Thursday, March 5, 2009

ရဲဘော်ဆေး

-(၁၅)နှစ်တောင်ရှိသွားပြီ….တုတ်ကြီးရေ
မင်းရဲ့….
မက်မက်စက်စက် ပွင့်လန်းလို့ကောင်းတဲ့အချိန်
သာမီတိုက်ရွာကြီးက
မင်းရှိရင်အားရှိတယ်
မင်းမလာရင်… တမေးမေး…တစမ်းစမ်းနဲ့
ကွမ်းထုပ်လေးအမြဲ ပေးတတ်တဲ့ရွာလေ…။

-မှိုင်းပြာပြာ ပျင်းစရာကောင်း
အထီးကျန် နွေအလယ်မှာ
ငါတို့…ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့သံစဉ်တွေရေး
စကားပြောလောကြီးတဲ့မင်း
ဘာတွေနဲ့ဘယ်လို
လဲလှယ်ခွင့် မပြုနိုင်
လှလိုက်တဲ့ ကတိစကားတွေ
မင်း မွေးဖွားပေးရက်နော်..။

-“ကျနော်က..ထင်ထားတာ သူ ရေလာပက်မယ်လို့
ရဲဘော်ကြီး တယောက်ကို သူက တစ်တစ်ရစ်ရစ် မလွတ်တမ်းပေါ့”
ဗုံတောင် သူ မိသက်ထားကိုမှ
ခွင့်လွှတ်ခြင်းများစွာနဲ့
အဲဒီလောက်ချစ်ခဲ့တာပါတဲ့..။

-ဆရာကြီး ပီမိုးနင်း ရဲ့စကား
သူနဲ့ ငြင်းခုံကြသေး
“နိုင်ငံရေးဆိုတာ ညစ်ပတ်တတ်မှတဲ့”
-ဆိုးတူကောင်းဘက် ရဲဘော်တွေအတွက်
ဟာသနဲ့ တသက်လုံး အမှတ်ရသွားမယ့်
ဇ၀ဏ ဥာဏ်…သတိရတုန်း တုတ်ကြီးရေ..။

-ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်း ပုန်းတဲ
ညောင်ပင်တောင် ပုခက်တဲ
မဏ္ဍပ်တောင်ဘုရားပွဲ
မင်းကိုယ်တိုင် ကပြခဲ့တဲ့ဇာတ်
“လူသူတခါရောက်ဖို့ လှည့်စားထား
ကိုကြွေရေ…ရူရူတခါပေါက် ဆယ့်ငါးပြား ဆိုပဲ”
အကြောင်းမညီညွှတ်လို့
ဘောင်းဘီ ချွတ်ရပါပြီ…ပြက်လုံး
ငါကြားချင်သေးတယ်….တုတ်ကြီးရေ…။

-တညသားမှာ
ငါ့ကျောကုန်းကို.. အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကိုမေ့သွားအောင် လုပ်ခဲ့တာလား
မမေ့ဘူး….မင်းကိုချစ်တယ်
မင်းကို…လေးစားတယ်
မင်းကို….တန်ဖိုးထားတယ်
မင်းကို ကျဉ်တတောင့် မသင့်စေချင်ဘူး..။

-မင်းချစ်တဲ့ရွာ…မင်းပြည်သူက
ရဲဘော်ဆေး ရန်သူမိသွားပြီတဲ့
ရဲဘော်ဆေး သတ္တိရှိရှိပဲတဲ့
ရန်သူကိုတည်ငြိမ်စွာ တုန့်ပြန်တယ်တဲ့
ရန်သူဆီ ကွမ်းတရာ တောင်းစားရဲတယ်တဲ့…ပြီးတော့..
“ခင်ဗျားတို့ ကျုပ်ကိုမိပြီပဲ
ကျုပ် လူတွေကိုမေးစရာ မလိုဘူး
ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ်ပါ”..။

-ခွပ်ဒေါင်းစိတ်…….ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ တချက်ကလေးမညွှတ်ပြောင်း
တွေဝေမှူ မရှိ….သေခြင်းတရားကို
ရဲရဲအာခံသူ..။

-ကွမ်းသီး လှီးတဲ့ ဓါးပြတ်ပြတ်နဲ့
ညောင်ဝါပင်ခြေရင်း
ဓါးတစင်းအောက်မှာ… အသက်ပျောက်သွားခဲ့
ရဲဘော်တုတ်ကြီးရေ……….
ငါ့ရင်ထဲ…..မေ့လို့ရနိုင်ရိုးလား………။

ကျဉ်ဝေဖြိုး

(၁၉၉၈၊ မတ်လ၊ ၁၃ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်း သားတပ်မတော်မှ ရဲဘော်ဆေး အတွက် ဂုဏ်ပြုကဗျာ)

ဖန်မီးအိမ်ကဗျာဝိုင်း။“ တောထဲက ကဗျာ ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

3 comments:

ဦးဂင်ကြီး said...

ရဲဘော်ဆေးရေ ရင်နှင့်အမျှပေါ့ဗျာ ဒါစိတ်ကူးယဉ်မဟုတ်တဲ့ကျုပ်တို့ရဲ့ရဲဘော်ကြီးတကယ်ပဲ အခုလိုဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးခဲ့ရတာပါလေ လွပ်မြောက်မှအမျှဝေပေးပါစေတော့ရဲဘော်ဆေးရေ...။

FreedomFighter88 said...

ရဲဘော်ဆေး အတွက်ထာဝရဂုဏ်ယူအလေးပြုနေမယ်။
ထို့ အတူတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးခဲ့သော
သူရဲကောင်းအားလုံးအတွက်မပြီးဆုံးသေးတဲ့တော်လှန်ရေး
ကြီးကိုဆက်လက်သယ်ဆောင်သွားမယ်။
အရေးတော်ပုံအောင်ရမည်။

Co2zeиith said...

နေကောင်းမှရောက်လာခဲ့ရလို့ နောက်ကျနေတာ၊၊
သက်သာသွားမှ အတိုးနဲ့  လာဖတ်မယ်နော်၊၊