ဘာသာပြန်သူ-နွေးနွေး
ဒီသစ်ရွက်လေးတရွက်ဟာ ပြောပလောက်စရာမရှိတဲ့ ကြွေရွက်တရွက်ပါ။ နွေတနွေလုံး သူ့အရောင် သူ့အသွေးနဲ့ သစ်ပင်ကြီး တပင်ရဲ့ဝေဆာမှုတွေကြားမှာ မြှုပ်နှံရောယှက်ထားခဲ့ တယ်။ ပြင်းပူတဲ့ နွေနေ့ရက်တွေကိုလဲ သူ့ရဲ့ အစိမ်းရောင် ကဗျာအနုအလှနဲ့ ခြယ်သ ငြိမ်းအေး စေခဲ့ပြီ။
သို့သော် ဆောင်းနှင်းမြူရက်တွေဆီရောက်တော့ တဖျတ်ဖျတ်လှုပ်ခါခတ်နေတဲ့ လေအေးအေး တေးသံစဉ်တို့ အလယ်မှာ သူဟာ တဖြည်းဖြည်း သွေးခြောက်ညှိုးငယ်လာခဲ့ရပြီလေ။ ကိုယ် အင်္ဂါ ရုပ်အဆင်းမှာလဲ ကြာလေ အကြည့်ရဆိုးလေ….။ အကျည်းတန်လေ။
သူပင်မြင့်ကြီးရဲ့ အကိုင်း အခက်မှ လွင့်ပြုတ်စွန့်ခွာ၊ မြေပြင်ကို ကျရောက်ခဲ့ရရှာ။ နောက်ဆုံး သက်ပြင်းလေး တချက်နဲ့အတူ သူ့ရဲ့ ညှိုးလျသိမ်ငယ်တဲ့ အသံတသံဟာ လေထဲ ၀ဲပျံခုန်ဆင်း ကျလာပေါ့။
“အို….ဒီအချိန် ဒီအခါက စလို့ ငါဘာမှ အသုံးမကျတော့။ လူရာသွင်းခံရမှာလဲ မဟုတ်တော့။ ကွယ်….ဆိုးလိုက်တဲ့ ကံရယ်….”
ထိုအခိုက်မှာ ပိုးကောင်ငယ်လေးတကောင်ဟာ သစ်ပင်ကြီးအောက်က ဖြတ်လျှောက်သွား နေပါတယ်။ မကြာခင်ကမှ ကြွေသက်လာတဲ့ ထိုကြွေရွက်ကို မျက်စိရှေ့နားမှာ အခန့်သင့် တွေ့ဆုံမိလေရဲ့။ ပိုးကောင် ငယ်လေးဟာ တခါတည်း သူ့ကိုယ်လေးကို အလိုက်သင့်နွဲ့ပြီး ကြွေရွက်အောက်ထဲ ငုံ့လျှိုခိုဝင်လိုက်တယ်။ ပိုးကောင်ငယ်လေးရဲ့ ၀မ်းသာအားရ ကျူးရင့် လိုက်တဲ့ ဆိုမြည်ဟစ်ကြွေး ကောင်းချီးပေးသံဟာ တောအုပ် ကြီးတခုလုံး ဟိန်းညံသိမ့်ခါ သွားစေပါတော့တယ်။
“အလို….ခြုံစောင်ကောင်းတထည်ပါလား။ ဒီတဆောင်းအဖို့ရာ ငါ စိတ်ပူနေစရာ မလိုတော့ပါ။ လုံလုံနွေးနွေး စိတ်အေးအေး တ၀ကြီးနားနေအိပ်စက်နိုင်ပြီလေ”
(ရူဒေါ့ဂိုလ်စတန်(ဂျာမဏီ)၏ “ကြွေရွက်”ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
5 comments:
ဒီတစ်ဆောင်းအတွက်ပဲရမှာပါ နောက်နှစ်ကြရင် ဒီပိုးကောင်လေးက ပူပင်နေရအုံးမှာပါ အဲ့တော့
အမြဲတမ်းမပူပင်ရအောင် ကိုယ်ပိုင် စုဆောင်းသင့်
မှာပေါ့နော် :P~~~~~~~~~~~~~~~~~~~
စုဆောင်းစရာ မလိုပါဘူး.. ကြွေမယ့် အရွက်တွေ အများကြီးပါ။ အမြဲတမ်းလဲ ကြွေနေကြပါတယ်။ ကြွေတာ ဟာ ဓမ္မတာပါ။ မကြွေတာတော့ သန်းရွှေအရွက်ပဲ ရှိပါတယ်။
စီဘောက်စ်မတွေ့လို့ ဒီမှာပဲ နှုတ်ဆက်သွားပါတယ်။
အလည်ရောက်ကြောင်းပါ။
အလည်လာပြီးစာတွေအားပေးသွားတယ်ဗျို့..
စီဘောက်မတွေ့လို့ဒီမှာပဲအော်ခဲ့တယ်.
အလည်လာပြီးစာတွေအားပေးသွားတယ်..
စီဘောက်မတွေ့လို့ဒီမှာပဲအော်ခဲ့တယ်.
Post a Comment