Saturday, June 21, 2008

တစ်တရားခံကိုသာ ပုန်ကန်တော်လှန်ကြ

ဗဆန်းဇော်
စားစရာမရှိလို့
အလျှူခံပြီးတောင်းစားရပါတယ်
(ဒါဟာ)
နိုင်ငံတကာအမြင်မှာ တိုင်းပြည်သိက္ခာကျစရာဆိုပဲ..။

အသိဥာဏ်တရားခေါင်းပါးလှပြီး
စာနာတရားကင်းမဲ့ပုံက
လက်လွှတ်စပယ်ပြောတတ်လိုက်ပုံက
“မုန်တိုင်းဒဏ်ခံရသူတွေဟာ ကံမကောင်းလို့ဖြစ်ခဲ့ကြတာ” ဆိုပဲ
သမိုင်းမှတ်တမ်းတင်လိုက်ပါရဲ့..။

ပန်းလေးလို့လည်းမလှပ
ငြိမ်းချမ်းစွာ မနေထိုင်ခဲ့ရတဲ့
“ပန်းငြိမ်း ရွာ” သူမ
သမီးလေးရေ….
“အေးအေးစိုး”ရေ…
ဖူလုံပြည့်ဝစွာမနေရတဲ့
အကြင်နာတရားကင်းမဲ့လှတဲ့
မိစ္ဆာအစိုးရခေတ်ကြမှ
သမီးက လူလာဖြစ်ရတယ်ကွယ်…။

သုညခေတ်ဝယ်
လူဖြစ်ရလေ တို့တတွေသည်
သေသော်မှတည့် အော်ကောင်း၏…. ဆိုပြီး
အရှူံးပေးတဲ့လက်လျှော့စကား
မင်းနှလုံးသားမှာမသွတ်သွင်းလိုက်ပါနဲ့ကွယ်…
(ဒါဟာ)…
အသုံးမကျသူတွေရဲ့ဆုံးဖြတ်ချက်အမှားကွဲ့
အားတင်းထားစမ်းဟဲ့
သမီးလေးရဲ့….။

“ဆန်ပြုတ်ဝေရင် မျှစားကြတယ်”
“ပေးတာစား ရှိတာဝတ်တယ်”
“သမီး အသက် ၁၁ နှစ်ရှိပါပြီ ၊ ကျောင်းမနေတော့ပါ”
“အဖေ၊အမေ နဲ့မောင်လေး မုန်တိုင်းထဲပါသွားပြီ”
“ညီမလေးနဲ့မောင်လေးကို တတ်နိုင်သမျှ ကာကွယ်မယ်”
“ဘာလုပ်ရမှန်း မသိပါ”
ဒုက္ခတွေနဲ့ပင်လယ်ဝေ
ဘ၀တွေက ဆိုးဝါးလိုက်ပုံများ
ကြားကြရဲ့လား……..ရဲဘော်တို့၊ မိတ်ဆွေတို့ ၊ ပြည်သူလူထုအပေါင်းတို့……။

နတ်လူသာဓုခေါ်ထိုက်သူတွေထံ
စံမြန်းခိုလှူံပါ သမီးရေ
(ပြီးရင်)…ဘ၀ကိုအားမာန်အပြည့်နဲ့
အနာဂတ်ကိုကြိုဆိုလိုက်ကြရအောင်ကွယ်…။

ရန်သူမျိုးငါးပါး ကပ်ဆိုက်တဲ့ နိုင်ငံပ
တစ်တရားခံကိုသာ ပုန်ကန်တော်လှန်ကြ
ဘုံရန်သူကိုသာ ဦးတည်တိုက်ခိုက်ကြ
နာဂစ် နာကြဉ်းမှုမှသည်
လူထုအောင်ပွဲဆီသို့ … ချီတက်ကြဟေ့….။

ငါတို့ရဲ့ရာဇ၀င်ကြွေး
ဒင်းတို့ပြန်လည်ပေးဆပ်ရမယ်
လည်ဆင်းဒူးထောက်အညံ့ခံစေရမယ်…။

ပြင်ဆင်သင့်တာမှန်သမျှ အကုန်ပြင်ဟေ့
နည်းနာပေါင်းစုံနဲ့ တိုက်ခိုက်ကြဟေ့….
စစ်ဘီလူးအား
ဦးငိုက်မာန်ချ ကျဆုံးပျက်အောင်
ရိုက်ဖျက်ချိုးကြ သည်စနစ်ဆိုး
မင်းဆိုးမင်းညစ်
ငါတို့ခေတ်တွင်နောက်ဆုံးဖြစ်စေကြောင်း…….။

1 comment:

အောင်ကြည်မင်း said...

ဝမ်းနည်း စရာနဲ့ ခံပြင်းစရာတွေ ပြည့်နှက်နေပါတယ်။
မျက်ရည်မကျမိအောင် အံကြိတ်ပြီး ဖတ်ရတယ်။ "မုန်တိုင်းဒဏ်ခံရသူတွေဟာ ကံမကောင်း လို့ဖြစ်ခဲ့ကြ တာ" ဆိုတဲ့ စကားဟာ နားထဲကကို မထွက်ပါဘူးဗျာ။