Sunday, February 24, 2008

လာနေပြီ



အရယ် ရပ်
အငို ရပ်
အပြော ရပ်
အစား ရပ်
မျှော်သူ မျှော်၊ စွင့်သူ စွင့်
ကိုယ့် အသက်ရူသံ၊ ကိုယ် ပြန်ကြားရတဲ့
ငြိမ်သက်မှုကြီးအကြား
သူတခွန်း၊ ကိုယ်တခွန်း
တိုး-တိုး၊ တိုး-တိုး
မေးထိုးကာ၊ ခေါင်းငြိတ်ကာ
"လာနေပြီ၊ လာနေပြီ"တဲ့။

သူတို့ကြည့်တယ်
မမြင်ရ
ဒါပေမယ့် သိတယ်။

သူတို့ နားထောင်တယ်
မကြားရ
ဒါပေမယ့် သိတယ်။

ခွေးမဟောင်၊ ကြောင်မလန့်
ကြက်မတွန်၊ ကျီးမသာ
ဒါမေမယ့်၊ မလွဲဘူး
ဒို့သိတယ်၊ မယွင်းဘူး
ဒီခြေသံမျိုး၊ ဒို့ကြားဘူးတယ်
ဒီကြွေးကြော်သံမျိုး၊ ဒို့အော်ခဲ့ဘူးပေါ့
သဲ့သဲ့လား၊ တိုးတိုးလား
ဒို့နားမမှားဘူး။

ရွာဦးက စေတီယံ၊ ဆွဲလွဲသံ ဆရှဲရှဲနဲ
ညောင်ရွက်တွေ တ၀ဲဝဲ ရမ်းနေမှတော့
အနာဂတ်ကို သယ်လာတဲ့
မုန်တိုင်းနီကြီး လာနေပြီပေါ့
ဒီကိုမရောက်သေးလို့သာရယ်။

လက်တွဲဖို့အတွက်၊ လက်တို့ပြောပါ
ခြေလှမ်းပြင်ဖို့အတွက်၊ ခြေတို့ပြောပါ
မိက်စိလျှင်ဖို့၊ မျက်စ ပစ်ပြပါ

လာတဲ့အခါ
သူတို့လည်းပါလာမယ်
ခွပ်ဒေါင်းနဖူးစည်း
ရှာပြီးပြင်ထားပါ
ပိုစတာ ကားချပ်
ရေးဖို့ ပြင်ထားပါ

ဂျင်ကလိကိုလည်း
မြိနေအောင် သွေးထားပါ

မပူပါနဲ့
နေထွက်ချိန်မှာ နေထွက်
နေတက်ချိန်မှာ နေတက်
နေကျချိန်မှာ နေကျ
နေ၀င်ချိန်မှာ နေ၀င်
နောက်ပြီး သန်းကောင်
သန်းကောင့် ဟိုဘက်မှာ
သမိုင်းသစ်
ဒို့လက်နဲ့ ထုဆစ်မယ်။

ဖိုးသံ(လူထု)

No comments: