Sunday, June 1, 2008

"သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ"

ကိုကြည်ထွန်း

ကိုယ်ကမတိုက်ရင် သူက ကိုယ်ကိုတိုက်မယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

အရှင်ဂမ္ဘီရလည်း တိုက်ပွဲဝင်တယ်
ဒေါ်ရေးလည်း တိုက်ပွဲဝင်တယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဗမာပြည်ရဲ့ ကယ်တင်ရှင်ဟာ
ဗမာပြည်လူထုကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ဘူး
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ကျော်ကိုကိုတို့တသိုက်
ရန်သူ့စခန်းကုန်းဖြစ်တဲ့ ရန်ကုန်မှာ
ဒေါင်းအလံထိုးစိုက်လိုက်တော့
အာရုံဦးနေခြည်ကိုတွေ့ရသလိုပ
ဒါ ..
ဗမာပြည်ရဲ့နွေဦးကို ကြိုဆိုလိုက်တာဖြစ်တယ်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီက
ဗမာတပြည်လုံးကို သပိတ်စခန်းဖွင့်ခဲ့တယ်။

သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ
သံခင်းတမန်ခင်းစကားတွေနဲ့
တိုက်ပွဲကို အလွဲသုံးစားမလုပ်ကြနဲ့
ငါတို့ဟာ
တော်လှန်ရေးကိုပဲယုံတယ်။

ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး
တခင်းလုံးမရှုံးချင်ရင်
ရိတ်သိမ်းချိန်မှန်ရမယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ရန်သူဟာ
ဓမ္မန္တရယ်အမှတ်တံဆိပ်ကို
သူ့ရင်ဘတ်ပေါ်သူ ရိုက်နှိပ်ခဲ့ပြီးဖြစ်တယ်။

ရန်သူဟာ
သူ့အခေါင်းကိုသူ
မွန်းမံပြင်ဆင်ပြီးဖြစ်တယ်။

ရန်သူဟာ
သူ့ကိုယ်သူ အမိန့်စာပြန်ဖို့
ရေးသားပြီးစီးပြီးဖြစ်တယ်။

တော်လှန်စရာတွေကများလွန်းသပ
ကိုယ့်ကိုကိုယ်တော်လှန်ရေးကို စတင်ကြ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဓါးတိုနေရင် ရှေ့တိုးခုတ်လိုက်ပါတဲ့
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဥစ္စာရင်လို ဥစ္စာရင်ခဲတဲ့
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ရန်သူ့နယ်မြေထဲမှာ
တော်လှန်တဲ့အင်အားတွေ
ပေါ်ထွက်လာခြေပြီ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ကျယ်ပြန့်သောတပ်ပေါင်းစုပေါ်ထွန်းရေးကို
မျက်မှောက်ပြု၍
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဆူပူအကြမ်းဖက်ရေးသမားလို့
ရန်သူက ကင်မွန်းတပ်ပေးခံရသူမှန်သမျှ
လူထုဘက်က ကျားတွေပေါ့
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

သား ၃ သား ချေမှုန်းရေးကို
ရန်သူက လုပ်တယ်
သား ၃ သား ပေါင်းစည်းရေးကို
ငါတို့က လုပ်တယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

လူအချင်းချင်းနှိပ်စက်ခြင်း ... ကင်းရှင်းကြပါစေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

စစ်အာဏာရှင်ပျက်ပြိုကာအတည်
ပြည်သူ့ခေတ်တွင် တို့တတွေကျောင်းတတ်မည်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ... ပြည်သူတွေသတ်ဖို့မဟုတ်ဘူး
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

အရေးထဲကျ သွေးခွဲမရ
မြေပြန့်တောင်ပေါ်ပင်လယ်ခြားမကျန်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

နာဂစ်သတ်လို့သေတာထက်
စစ်အုပ်စုက
တို့ပြည်သူတွေကို ပိုမိုသတ်ခဲ့
မသေသေးသူတွေကိုလည်း
သေအောင်သတ်ခဲ့
စစ်အုပ်စုဟာ
သူ့အာဏာကလွဲလို
သူဘာကိုမှ တာဝန်မယူခဲ့
အဲဒီ ကံကြမ္မာကို ဒါဏ်ရာတွေကြားကပဲ
ပြောင်းပြန်လှန်ရမယ်
ဒါဟာငါတို့ခေတ်ရဲ့ တာဝန်ဖြစ်ခဲ့ရပြန်တယ်။

ဓနိပင်တန်း မြစ်ကမ်းတလျောက်
ဗေဒါလိုမျောနေတဲ့
တို့ပြည်သူတွေအတွက်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

စစ်အုပ်စုက တို့လူထုကို
အစာဖြတ်ပြီး အသေသတ်နေပြီ
ထလော အငတ်ဘေးကျရောက်သူတို့
ငတ်ရင်းအသေမခံ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာလည်း ၅ နှစ်ပြည့်ပြီ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ
ဒေါ်အောင်ဆန်းစုကြည်လည်း သနားပါတယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

4 comments:

Tea said...

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာလည်း ၅ နှစ်ပြည့်ပြီ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ
ဒေါ်အောင်ဆန်းစုကြည်လည်း သနားပါတယ်
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။

:(

:(

စစ်အစိုးရက လက်က တိုင်းပြည်ကြီးဘယ်တော့များလွတ်ပါ့မလဲ။

RePublic said...

ဖတ်သွားပီခင်ဗျ ၊ ကျေးဇူးပါပဲ ။ အသစ်တင်လည်းပြောပါဗျာ၊၊လာဖတ်ပါ့မယ် ၊၊

nyiyekhaung said...

အရမ်း အဓိပ္ပါယ်ရှိတဲ့ ကဗျာလေး တစ်ပုဒ်ပါ ခင်ဗျာ

ကိုသက်နောင်(phoeniz) said...

မကောင်းမြင်နဲ့ ကြည့်ရင်တော့ မကောင်းမြင်ပေါ့ဗျာ...
အကောင်းမြင်နဲ့ ကြည့် ရင်တော့ အကောင်းမြင် ပေါ့
ကျွန်တော်ကတော့ သမိုင်းကို ပြောင်းလဲနိုင်စွမ်း မရှိတာမို့  ”မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။“
“မိမိ ပတ်ဝန်းကျင်ကိုကောင်းအောင်ကြိုးစားမည်၊ ” ပေါ့။
အလယ်အလတ် လမ်းစဉ်ကိုပဲ သဘောကျပါတယ်။