဲ ‘ချစ်စွာသော ကိုသိန်းတင်’ လို့ခေါင်းစည်းတပ်ပြီး ပထမဆုံး ‘ခေတ်ပြိုင်’ ကနေ ရေးခဲ့ဖူးပါတယ်။ နောက်တော့ - ‘သံတိုင်ကြား ကြွေ သွားရတဲ့ ကြယ်စင်တွေ’ ဆိုပြီး ရုပ်ပုံလွှာပေါင်းချုပ်အဖြစ် (၂၀၀၁) ခုနှစ်ထဲမှာ ထုတ်ဝေတဲ့အခါ ‘ချစ်စွာသော ကိုသိန်းတင်’ လဲ ပါဝင်ခဲ့ ပါတယ်။ ပြီးတော့ - ကျနော်အင်မတန် ချစ်ခင် လေးစားတဲ့ ဦးလေးဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး ဦးခင်မောင်မြင့်) ထောင်ထဲမှာပဲ သူရဲ ကောင်းပီသစွာ ကျဆုံးကွယ်လွန်ခဲ့ရတာ ဟာလဲ အခုလို ဖေဖေါ်ဝါရီလထဲမှာပဲ မဟုတ်လား။

ဒီနှစ် ဖေဖေါ်ဝါရီလဆန်းကတည်းကပဲ အမေရိကန်မှာနေတဲ့ မိတ်ဆွေတယောက်က ဦးမြသန်းတင့်နဲ့ ပတ်သက်တဲ့ ကဗျာ ဆောင်းပါး ရုပ်ပုံလွှာ တခုခု ရေးထားတာများမရှိဘူးလား၊ ရှိရင်ပေးစမ်းပါလို့ ကျနော့်ဆီ လှမ်းစာရေးခဲ့ပါ သေးတယ်။ ဦးမြသန်းတင့်ဆိုတာ ဘယ်လို စာရေးဆရာကြီးလဲဆိုတာ တော်တော်များများ သိပြီးဖြစ်ပါတယ်။ ထောင်လဲ ကျဖူး၊ ကျွန်းလဲ အပို့ခံရဖူးရုံမက မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေမှာ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ဗဟိုကော် မီတီဝင်အဖြစ်လဲ ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်လား။ ထောင်ကို ဘ၀တက္ကသိုလ်လို့ မကြာခဏရေးခဲ့ပြီး၊ ကျွန်းကအပြန်မှာတော့ ကျွန်းကို နောက်ခံကားအဖြစ်ထားတဲ့ သူ့ရဲ့နာမည်ကြီး ၀တ္ထုကြီး ‘ဓါးတောင်’ ကိုရေးခြယ် ခဲ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ပတ်ထဲကပဲ အမေရိကန်မှာပဲနေနေတဲ့ ကျနော့်ရဲ့ မိတ်ဆွေကြီး ကိုစိုးချိန်ကလဲ ကျနော့်ဆီဖုန်းဆက်ပြီး ကိုနိုင်ဝင်း ( နိုင်ဝင်းဆွေ) ရဲ့ဇာတိရပ်ရွာ နောက်ခံနဲ့မိဘဆွေမျိုးသားချင်းတွေအကြောင်း မှတ်မှတ်ရရမေးလာပြန်ပါတယ်။ ဂျပန်က အာ ဟာရ စာစောင်ကလုပ်မယ့် ဆရာမြသန်းတင့် - နိုင်ဝင်းဆွေ အမှတ် တရနဲ့ စာစောင်အထိမ်းအမှတ်အတွက် သိလိုရာရာလေးတွေ အချက်အလက်လေးတွေကို စုဆောင်းပေးဖို့ တ ဆင့် မေးမြန်း ကြည့်တာပါ-တဲ့။ ကျနော့်မှာ တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေချည်း အဆက်မပြတ် ဖြစ်နေခဲ့ ရပါတယ်။
အဲဒီလို ဖေဖေါ်ဝါရီလထဲမှာ တိုက်တိုက်ဆိုင်ဆိုင်အမှတ်ရစရာတွေကို တသီတတန်းကြီးသတိရနေမိဆဲမှာပဲ၊ ဟော - - ဖဒိုမန်းရှာ တယောက် ကျဆုံး ကွယ်လွန်သွားရပြန်ပြီ - တဲ့ ။
တနေ့ကပဲ ကျနော့်ဇနီးသည်က ပန်းသီး အခွံနွှာဖို့အရိုးဝါ၀ါနဲ့ဓါးလေးကို ထုတ်ယူလာတော့ ‘ဒါ - ဖထီးဖဒို မန်းရှာ ပေးခဲ့တဲ့ ဓါးလေးကွ - ’ လို့ပြောမိ သေးတယ်။ အခုတော့ ဖဒိုမန်းရှာတယောက်လဲ ဆုံးပါးရပြန်ပြီ။ ဥရောပမှာတော့ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ဟာ ‘ချစ်သူများနေ့’ ပေါ့။ ချစ်သူတွေက ချစ်သူတွေ ကိုချစ်စရာ နှင်းဆီပန်း လှလှလေး တွေပေးကြ၊ မေတ္တာရဲ့ အမှတ်အသားတွေကို မွှေးမြတဲ့နှင်းဆီပန်းဖူး ပန်းငုံလေးတွေနဲ့ ဆွတ်ဆွတ်ပျံ့ပျံ့ပို့သ ဖေါ်ပြနေကြတဲ့ အချိန်မှာ၊ ပြည်တွင်းစစ်မီး အရှိန်တငြီးငြီး တောက်လောင်နေရဆဲ ကျနော်တို့ နိုင်ငံလို ငြိမ်းချမ်း ရေးငတ် ဒီမိုကရေစီငတ် အမျိုးသားသွေးစည်းညီညွတ်မှုငတ် နိုင်ငံတွေအဖို့မှာတော့၊ မုန်းသူတွေက မုန်းသူတွေ ကို ကျည်ဆံတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေနဲ့ပဲ ယုတ်ယုတ်မာမာ ပက်ပက်စက်စက် ပေးဝေဖေါ်ပြ နေကြပါ ရော့ ကလား။ ဖဒိုမန်းရှာလို ပုဂ္ဂိုလ်တယောက် သွေးမြေကျခဲ့ရတာ ကြေကွဲစရာပါပဲ။
( ၂ )
အကြောင်းအမျိုးမျိုးကြောင့် ၀နယ်ကနေ မာနယ်ပလောဆီ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ကို တာဝန်ယူခေါ်ဆောင် သွားခဲ့သူဟာ ဖဒိုမန်းရှာပါ။ ပြည်တွင်းမှာ ကိုနိုင်ဝင်းနောက်ဆုံး ထုတ်ဝေသွားခဲ့တဲ့ လုံးချင်းဝတ္ထုရှည် စာအုပ်ကြီး ဟာ ‘ရေဆန်လမ်း’ ပါ။ ဒီရေဆန်လမ်းဝတ္ထုကြီးကို ကိုနိုင်ဝင်းဟာ ကျနော်နဲ့အတူနေနေ တဲ့ကာလ၊ အင်းစိန်ဖေါ့ ကန်က တဲစုတ်သာသာ အိမ်အိုလေးထဲမှာပဲ တကုပ်ကုပ် အထပ်ထပ် ရေးနေ ခဲ့ပါတယ်။ ကျနော့်ရှေ့မှာပဲ ရေးနေခဲ့တာ ဖြစ်တော့၊ တခါတရံ သူဈာန်ဝင် ရေးသားနေချိန်တွေမှာ ကျနော်ကပဲ ပန်းခူး ရေလောင်း အလုပ် တွေ ၀င်ဝင် လုပ်လိုက်ရတာ ခဏခဏပါပဲ။ တဲသာသာ အိမ်အိုလေးရဲ့ရှေ့မှာက နှင်းဆီနီ ခင်းကြီးဟာ ကျနော်တို့အတွက် ရင်လှိုင်း ခုန်ဖွယ် သက်ဝင်ပန်းချီကားတချပ်သာ မဟုတ်၊ ကျနော်တို့ရဲ့ အဓိကထမင်းအိုးကြီးလဲ ဖြစ်နေရတဲ့ ကာ လမဟုတ်လား။ ကိုနီဟိန်းနဲ့ ကိုကြည်နိုင် ရေးလာခဲ့တဲ့ ‘ရေဆန်လမ်းအတွက်အမှာ’ ကို ကျနော်တို့ ၀ိုင်းဝန်းဖတ်ရှု ဝေဖန်အတည်ပြု ပေးခဲ့ကြပါတယ်။ ကိုနိုင်ဝင်းက တော်လှန်ရေးကို ရေဆန်လမ်းအဖြစ် မြင်ခဲ့ပါတယ်။ ရေဆန် လမ်းအဖြစ် ပမာတင်ခဲ့ပါတယ်။ စာပေအနုပညာယဉ်ကျေးမှု စစ်မျက်နှာမှာလဲ ယဉ်ကျေးမှုဟောင်းကို ဆန့်ကျင် ပြီး ယဉ်ကျေးမှုသစ်ဆီ ရှေ့ရှုရာမှာ၊ တော်လှန်တဲ့စာပေ အနုပညာဟာ ဖောက်ပြန်တဲ့စာပေအနုပညာကို တိုက်ပွဲ ဆင်ရင်း၊ ဖောက်ပြန်တဲ့ရေပုပ်မြောင်း ရေစီးဟောင်းကို ဆန့်ကျင်ပြီး တွန်းလှန်ဆန်တက် လှော်ခတ်ရတဲ့ ရေဆန် လမ်းအဖြစ် နိ မိတ်ပုံယူခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုက်တာ မကြိုက်တာတွေ ခဏထား၊ ဒီစာအုပ်နဲ့ပတ် သက်ပြီး အသံပလံတွေတော့ တော်တော်လေး ထွက်ခဲ့ပါတယ်။ ဆရာစွမ်း (မောင်စွမ်းရည်) ကဆိုရင် - သူ့ရဲ့ ‘မြန်မာစာပေ ဘာလဲ ဘယ်လဲ’ ထဲမှာ ရေဆန်လမ်း ဝေဖန်ရေးထဲမှာ ‘ -- နိုင် ၀င်းဆွေရေ - တွေ့လား တွေ့လား ကျောက်ဆောင်’ လို့တောင် ရေးခဲ့ဖူးပါတယ်။
ဒီနေရာမှာ ထပ်ပြီး တိုက်ဆိုင်လာပြန်တာက၊ ဖဒိုမန်းရှာရဲ့ ကလောင်နာမည်တခုဟာလဲ ‘ရေဆန်’ ဆိုတာပါပဲ။ ရေ ဆန်လမ်းရဲ့လက်ရာရှင် ကိုနိုင်ဝင်းဆွေကို ၀နယ်ကနေ မာနယ်ပလောဆီ တာဝန်ယူခေါ်ဆောင်လာခဲ့သူဟာ ဖထီး ဖဒိုမန်းရှာပါ။ ‘ရေဆန်’ ဆိုတဲ့ ကလောင်ရှင် ဖဒို မန်းရှာပါ။ ကိုနိုင်ဝင်းက သူ့ရဲ့ ‘ရေဆန်လမ်း’ ကို ဘာလို့ ရေဆန်လမ်းလို့ နာမည်တပ်ခဲ့တာလဲဆိုတာတော့ ထိုက်သင့်သလောက် သိရှိခဲ့ ပြီးဖြစ်ပေမဲ့၊ ဖဒိုမန်းရှာက ဘာလို့ ‘ရေဆန်’ ဆိုတဲ့ ကလောင်နာမည်ကို ခံယူခဲ့သလဲ ဆိုတာကိုတော့ ခုချိန်အထိ ကျနော်မသိပါ။ ‘ရေဆန်’ ဆိုတဲ့ ကလောင်ရှင်ရဲ့ဆောင်းပါးတွေ လက်ရာတွေကိုတော့၊ ကရင်ဘာသာနဲ့ရော ဗမာဘာသာနဲ့ပါ ထုတ်ဝေနေတဲ့ ‘သနူထူ’ ဂျာနယ်မှာ မကြာခဏတွေ့ရ မြင်ရ ဖတ်ရှုရရင်း ထူးထူးခြားခြားသတိမူမိ မှတ်သားမိနေပေမဲ့၊ ‘ရေဆန်’ ဆိုတာ ဖထီးမန်းရှာမှန်း၊ ကွဲကွဲပြားပြား သိရ တာတောင် သိပ်မကြာလှသေးပါ။ ကိုနိုင်ဝင်းဆွေ ကွယ်လွန်ခြင်း (၁၀) နှစ်မြောက် ‘မဟူရာမေတ္တာရှင်၏ တော်လှန်ရေးစာပေ မှတ်တိုင်’ ဆိုတဲ့ အထိမ်းအမှတ်စာအုပ် ထွက်လာတဲ့ (၂၀၀၅) ခုနှစ်ထဲကမှ၊ ဆရာရေဆန်ရဲ့ ကိုနိုင်ဝင်းဆွေ အမှတ်တရ ‘တောင်ရိုင်းပေါ်က တေး ပန်းချီ’ ကို ဖတ်ရ ရင်း ပြက်ပြက်ထင်ထင် သိရှိလာခဲ့ရတာ ဖြစ်ပါတယ်။
ကိုနိုင်ဝင်းတယောက် ၀နယ်ကနေ မာနယ်ပလောကို ဖထီးဖဒိုမန်းရှားတို့နဲ့ လိုက်ပါသွားခဲ့တာဖြစ်တယ် ဆိုတာကိုတော့၊ ကျနော် တရုတ် ပြည်ဖက်ခြမ်း ရောက်စကတည်းက သိပြီးဖြစ်တဲ့အတွက်၊ ကျနော် ပထမဦးဆုံး ဖထီးဖဒို မန်းရှာနဲ့ လူချင်းစတင်ဆုံဆည်းခွင့်ရစဉ် - ဟိုလွန် ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာ ကာလကတည်းက ကိုနိုင်ဝင်းဆွေ ဘယ်လို ကျဆုံးသွားခဲ့ရသလဲဆိုတာရဲ့ အဖြစ်သနစ်ကိုတော့ ဖထီး ဖဒိုမန်းရှာကို ကိုယ်တိုင်ကိုယ်ကျ မေး မြန်းခဲ့ဖူးပါတယ်။ ဖထီး ဖဒိုမန်းရှာကလဲ ကိုနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ကျနော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ဖူးပါတယ်။ လေအေးအေးလေးနဲ့ပဲ တလုံးချင်း တချက်ချင်း ဖြေးဖြေးဆေးဆေး ရှင်းပြ ပြောဆို နေတဲ့ ဖဒိုမန်းရှာရဲ့ မျက်နှာပေါ်မှာတော့ ခံစားမှုအရိပ်တွေ သိသိသာသာေ၀၀ဲနေတာ အတိုင်းသားတွေ့ နေရပါတယ်။ မာနယ်ပလော လက်လွတ်ခဲ့ရမှုနဲ့ဆက်စပ်ပြီး ပြောဆိုနေရတာဖြစ်တဲ့အတွက် သူ့လေသံဟာ တချက်တချက် ဆို့နစ်ဆိုင်းပျနေသလို၊ အင်မတန် ကရင် ပီသ လှတဲ့ သူ့မျက်နှာပေါ်က ကရင်မေးရိုး ကားကားကြီး ဟာလဲ တင်းကနဲတင်းကနဲ ရံဖန်ရံခါ ဖြစ်ဖြစ်သွားတာ သတိထားမိလိုက်ပါတယ်။ အဲဒီတုန်းက ဖထီးဖဒိုမန်းရှာ ဟာ NLD – LA က ဥက္ကဋ္ဌ - ဦးတင်အောင်တို့နဲ့ အတူတူ ဂန္ဓာလရာဇ်ဖက်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ ရောက်လာနေစဉ် တလျောက်လုံး သူတို့လျှို့ဝှက် တည်းခိုနေရာ တည်းခိုခန်းကို ကျနော်နေ့စဉ် မှန်မှန်ရောက်နေ ရပါတယ်။ တခါ တရံ မနက်အစောကြီးကတည်းက အဖေါ်သွားလုပ်နေရရင်း၊ ညမိုးချုပ်မှ အိမ်ပြန်ရတဲ့ အခါမျိုးတွေလဲ ရှိခဲ့ဖူးပါတယ်။ မနက်စာရော ညစာပါ သူတို့တွေနဲ့ပဲ အတူတူစားဖြစ်ခဲ့ရတာတွေလဲ အကြိမ်ကြိမ်ပါ။ အများ အားဖြင့်တော့ တည်းခိုရာဟိုတယ်နဲ့ သိပ်မဝေးလှတဲ့ နေရာ က ကြုံရာ ရှိရာ စားသောက်ဆိုင်လေးတွေမှာပဲ စားဖြစ် ကြတာ များပါတယ်။ မနက်စောစောစာစားရင် ဦးတင်အောင်နဲ့ ဖထီးဖဒိုမန်းရှာက တိုဟူးပျော့နဲ့ ရှမ်းခေါက်ဆွဲကိုပဲ မကြာမကြာ စားတတ်ကြပါတယ်။ နေ့လည်စာ ညနေစာ ထမင်းစားကြပြီဆိုရင်တော့ ‘ဖထီး ဘာစားမလဲ-ကြည့် လေ-’ လို့ပြောရင် သူက မြစ်ဝကျွန်းပေါ်သား ဇာတိပြလာသလားမသိပါ၊ ငါးဒါမှမဟုတ် ပုစွန်ဆိတ်သေးသေးလေး တွေကို လက် ညှိုးထိုး ပြလေ့ရှိပြီး၊ ပုစွန်ဆိတ်သေးသေးလေးတွေကို နီနေအောင်ကြော်ထားတာကို နှစ်နှစ်သက် သက် စားလေ့ရှိပါတယ်။ တခါတော့ သူကြိုက်တတ်မှန်းသိလို့ တဦးက နောက်တပွဲမှာလိုက်တဲ့အတွက် အဲဒီနေ့ ညစာ အပြီးမှာ ပုစွန်ဆိတ်ကြော်လေးတွေက မကုန်ပဲ တော် တော်ကို ပိုကျန်နေပါတယ်။ အဲဒါကို ဖထီးက ဆိုင်ရှင်ဆီ ကျွတ်ကျွတ်အိတ်လေးတောင်းပြီး အိတ်ထဲအကုန် ထည့်ပါတယ်။ ကျနော်က သူ အခန်းထဲရောက်တဲ့အခါ ရေနွေးကြမ်းနဲ့ မြည်းဖို့ ယူနေတာနေမှာလို့ တွေးမိလိုက်ပါတယ်။ လတ်စသတ်တော့ - ဘယ်ဟုတ်မလဲ၊ ထုပ်ပြီးတဲ့ အခါ ‘ခင်ဗျား - အိမ်ကိုယူသွားပါဗျ၊ နှမြောစရာကြီးဗျာ - အိမ်မှာ ကလေးတွေ စားရတာပေါ့ - ’ လို့ပြောပြီး ကျနော့် ကို ထိုးပေးတာကိုလဲ အကြောင်း တိုက်ဆိုင်တိုင်း မကြာမကြာသတိရစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ချိုးခြံ ချွေတာတတ်မှုကို ကျနော်ဖျတ်ကနဲ မြင်လိုက် ရပါတယ်။
ဖထီးနဲ့ ထမင်းအတူစားဖြစ်ခဲ့တဲ့ အကြိမ တော်တော်များများ ကြုံခဲ့ရရာမှာ ကျနော် သတိထားမိတာ တခုက ဖဒို မန်းရှာ အရက်သောက် လေ့ မရှိတာလဲ ပါ ပါတယ်။ ညစာ စားကြတဲ့အချိန်မှာ တော်တော်များများကတော့ အရက်သောက်ကြလေ့ ရှိပါတယ်။ အနိမ့်ဆုံး ဆေးဖြစ် ၀ါးဖြစ်တို့ မိတ်ဖြစ်ဆွေဖြစ်တို့၊ လူကြီးလူ ကောင်းသောက်တို့ ဆိုတာတွေလောက်တော့ အများတကာ့အများစုကြီက သောက်ကြစားကြ ပါတယ်။ အဲဒီထမင်းစားပွဲတွေထဲမှာ ဖထီးသောက်တာ မတွေ့ရပါ။ ထိုင်းဖက်မှာ တခြားနေရာတွေမှာ သောက်မသောက်တော့ ကျနော် မသိပါ၊ ဂန္ဓာလရာဇ်ဖက်မှာ ကျနော်တို့နဲ့အတူဆုံဖူး စားဖူးကြစဉ်တွေတိုင်းမှာတော့ ဖထီးတခါမှ အရက်သောက်လေ့ မရှိတာကို ကျနော် သတိထားမိပါတယ်။ သူများတွေ အရက်သောက်နေချိန်မှာ ဖထီးကတော့ ဟင်းချိုပူပူ ဒါမှမဟုတ် ရေနွေးကြမ်းကိုပဲ တဖူးဖူး မှုတ်သောက် နေတတ်ပြီး၊ အသားထက် ဟင်းသီးဟင်းရွက်တွေကိုပဲ ပိုကြိုက် ပိုစားတတ် တာကိုလဲ မြင်လိုက်ရ သတိထားမိလိုက်ရပါတယ်။ အသီးလဲ တော်တော် ကြိုက်တာ တွေ့လိုက်ရပါတယ်။ အခန်း ထဲမှာ ပန်းသီး ဒါမှမဟုတ် တရုတ်လို ‘လိဇစ်’ လို့ခေါ်တဲ့ တရုတ်သစ်တော်သီး အရည် ရွှမ်းရွှမ်းတွေကိုတော့၊ ဒီဖက် ရောက်မှ ဟိုတယ်ဘေးက ဆိုင်လေးတဆိုင်က ကောက်ဝယ်လိုက်တဲ့ အရိုးဝါ၀ါ ဓါးလေးတချောင်းနဲ့ အခွံနွှာ ပြီး အားရပါးရစားနေလေ့ ရှိပါတယ်။ (သူပြန်တော့ - ကျနော့်ကို အဲဒီ ဓါးဝါ၀ါလေးကိုလဲ အိမ်ယူသွားဖို့ပေးထားခဲ့လို့ အဲဒီဓါးဝါ၀ါလေးကို မြင်တိုင်း ဖျတ်ကနဲ ဖျတ်ကနဲ သတိရမိတတ်တာ၊ ဖထီးမဆုံးခင် တရက်ကျော်ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဇနီးသည်ကို ပြောမိသေးတာ ဖြစ်ပါတယ်။)
အဲဒီတုန်းက တည်းခိုရာအခန်းထဲမှာ တရုတ်တီဗွီလဲရှိရာမှာ တီဗွီလိုင်းတော်တော်များများ ဖမ်းယူကြည့်ရှုလို့ ရပေမဲ့၊ ဖထီးကတော့ အမြဲ တန်းလိုလို ဂန္တ၀င်မြောက် တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကိုပဲ စိတ်ဝင် စားစွာ ကြည့်နေလေ့ရှိပြီး၊ ပြောက်ကျားတိုက်ပွဲ ကားတွေ ယူဂျီလှုပ်ရှားမှုနောက်ခံ ရုပ်ရှင်ကားတွေကိုလဲ သဘောတကျ ကြည့်နေတတ်တာ တွေ့လိုက်ရပါတယ်။ သူ စိတ်ပါဝင်စားစွာ စူးစူးစိုက်စိုက် ကြည့်နေပြီဆိုရင် - သူ့မျက်နှာ ပေါ်က သိသိသာသာ ပေါ်လွင်နေတဲ့၊ သူ့ရဲ့ထူထူထဲထဲ မျက်ခုံးမွှေး ရှည်ရှည်ကားကားကြီး အစုံ အောက်က မျက်လုံးတွေဟာလဲ စူးစူးရှရှဖြစ်နေတတ်တာ တွေ့ရပါတယ်။
တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကို ကြည့်နေရာက၊ အလ္လာပ သလ္လာပစကား ဆက်စပ်ပြောမိကြရာမှာ ကရင့်တော်လှန် ရေး သမိုင်းကြောင်းထဲက စောဘဦးကြီး၊ မန်းဘဇံနဲ့ မုဆိုးကော်ကဆာအကြောင်းလဲ ဖထီးဆီက တပိုင်းတစ ကြားလိုက်ရပါတယ်။ မုဆိုး ကော်ကဆာ ဘာလို့သမိုင်းဇာတ်ခုံ ပေါ်ကနေ ဇာတ်ခုံအောက် ရောက်သွားရသလဲ ဆိုတာရဲ့ ပုဂ္ဂိုလ်ရေး သဘောသဘာဝ တစွန်းတစကို အမှတ်မထင်ဖျတ်ကနဲ ကြားလိုက်ရပါတယ်။ သမိုင်းမှာ တာထွက်ကောင်းခဲ့ကြပေမဲ့၊ တချို့သော အထင်ကရ သမိုင်းဇာတ်ဆောင်ကြီး တွေ၊ ဇာတ်ကောင်ကြီးတွေဟာ လမ်းခုလတ်မှာပဲ သမိုင်းဇာတ်ခုံပေါ်ကနေ ရုပ်ပျက် ဆင်းပျက် ဆင်းပြေးကြရ ပျောက်ကွယ် သွားကြရတာ ဟာ အဓိကကတော့ နိုင်ငံရေးရပ်တည်ချက်ကြောင့်ဆိုတာ သံဝေဂယူဖွယ် ကြားလိုက်ရပါတယ်။ ဖဒိုမန်းရှာရဲ့ တော်လှန်ရေး စိတ်ဓါတ်နဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို ဖျတ်ကနဲ ကျနော် မြင်လိုက်ရပါတယ်။

( ၃ )
ကျနော့်တဦးချင်းအနေနဲ့ ဖဒိုမန်းရှာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ - သူတို့တတွေ ကေအိုင်အိုနဲ့တွေ့ဆုံဖို့ လာကြတဲ့ အခေါက် တုန်းက အဖြစ် အပျက်လေးတွေကိုလဲ ရံဖန်ရံခါ သတိရမိနေပါတယ်။
အဲဒီတုန်းက ဖဒိုမန်းရှာနဲ့အတူတူ ဂန္ဓာလရာဇ်ဖက် ရောက်လာကြသူတွေကတော့ ဦးခွန်မာကိုဘန်နဲ့ ကိုအောင် စောဦး။
အဲဒီ အခေါက်တုန်းက သူတို့က ကျနော်တို့နေတဲ့ မြို့ဖက်ဆီကို ရောက်မလာပဲ၊ ကေအိုင်အိုဌာနချုပ်နဲ့ သိပ်မ ဝေးလှတဲ့ တရုတ်ဖက်ခြမ်းက မြို့လေးတ မြို့ဆီ တန်းပြီးဝင်လိုက်ကြတော့၊ ကိုမြမောင် (ကိုအောင်ကျော်ဇော) နဲ့ ကျနော်က သူတို့ရောက်နေရာ ‘ယင်ကျန်း’ အထိသွား တွေ့ရတဲ့ အခေါက်ဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ ချိန်းဆိုထား ကြပြီး သူတို့က တည်းခိုခန်းတခုမှာတည်းရင်း စောင့်နေကြတာ ဖြစ်တဲ့အတွက်၊ ကိုမြမောင်နဲ့ကျနော်ကလဲ သူတို့ တည်းတဲ့ တည်းခိုခန်းမှာ သွားမတည်းတော့ပဲ၊ နှစ်ယောက်သား တခြားတည်းခိုခန်းတခုမှာ တည်းလိုက် ကြပါ တယ်။ ကိုမြမောင်နဲ့ ကျနော်ဟာ နှစ်ယောက်ခန်းတခုကို ယူလိုက်ကြပြီး၊ ပါလာခဲ့ကြတဲ့ ခရီးဆောင်အိတ် သေး သေးလေး နှစ်လုံးကို ကိုယ်တည်းမယ့်အခန်းလေးထဲမှာပဲ ချန်ထားခဲ့ကြကာ ဖထီးတို့ဆီ သွားတွေ့ကြပါတယ်။ ရောက်ရောက်ချင်း မျက်နှာသွားပြနှင့်တဲ့ သဘော ပါ။ ဖထီးတို့ သူတို့ကိစ္စတွေနဲ့သူတို့ - လုပ်စရာရှိတာတွေ လုပ်ကြ၊ ချိန်းထားသူတွေနဲ့တွော့က ဆုံကြပြီးတဲ့နောက်မှ၊ အားတဲ့ အချိန်နဲ့ အခြေ အနေကိုကြည့်ပြီး နောက်ထပ် အေးအေးဆေးဆေးသွားတွေ့ကြ ဖို့ရည်ရွယ်ပြီး သွားတွေ့ကြတာပါ။ ထင်ထားတဲ့အတိုင်းပဲ ဖထီးတို့နဲ့ ချိန်း ထားတဲ့ ဧည့်သည်တွေရဲ့ ကားဝင် ကားထွက်တွေကိုလဲ ဟိုတယ်ဝင်းကြီးထဲ ရောက်ရောက်ချင်း မြင်နေရတဲ့အတွက်၊ သူတို့ အားမယ့် အချိန် ညပိုင်းမှပဲ ထပ်လာတော့မယ်လို့ ပြောပြီး နှစ်ယောက်သား တည်းခိုရာဆီ ပြန်လာကြပါတယ်။ လမ်းမှာ ကိုမြမောင်က ဖထီးကို မှတ်မှတ်ရရ လက်ဆောင်ပေးဖို့ အင်္ကျီနှစ်ထည်ပါလာခဲ့တာကို ပြောပြပါတယ်။ သူ့မိတ်ဆွေတွေဆီကရထားတဲ့ ဒီ အင်္ကျီနှစ်ထည်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖထီး ဒီဖက်ရောက်လာတာနဲ့ကြုံတုန်း၊ လက်ဆောင်ပေးဖို့ အကောင်း ဆုံးဖြစ်သွားရတာကို သူကပြုံးပြုံး ပြုံးပြုံးနဲ့ ပြောပြပါတယ်။ ‘အင်္ကျီတွေက အင်ဒိုနီးရှားပါတိတ်အစစ် အင်္ကျီတွေဗျ -’ လို့ပြောတဲ့အတွက် ကနုတ်ပန်းခွေ ပန်းနွယ်ဒီဇိုင်း လှလှလေး တွေနဲ့ အရောင်စိုစို အင်ဒိုနီရှားပါတိတ်အင်္ကျီတွေကို ၀တ်လေ့ရှိတဲ့ ဆရာတာရာကိုတောင် ကျနော်က ဖျတ်ကနဲ သွားသတိရလိုက်မိပါ သေးတယ်။
ငှါးထားတဲ့ အခန်းလေးထဲ နှစ်ယောက်သားပြန်ရောက်ကြတော့၊ ကိုမြမောင်က ကုတင်ပေါ်တင်ထားခဲ့တဲ့ သူ့ ခရီး ဆောင်အိတ်လေးကို ဆွဲဖွင့်လှစ်ရင်း ‘ဟာ - သွားပြီ ’ ဆိုတဲ့အသံပါ ထွက်လာပါတော့တယ်။ ကျနော်က ဘာလို့လဲ ဆိုတဲ့ သဘောမျိုးနဲ့ သူ့မျက်နှာကို ကြည့် လိုက်တော့၊ ‘ဖထီးအတွက် ယူလာခဲ့တဲ့ ပါတိတ်အင်္ကျီ နှစ်ထည်လုံး - ပါ သွားဘီ၊ တထည်မှကို မရှိတော့ဘူး၊ နှစ်ထည်လုံးကို အကုန် မ သွားတာပဲ တောက်’ ဆိုတဲ့အသံ ထပ်ထွက်လာပါ တော့တယ်။ အခန်းတံခါးကို ဂျက်ကောင်းကောင်းကျအောင် ချသွားပိတ်သွားခဲ့ပါ လျက်နဲ့ ဒီအခန်းတွေအကြောင်း ကောင်းကောင်းသိထားတဲ့၊ ဒီတည်းခိုခန်းက တာဝန်ကျ အခန်းသော့ကိုင် ကောင်မလေးတွေနဲ့ တစုံတရာ ဆက် စပ်ပတ်သက်နေတဲ့ အတွင်းသူခိုး တယောက်ယောက်က ကျနော်တို့ အပြင်သွားနေတုန်း စိမ်ပြေနပြေ ၀င်ယူ ၀င်ခိုး သွားခဲ့တာ ခံ လိုက်ရတာဖြစ်ပါတယ်။ တည်းခိုခန်းပိုင်ရှင်ကို အကျိုးအကြောင်းသွားပြောခဲ့ပေမဲ့၊ ဘာမှ အဖြေမ ထွက်တော့ပါ။ တည်းခိုခန်း ပိုင်ရှင်လုပ် သူရဲ့ သူတို့အလျော်ပေးရမှာနဲ့ နာမည်ပျက်မှာစိုးတဲ့အတွက် ‘ဒီတည်းခိုခန်း မှာ ဒါမျိုး ဒီလိုပျောက်တာ ရှတာမျိုးတခါမှ မဖြစ်ဖူးပါဘူး’ ဆိုတဲ့ သဘောမျိုး ဘူးပိတ်ပြောဆို ဖြေရှင်းလိုက်တာသာ အောင့်သက်သက်နဲ့ ကြားနာခဲ့ရပါတော့တယ်။ ကိုမြမောင်ရဲ့ဖထီးအတွက် တခုတ်တရ ယူဆောင်လာခဲ့တဲ့ ပါတိတ်အင်င်္ကျီ လက်ဆောင်ဟာ တည်းခိုခန်းက ဓါတ်သိအတွင်းသူခိုးရဲ့ ကြားဝင်ဖျောင်တာ ခံလိုက်ရရင်း၊ စိတ် မ ကောင်းစရာ အမှတ်တရတခုသဖွယ်သာ ဖြစ်ခဲ့ရပါတော့တယ်။
ညပိုင်းမှာ ဖထီးနဲ့ကျနော်တို့တွေ - အေးအေးဆေးဆေးစကားပြောခွင့်ရပါတယ်။ အဲဒီတုန်းက ‘ပီဒီ’ တောင် မပေါ် သေးပါ။ ဖထီးက ‘ပီဒီ’ ဆိုတဲ့ နိုင်ငံရေးအန်တုမှု လုပ်ငန်းအကြောင်း စပြောတော့၊ ကျနော်က ‘အန်တုမှု’ ဆိုတဲ့ ဝေါဟာရအပေါ် ဝေါဟာရအရ သိပ်ဘ၀င်မကျ လှတာကို ပြန်ပြောမိပါသေးတယ်။ အန်တုတယ်ဆိုတာ ကိုယ့်ဖက် က သိပ်အနိမ့်ဆုံးအခြေအနေမှာ ရှိနေပြီး၊ ကိုယ်နဲ့ဘယ်လိုမှ ယှဉ်လို့ မ ရနိုင်အောင် တန်ခိုးသြဇာပါဝါ အပြတ်အ သတ်ကြီးလွန်းနေသူ ကိုပြန်ပြီး၊ ယှဉ်ပြိုင်နေတဲ့သဘော ဆောင်တယ်လို့ထင်တယ်။ ဖားတုလို့ ခရုပြိုင်ဆိုတာမျိုး၊ ဆီးစေ့နဲ့ မြင့်မိုရ်တောင်သဘောမျိုး သက်ရောက်နေမှာစိုးတယ်၊ အနက် နိမ့်လွန်းနေမှာ စိုးတယ်လို့ ပြန်ပြောမိခဲ့ သေး တယ်။ အဲဒီတုန်းက ဖထီးက ဖွဖွလေးပြုံးနေခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီလိုသာ ဝေါဟာရအပေါ်မှာ ကျနော် မြင်သလို ပြောကြည့်ခဲ့ ဖူးပေမဲ့၊ ကျနော်ဟာ ‘ပီဒီ’ နဲ့တခါမှ တရားဝင်မပတ်သက်ခဲ့ဖူးပါ။
အဲဒီတုန်းက ဖထီးတို့ ယင်ကျန်းကနေ ပြန်ထွက်ခါနီးမှာလဲ သတင်းတပုဒ်ဝင်လာတဲ့အတွက်၊ ကိုအောင်စောဦးနဲ့ တိုင်ပင်ပြီး၊ ဖထီးတို့ လုံခြုံရေးအတွက် ကျနော့်မှာ တတ်နိုင်သလောက် ကြံဖန် စီစဉ်ပေးလိုက်ရပါသေးတယ်။ ဖြစ်ပုံက ဖထီးတို့ ဒီဖက်ရောက်လာနေတယ်လို့ သတင်းအစအနအနံ့ကို ရလိုက်တဲ့ သူတဦးက ဖထီးနဲ့ တွေ့ချင်လို့ ဆိုပြီး အခုဖထီးတို့ရောက်နေတဲ့မြို့ကို တက်လာနေပြီ - ဆိုတဲ့ အခိုင် အမာ သတင်းတခု ၀င်လာခဲ့တဲ့အတွက် အဲဒီ လူနဲ့ မတိုးမိအောင်၊ ဖထီးတို့လဲ လုံလုံခြုံခြုံနဲ့ တခြားမြို့တမြို့ကို ရောက်ရှိသွားအောင် ကျနော့်ဟာ ကျနော်စဉ်း စားပြီး စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ ဖထီးနဲ့တွေ့ချင်လို့ တက်လာတယ်ဆိုတဲ့ လူဟာ တချိန်ကဖထီးနဲ့ သိ ကျွမ်းခဲ့တာ အမှန်ပဲဖြစ်ပေမဲ့၊ နောက်ဆုံးအနေအထားက စိတ်မချရတဲ့ အဖွဲ့တဖွဲ့မှာ ရောက်ရှိနေပြီး၊ လူကလဲ နေရာတော်တော်များများမှာ နာမည်ပျက်နေသူဖြစ်တဲ့အတွက် မတိုးမိ မဆုံဆည်းမိအောင် အဲဒီလိုအရေးပေါ် စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကိုအောင် စောဦးကလဲ ဖထီးကို သေသေချာချာရှင်းပြပြီး၊ နောက် ဆုံးမှာ ခရီးစဉ်ကို အောင်အောင်မြင်မြင် အရွှေ့အပြောင်းအကူးအဆက် လုပ်နိုင်ခဲ့ကြပါတယ်။ ကျနော့်မှာ ဖထီးတို့ အေးအေးဆေးဆေး သွားလိုရာသွား၊ ရောက်လိုရာ ရောက်သွားကြပြီ ဆိုမှ သက်ပြင်းချနိုင်ခဲ့ ပါတော့တယ်။

(၄)
တကယ်က ကျနော်ဟာ ဖထီးနဲ့ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးဖြစ်ခွင့် များများစားစား မရှိခဲ့ပါ။ ဒါပေမဲ့ စာဖတ်တာကိုလဲ မွေ့လျော်၊ ကိုယ်တိုင်လဲ ‘ရေဆန်’ ဆိုတဲ့ နာမည်နဲ့စာတွေ ဆောင်းပါးတွေရေးနေတဲ့ ဖထီးဟာ ကျနော့်ကို နိုင်ငံ ရေးသမားမှန်းလဲသိ၊ စာပေသမားမှန်း ကဗျာသမား မှန်းလဲ သိနေတဲ့အတွက် ‘ဂျူးလိ ယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ် က မှတ်တမ်းများ’ကို ရှာပေးဖို့ကိုတော့ တခုတ်တရ မှာဖူးပါတယ်။ ကျနော် ကလဲ သူ့ကို ကျနော့်ရဲ့ ပထမဆုံး လုံး ချင်း ကဗျာစာအုပ် ကလေး ‘နိုးနေသော လင်္ကာသည်’ ကို စာပေလက်ဆောင်အဖြစ် မှတ်မှတ်ရရ ပေးခဲ့ဖူး ပါတယ်။
အနက်ရောင် နောက်ခံပေါ်မှာ တငုံတည်းသော နှင်းဆီနီဖူးပန်းချီ မျက်နှာဖုံးလေးနဲ့ ထုတ်ဝေခဲ့တဲ့ မူရင်းကဗျာစာ အုပ်လေးကိုပဲ ရှားရှား ပါးပါး လက်ဆောင်အဖြစ် အမှတ်တရ ပေးခဲ့ဖူးတာပါ။ ‘ရေဆန်’ ဆိုတာ ဖဒိုဖန်းရှာမှန်း သိရ ပြီးတဲ့ နောက်ပိုင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖဒိုမန်းရှာအနေနဲ့ စုံစုံစေ့စေ့ မပြောနိုင်တဲ့ ဖဒိုမန်းရှာရဲ့ နှလုံးသား ထဲက ရင်တွင်းစကားတွေကို ‘ရေဆန်’ ကနေတဆင့် ပြည့်ပြည့်စုံစုံ ကြားနာလိုက်ရတာတွေလဲ ရှိပါတယ်။ ဖဒိုမန်း ရှာကို ဖဒိုမန်းရှာကနေ အပြင်၊ ရေဆန်ကပါ မြင်လိုက်ရတဲ့ ရုပ်ပုံလွှာဟာ ပိုပြီး ပီပီသသ ထင်သာမြင်သာ ရှိခဲ့ပါ တယ်။ ‘ရေဆန်’ ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တွေကို အလျဉ်းသင့် သလို ကျနော် ဂရုတစိုက်ဖတ်ခဲ့ဖူးပါတယ်။ ကရင်ပီသလှတဲ့၊ ကရင်ပီပီ ကရင်မျိုးချစ်စိတ်ဓါတ် မြင့်မားလှတဲ့ ဖဒိုမန်းရှာဟာ သူ့ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တခု ထဲကနေ ‘မျက် မှောက် ကရင်အမျိုးသားများရဲ့ စံတန်ဖိုးဟာ ဘာလဲ’ ဆိုတာကို ဖေါ်ထုတ်ဖွင့်ဆိုရင်း သူ့ရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကို ပြသခဲ့တာ မှတ်မှတ် ထင်ထင် သတိရနေပါတယ်။ သူက ‘ယနေ့လူတွေဟာ စံတန်ဘိုး ဆိုတဲ့ စကားလုံးကို အတော်သုံးနှုန်း ပြောဆိုလာကြပါတယ်။ လူသား တွေရဲ့စံတန်ဖိုး၊ ဥရောပရဲ့စံတန်ဖိုး၊ အာရှရဲ့ စံတန်ဖိုး - စတာတွေကို ပြောနေကြပါတယ်။ ဒီလိုဆိုရင် ကရင်အမျိုးသားများအတွက်၊ အထူးသဖြင့် လူမျိုးတမျိုး အဖြစ်လုံခြုံစွာ ရပ်တည်သွားကြဖို့ ပိုင်းဖြတ် ထားကြတဲ့ ကရင်မျိုးချစ်များအတွက် မျက်မှောက်ကာလ ကရင် အမျိုးသားများရဲ့စံတန်ဘိုးဟာ ဘာလဲ’ ဆိုတာကို မေးခွန်းအဖြစ်မေးလိုက်ပြီး၊ ‘ကရင် လူမျိုးတွေဟာ သမိုင်းမှာ ဘယ်လူမျိုးကိုမှရန်ပြုခြင်း ကျွန်ပြုခြင်းမရှိခဲ့၊ တခြားအမျိုးသားတွေနဲ့ အေးအေးချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတယ်။ ဒါဟာ ကရင်အမျိုးသားတွေရဲ့ စံတန် ဖိုးလား။ ရိုးရိုးအေးအေးနဲ့ ရောင့်ရဲတင်းတိမ် လွယ် တတ်ကြတယ်၊ မာန်မာန မောက်မာထောင်လွှားမှုတွေ နည်းတတ်ကြတယ်၊ ဒါဟာ စံတန်ဖိုးလား။ တာဝန်ကျေ တတ်ကြတယ်၊ မိမိလူမျိုးအပေါ် ကျွန်ပြုထားသူများထံမှာ အမှုထမ်းဖြစ်ခဲ့ရင်တောင် ကျိုးနွံသစ္စာမြဲလေ့ ရှိတယ်။ ဒါဟာ စံလား။’ လို့ စသဖြင့် စသဖြင့် - ဖွင့်ဆိုဖေါ်ပြပြီးတဲ့နောက် သူကိုယ်တိုင် အဖြေပေးလိုက်တာကတော့၊ ‘ကရင် အမျိုးသား တွေဟာ မတရားမှုအပေါ် ဘယ်တော့မှ ဦးမညွှတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဇွဲသတ္တိ’ ပါပဲ လို့ဖွင့်ဆို ဟစ်ကြွေးခဲ့ပါတယ်။ ဖဒိုမန်းရှာက ရေဆန် နေရာကနေ- ‘ကျနော့်အနေနဲ့ကတော့ တွေဝေခြင်းအလျဉ်းမရှိ ရှင်း လင်းပြတ်သားတဲ့ အဖြေကို ပေးပါတယ်။ ဒါကတော့ မျက်မှောက် ကရင်အမျိုးသားတို့ရဲ့ စံတန်ဘိုးဟာ မတရား မှုအပေါ် ဘယ်သောအခါမျှ ဦးမညွှတ်ဆိုတဲ့ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိပါဘဲ။ ဒါကို တိကျရှင်းလင်း စွာ ထင်ဟပ်ပေးနေတာကတော့ ကေအဲန်ယူ ဦးဆောင်တဲ့ ကရင့်အမျိုးသားတော်လှန်ရေးကြီးပါပဲ၊’ လို့ ဖော်ကျူး ခဲ့ပါတယ်။ ဖဒိုမန်းရှာရဲ့ ‘ဦးမညွှတ်’ ဆိုတဲ့စိတ်ဓါတ်ကို ရေဆန်ကနေ ပီပီသသ မြင်လိုက်ရပါတယ်။
ကျနော်လေးစားပါတယ်။

(၅)
ဖဒိုမန်းရှာတယောက် ကျဆုံးသွားရပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရ ကြားလိုက်ရခြင်း စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
သူနဲ့ကြုံရ ဆုံရဖူးစဉ်က သူ့ရဲ့ပြောဟန် ဆိုဟန် ရုပ်ပုံမှန်ကို ဖျတ်ကနဲ ဖျတ်ကနဲ တကျော့ပြန် ပြန်လည် မြင်ယောင် မိနေပါတယ်။ ပြီးတော့ - မီဒီယာ အသီးသီးကနေ ‘ဗျူးသံ’ တွေထဲကနေ - သူ့ရဲ့ခိုင်မာပြတ်သားလှတဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ပေါ်ကနေ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့တဲ့ တိုက်ပွဲခေါ်သံ တုန့်ပြန်သံတွေ ကိုလဲ လတ်လတ်ဆတ်ဆတ်ကြီးပဲ ပြန်လည် ကြားယောင်နေမိပါ တယ်။ ပြီးတော့ - ‘ရေဆန်’ ဆိုတဲ့ ကလောင် တချောင်းဆီကနေ မကြာခဏထွက်ပေါ် ရင့်ကျူးဖော်ထုတ် ပြသလိုက်တဲ့ ကရင့်ဇွဲမာန် ဖား စည်သံတွေကိုလဲ ပဲ့တင်ညံအောင် ပြန်လည်ကြားယောင် မြင်ယောင်နေမိရပါတယ်။ ရေဆန် ဆိုတာ - ရေစုန်မဟုတ်တဲ့အတွက် အားထုတ် ရမှု လုံးပမ်းရမှုတွေ အသင်္ချေနဲ့ဒဏ်ရာဆင့်ရ ဆုံးရှုံးရမှုတွေလဲ တော်တော်ကို များပြားလွန်းလှပါ ကလား။
တနေ့က (ဖေဖေါ်ဝါရီ - ၁ဂရက်နေ့က) ပဲ သူ့ဈာပနကို ဘယ်လိုကျင်းပတယ်ဆိုတာ မီဒီယာတွေကနေ ပြည့်ပြည့်စုံစုံ ကျနော် နားထောင် နေမိပါတယ်။ နှင်းဆီပင်လယ်ကြီးထဲမှာပဲ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့အညီ သရဏ ဂုံတင်သံ အမျှပေးဝေသံတွေရော၊ ခရစ်ယာန်လို ဓမ္မတေးသံ ဆုတောင်းသံတွေပါ ပေါင်းဆက်စီးမျောနေတာ ကြားလိုက်ရ သိလိုက်ရပါတယ်။ ဒီလို ဘာသာကြီးနှစ်ခုရဲ့ မ္မတေးသံတွေ ပေါင်းဆက်စီးမျောနေတဲ့ ဈာပနတခုကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်က ဆရာဗန်းမော်တင်အောင်ရဲ့ဈာပနမှာ ကျနော်ကိုယ်တိုင် မြင်လိုက်ရ သိလိုက်ရ ကြုံလိုက်ရ လိုက်ပါပို့ဆောင်လိုက်ရ ဖူးပါတယ်။ ဒီတခါတော့- ဖထီးဖဒိုမန်းရှာရဲ့ ဈာပနမှာပေါ့။ လေလှိုင်းသံတွေက နေတဆင့် ကြားလိုက်ရ မြင်လိုက်ရ သိလိုက်ရပါတယ်။
ဈာပနကို ကိုယ်တိုင် လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့၊ ဖထီးအတွက် ရက်လည်ဆွမ်းသွတ် အမျှအတန်း ပေးဝေမှုကိုတော့၊ အဝေးကနေ- ဂန္ဓာလရာဇ်ကျေးကနေ - ကနေ့မနက်မှာပဲ ကျနော်တို့တတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် - ဖထီးရေ - အမျှ အမျှ။ ။

(၀င်းတင့်ထွန်း) ၂၀၊ ၂၊ ၂၀၀၈

No comments: