Sunday, June 15, 2008

ဘုရားကားအောက်၊ မျောက်ကားအထက် ဖွဲ့စည်းပုံဥပဒေ

ဗသြ
နာဂစ် ဆိုက်ကလုံးကြီး လွန်သွားတဲ့နောက်မှာ တိုင်းပြည်မှာ သိန်းချီအလောင်းတွေ၊ သန်းချီ ဒုက္ခသည်တွေနဲ့ ရေတွက်လို့ မရတဲ့ ရောဂါတွေ အပျက်ပုံတွေ ကျန်ရစ်တယ်၊ ဒါ့အပြင် အဲဒီ အနိဌာရုံထက် ပိုရင်သာပိုမယ့် အနိဌာရုံကြီးတခုလည်း ဗမာပြည်တ၀ှမ်းလုံးမှာ ကျန်ရစ်တာ တွေ့ရတယ်၊ အဲဒါကတော့ နအဖစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးပဲ ဖြစ်တယ်။ ဗမာပြည်သားတွေဟာ မုန် တိုင်းရဲ့ ဆိုးကျိုးတွေကို ကိုယ့်ဖာသာပဲ ဖြေရှင်းကြရသလို နအဖ ရဲ့ ဖွဲ့စည်းပုံဥပဒေကိုလည်း ကိုယ့်ဖာသာပဲ ဖယ်ရှားကြရတော့မယ်။

အခုကစပြီး ဗမာပြည် နိုင်ငံရေးမှာ နအဖရဲ့ ဖွဲ့စည်းပုံကို တိုက်ဖျက်ရေးဟာ ဒီမိုကရေစီရရှိရေး တိုက်ပွဲနဲ့ ခွဲမရတဲ့ အရေးကြီး လုပ်ငန်းတရပ် ဖြစ်လာပြီ။ နအဖရဲ့“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”ဆိုတာနဲ့ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီတို့ရဲ့ တိုက်ပွဲဟာ အဓိက ပဋိပက္ခဖြစ်လာတော့မယ်။ နအဖဟာ ဘယ်ကိစ္စ၊ ဘယ်နေရာမှာမဆို သူများတွေ လုပ်တာမှန်သမျှကို “စည်းကမ်းပြည့်ဝတဲ့ ဒီမို ကရေစီ”နဲ့ မကိုက်ညီဘူး။ သူတို့ လုပ်တာ မှန်သမျှဟာ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”နဲ့ ပြည့်ဝတယ်ဆိုတဲ့ အပြောမျိုးတွေကို နားခါး အောင်ကြားကြရတော့မယ်။

စဉ်းစားလိုက်ရင် စစ်တပ်ခေါင်းဆောင်တွေရဲ့ ပါးစပ်ကနေ ဒီမိုကရေစီ စကားပြောနေတာ ရီစရာ အလွန်ကောင်းတယ်။ စစ် တပ် တတပ်ဆိုတာ၊ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဗျူရိုကရေစီနဲ့ ဖွဲ့စည်းရတာပဲဖြစ်တယ်။ ဒါမှသာ အရေးရယ်၊ အ ကြောင်းရယ် ဆိုရင် ရှေ့တန်းကို ထွက်နိုင်၊ စစ်တိုက်နိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ သာမာန် လူထုအပေါ်မှာတော့ တသွေး-တသံ-တမိန့် လုပ်လို့ မရဘူး။ အစိုးရက လူထုရဲ့ အမိန့်ကို နာခံတယ် ဆိုတာ သာ ရှိတယ်။ လူထုကိုကျတော့ ဒီမိုကရေစီ အပြည့်အ၀ ပေးရမယ်။ ဒီမိုကရေစီ အပြည့်အ၀ရှိမှသာ တကယ်တမ်း လူထုပါဝင်တဲ့ လုပ် ငန်းတွေ လုပ်ဆောင် နိုင်မယ်။ ဥပမာ- အခုကြုံတွေ့နေရတဲ့ လေဘေးကယ်ဆယ်ရေးပြဿနာမျိုး။ ဒီမိုကရေစီ အပြည့်အ၀ရှိမှသာ လူ့အဖွဲ့အစည်း သာယာတည်ငြိမ်မှာ ဖြစ်တယ်။ တကယ်တော့ ဗျူရိုကရေစီနဲ့ ဒီမိုကရေစီဆိုတာဟာ ရေနဲ့မီးလိုပဲ အတူတည်ရှိလို့ ရတာမဟုတ်ဘူး။

အခု နအဖ ပြောနေတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာဟာ သူတို့ အုပ်စိုးသူတွေအတွက် ဒီမိုကရေစီ၊ ကျန်လူ အား လုံးအတွက် ဗျူရိုကရေစီဆိုတာပဲ ဖြစ်တယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံဟာ အာဏာယူထားတဲ့ သူတို့အပေါ် လူထုက ဘာမှ မချယ်လှယ်နိုင်ပဲ သူတို့ အုပ်စိုးသူများကသာ လူထုနဲ့ တခြားနိုင်ငံရေးပါတီတွေကို ထင်သလို ချယ်လှယ်လို့ရအောင် ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ အဲဒီ အထဲ က “နိုင်ငံရေးပါတီများ”ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို သူတို့ထင်သလို တည်ရှိခွင့်ပေး၊ သူတို့ ထင်သလို ဖျက်သိမ်းလို့ ရအောင် ရေးထားတယ်။ နိုင်ငံရေးပါတီများဆိုတဲ့ အခန်းအဖွင့်မှာ ရေးထားတာက လက်ရှိပြည်တွင်း မီဒီယာပေါင်းစုံ အဖွင့်မှာပါတဲ့ “ဒို့တာဝန် အရေး သုံးပါး”ထဲက စာသားတွေနဲ့ “နိုင်ငံရေးပါတီ တရပ်သည် နိုင်ငံတော်၏ သစ္စာတော်ကို စောင့်သိ ရိုသေရမည်”လို့ပါရှိတယ်။ ဒါဟာ သူတို့ စစ်တပ်ထဲက စစ်သားတွေ မနက်တိုင်းသစ္စာဆိုသလို နိုင်ငံရေးပါတီတွေကို သစ္စာဆိုခိုင်း နေတာပဲ။ တကယ်ကျတော့ အဲဒီ စစ် သားတွေဟာ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေကို သစ္စာစောင့်သိ ရိုသေနေရတာသာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့လို လုပ်လို့ ဘယ်လိုဖြစ်နိုင်မလဲ။

နိုင်ငံတခုမှာ အခြေခံဥပဒေဆိုတာ ရှိရမှာအမှန်ပဲ။ ဒါပေမဲ့ ဒီအခြေခံဥပဒေဟာ ဘယ်သူတွေ၊ ဘာအကျိုးစီးပွားတွေ ခံစားရဖို့ အတွက် ဦးတည်ရေးဆွဲထားတယ်ဆိုတာ အရေးကြီးတယ်။ စစ်တပ်ထိပ်သီးတွေနဲ့ ဒီအသိုင်းအ၀ိုင်းက လူတွေ ဆွေစဉ်မျိုးဆက် ချမ်းသာ အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမျိုးတော့ မဖြစ်ဘူး။ အခုကိုပဲ ဗမာပြည်မှာ အဖိုးစစ်ဗိုလ်၊ အဖေစစ်ဗိုလ်၊ သားစစ်ဗိုလ် ဆိုတာမျိုးတွေပေါ် နေပြီ။ စစ်သား မျိုးဆက်ကျပြန်တော့လည်း တောင်သူလယ်သမားတွေက မွေးထုတ်ပေးရတာချည်း ဖြစ်နေတယ်။ ရှေ့မှာဆိုရင် အဖိုးက စစ်ဗိုလ်+၀န်ကြီး၊ အဖေက စစ်ဗိုလ်+၀န်ကြီး၊ သားက စစ်ဗိုလ်+၀န်ကြီးဆိုတာတွေ တွေ့လာရတော့မယ်။

ဗမာပြည်ဟာ ဗိုလ်နေ၀င်း စစ်အုပ်စုရဲ့ ဆိုရှယ်လစ်ဆိုင်းဘုတ်တပ် ဖွဲ့စည်းပုံဥပဒေကြောင့်မို့ လွတ်လပ်ရေးရပြီးကာမှ ကမ္ဘာ့ အ ဆင်းရဲဆုံး စာရင်းဝင် နိုင်ငံဖြစ်သွားရတယ်။ တိုင်းပြည်မွဲပြာကျသွားခဲ့တယ်။ နအဖ ရဲ့“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဖွဲ့စည်းပုံ ဥပဒေ အတိုင်း လုပ်ကိုင်ကြရင်တော့ မအောင်မြင်တဲ့ နိုင်ငံ၊ ကျဆုံးတဲ့ နိုင်ငံ (failed state) ဖြစ်သွားလိမ့်မယ်။

ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိတဲ့ အခွင့်အရေးတွေကို တရားဝင်အပ်နှင်းခြင်းခံထားရတဲ့ “သမ္မတ”ဆိုသူဟာ တပြည်လုံး၊ တမျိုး သားလုံးရဲ့ ကံကြမ္မာကို ဖန်တီးခွင့်ရတော့မယ်။ ဘုရားကားအောက် မျောက်ကားအထက်ဖြစ်မှာ သေချာနေပြီ။ ကာကွယ်ရေး ၀န်ကြီးက စစ်ဦးစီးချုပ်ကို ရွေးချယ်ခန့်ထားတာမဟုတ်ပဲ စစ်ဦးစီးချုပ်က(“သမ္မတ”နဲ့အတူ) ကာကွယ်ရေးဝန်ကြီးကို ခန့်ထားမှာ ဖြစ်နေတယ်။ စပိန်မှာ ကာကွယ်ရေးဝန်ကြီးက ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ဖြစ်တယ်။ နှိုင်းယှဉ်ကြည့်ပါ။

ဘာပဲပြောပြော ဒါဟာ နအဖ စစ်အုပ်စုအနေနဲ့ သူတို့အာဏာတည်မြဲရေး၊ သူတို့အာဏာကို နိုင်ငံတကာ အ၀န်းအ၀ိုင်းက လက်ခံရေးအတွက် တဆင့်တိုးမြှင့်လုပ်လိုက်တာပဲ။ အာဏာသာအခရာ၊ အာဏာကလွဲရင် ကျန်တာအားလုံးဟာ တံလျှပ်ပဲ ဆိုတာကို ဒီ ဘက်ခေတ် မြန်မာနိုင်ငံသမိုင်းမှာ အာဏာကို သက်တမ်းအရှည်ဆုံး ယူထားဖူးသူတွေအနေနဲ့ နအဖ စစ်အုပ်စုဟာ ကောင်းကောင်းနား လည် သဘောပေါက်တယ်။ အဲဒါကို ကာကွယ်ဖို့၊ မြဲမြံစေဖို့ အသေအလဲလုပ်မှာပဲ။

ဒါဖြင့် ကိုယ်ကရော။ သူတို့လို သဘောပေါက်ရဲ့လား၊ ဒီမိုကရေစီ လိုလားသူတွေရဲ့လက်ထဲကို အာဏာမရောက်သရွှေ့ ဒီမိုက ရေစီ မရနိုင်ဘူးဆိုတာ စဉ်းစားမိဖို့ လိုတယ်။ အခြေအနေက ဒီကိစ္စမှာ လိပ်ပြာလို လူလာဝဲကာ ပျံသန်းနေလို့ မရတော့ဘူး။ သိန်းငှက်လို ထိုးသုတ်ဖို့ စဉ်းစားသင့်ပြီ၊ ဒီလိုလုပ်ဖို့ဆိုရင် “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”ဘောင်ထဲမှာ လုပ်မရတာကတော့ သေချာတယ်။ ရှေ့လာမယ့် တိုက်ပွဲတွေဟာ တို့ကဆိတ်တို့ကနန်း လုပ်ရမယ့် တိုက်ပွဲတွေ မဟုတ်တော့ဘူး။

ဘက်စုံပြင်ဆင်ကြစို့။

No comments: