Thursday, October 16, 2008

မီးထဲက နှင်းဆီ

ငါ့ရဲ့ ကယောမလေးရေ
သမီးလိုက်ကိုဆွဲပါ
သံလွင်ကိုကူးပါ
ရွာကိုပြန်သွားပါလေ။

ဒီလိုပဲလေ
ဒို့ဘ၀တွေလဲ
နွေထဲကပန်း
နွမ်းရင်က လန်းရ။

ပြည်တွင်းစစ်ထဲက
မိသားစုဘ၀ရဲ့
'ပျော်ရွှင်ဘါယ်ရာ'
'ပြာ' တွေပြန်ဆက်
ဒီလိုနဲ့ မနက်ဖြန်တွေ လဲ။

သမီးဟာ
'အနာတ်၊ အောင်ပွဲ
သစ္စာ၊ အမှန်တရား'
အားလုံးမှာ အရေးပါ ပါတယ်။

မေ့လိုက်ပါ
သင်ခန်းစာနဲ့ တကွ
အနိဌာရုံတွေ။

ကျောင်းသားက သူပုန်ဖြစ်
သူပုန်က ဖခင်ဖြစ်
ငါတို့ရဲ့ သက္ကရာဇ်တွေဟာ
တိုင်းပြည်ထဲက ရိုးမတောင်တန်းကြီးတွေပါ။

ခြေတလှမ်းစာ
တောအုံခြုံကြား လူသွားလမ်းကလေးများ
ဘယ်တော့မှ ခြုံဖုံးမသွားသလိုမျိုးပ
ရှင်ကွဲ ... ကွဲရမှုမှာ
မျှော်လင့်နိုင်တာတွေ တပုံတပင်။

ပြည်တွင်းစစ်မီးလျှံထဲ
ရဲရဲလွမ်း
ရဲရဲလှမ်းချီ
ပြည်တွင်းငြိမ်းချမ်းရေးမှသည်
မိသားစုအိမ်များဆီ
မီးထဲက နှင်ဆီတွေ။

ရဲဘော် ထက်မိုး
(ဇနီးနဲ့ သမီးသို့ ...)
(၅ အောက်တိုဘာ ၂၀၀၁၊ ညနေ ၂ နာရီ ၃၀ မိနစ်)

2 comments:

မသက်ဇင် said...

ရဲဘော်ထက်မိုးရေ---
ကဗျာတွေဖတ်ရင်း မျက်ရည်ဝဲမိပါရဲ့--
အခုဆိုရင်လေ--နောက်ဆံ တငင်ငင်နဲ့
ထားခဲ့ရတဲ့ သားလေးနဲ့ တွေ့နေပြီပေါ့နော်---

မယ်စရီးယန်းမှာ ထမင်းလက်ဆုံစားရင်း--
ကဗျာစာပေတွေ-ဆွေးနွေးခဲ့ကြတာ --
သတိရဆဲ မျက်ရည်ဝဲမိပါရဲ့ရှင်---
သူရဲကောင်းကြီး ရဲဘော်ထက်မိုး--
မြင့်မြတ်သည့် ဘုံမှ--ကဗျာတွေ --ဆက်ရေးနိုင်ပါစေ---

Dr Phyo Wai Kyaw said...

"ရှင်ကွဲကွဲရမှုမှာ
မျှော်လင့်နိုင်တာတွေတပုံတပင်။"
တဲ့လား...
"မိသားစုအိမ်များဆီ
မီးထဲက နှင်းဆီတွေ။"
တဲ့လား...
"ဇနီးနဲ့သမီးသို့"တဲ့လား...
အစ်မ မသက်ဇင်ပြောတာက" မြင့်မြတ်သည့်ဘုံမှ
ကဗျာတွေ ဆက်ရေးနိုင်ပါစေ"
တဲ့လား...
အိုဗျာ..ဘ၀တိုက်ပွဲတွေ ကြမ်းကြမ်းတမ်းတမ်း
သိပ်ပြင်းထန်ခဲ့ကြမှာပဲနော်...
စေတနာတွေ ရော ယုံကြည်ချက်တွေရော
ပရဟိတ စိတ်နဲ့ပေါ့နော်.
ရဲဘော်ထက်မိုး..
စာနာပါ၏။