Wednesday, March 18, 2009

ဗိုလ်သိန်းစိန်ရဲ့အင်ဒိုနီးရှားခရီးနဲ့စဉ်းစားစရာများ

ဗိုလ်သိန်းစိန်အင်ဒိုနီးရှားကို ဆိုင်းမဆင့်ဗုံမဆင့်သွားတာကို သတိပြုမိပါသလား။
အချိန်အခါ၊ အဖြစ်အပျက် တိုက်ဆိုင်မှုတွေကိုရောဆက်စပ်စဉ်းစားမိပါသလား။
စဉ်းစားစရာတွေများပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။
အခုသွားတာဟာ အမေရိကန်သမတအိုဘားမားက အင်ဒိုနီးရှာားသမတ ဆူဆလိုဘမ်ဘမ်း ယူရိုယူနိုနဲ့ ဗမာပြည် ကိစ္စကို တယ်လီဖုံးနဲ့ ပြောကြပြီးချိန်မှာ ဗိုလ်သိန်းစိန်က ကောက်ကာငင် ကာ သွားလိုက်တာဖြစ်နေလို့ စဉ်းစားစ ရာကောင်းလှတယ်လို့ ပြောရတာဖြစ်ပါတယ်။
ဒီတော့စဉ်းစားကြည့်ပါမယ်။
ဝါရှင်တန်ဟာ အရှေတောင်အာရှ၊ အထူးသဖြင့်အေစီယံနိုင်ငံတွေရဲ့ကိစ္စများ ဆောင်ရွက်ရာမှာ ဂျကာတာကို စခန်းထောက်တခုလို ရွေး ချယ်ခဲ့တာကို တော်တော်စောစောကတည်းကပဲ သတိထားမိပါတယ်။ သူတို့နှစ်နိုင်ငံ အကြားနီးကပ်စွာ ဆက်သွယ်မှုတွေဟာ ဆူဟာတို လက်ထက်ကတည်းက တည်ဆောက်ခဲ့တာမဟုတ်လား။ ၂ဝဝ၇ခုနှစ်ဆီတုန်းကလည်း အဲဒီတုန်းက သမတဖြစ်နေတဲ့ ဂျော့ခ်ျဒဗလျူ ဘုရှ်ဟာ ဗမာပြည်ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်စေလိုကြောင်း ဂျကာတာကတဆင့် ပြောခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အလယ်လောက်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ပထမဆုံး အာရှတိုက်ခရီးစဉ်မှာလည်း သူကဂျကာတာ ကိုရောက်တုန်းမှာ ဗမာပြည်နဲ့ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ သူတို့လက်ရှိကျင့်သုံးနေတဲ့ ဗမာပြည်အပေါ်ပိတ်ဆို့ရေးပေါ်လစီတွေကို ပြန်သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ သူက ကျမတို့ ဟာ ဂျကာတာနဲ့နီးကပ်စွာ ဆက်စပ်လုပ်ကိုင်သွားမယ်၊ ဗမာ ပြည်ဆိုင်ရာကိစ္စတွေကို တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ပြောခဲ့တာတွေကိုလည်း ပြန်ဆက်စပ်တွေးကြည့်သင့်ပါတယ်။ ဒါတွေကဖော်ပြနေတာဟာ ဂျကာတာက ထွက်လာတဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့ စကားတွေဟာ ဝါရှင်တန်ရဲ့အသံတွေဖြစ်တယ်ဆိုတာ ပါပဲ။ မတ်လ ၁၃ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက် ထဲမှာ သမတအိုဘားမားနဲ့ သမတယူရိုယူနိုတို့ တယ်လီဖုံး ပြောကြရာမှာ ဗမာပြည်ကိစ္စလည်း ပါဝင် တယ်လို့ အတိအလင်း ဆိုထားတယ်မဟုတ်ပါလား။
ဝါရှင်တန်အနေနဲ့ ဗမာပြည်ကစစ်အုပ်စုကိုချဉ်းကပ်ဖို့အတွက် ဂျကာတာကိုရွေးချယ်တာလည်း အင်မတန်မှ သဘာဝကျပါတယ်။ တကယ် က ဗမာပြည်ကစစ်အုပ်စုရဲ့ဘိုးအေကြီးတွေဖြစ်တဲ့ ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင် တို့အဖို့ အင်ဒိုနီးရှားဟာ ရှေ့ဆောင်းလမ်းပြဖြစ်နေခဲ့ တာပါ။ စစ်ဗိုလ်တမတ်သားစနစ်အပါအဝင် သူတို့တတွေ အင်ဒိုနီးရှားကိုအတုခိုးခဲ့ကြတာတွေဟာ လက်ချိုး ရေလို့မကုန်ပါဘူး။ အဲဒီနိုင်ငံ မှာက အခုနောက်ပိုင်းမှာတောင် ဗိုလ်ချုပ်တွေ အရပ် ဝတ်နဲ့အာဏာရတာတွေရှိနေတယ် မဟုတ်ပါလား။

နအဖစစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲပြောနေနေ၊ အမှန်ပြောရရင် နအဖစစ်အစိုးရဟာ ဟို အရင်ကာလတွေကတည်းက အမေရိကန်နဲ့ အင်မ တန်မှကို ပြေလည်နေချင်တာပါ။ သူ့ဖက်က တဖက်သတ်ပိုးသလို တမာန်တွေအမျိုးမျိုးလွှတ်ပြီး ကြိုးစားခဲ့တယ်ဆိုတာလည်း အားလုံး အသိပါပဲ။ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးစေချင်ကြောင်း အခွင့်အခါကြုံတိုင်း နည်း သဏ္ဍာန် မျိုးစုံနဲ့ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲတိုက်တိုက်၊ တခြားအတိုက်အခံ တွေကိုပဲဆဲဆဲ၊ ဒီကိစ္စကို ပြောဖြစ်အောင်ပြောတယ်ဆိုတာကို သတိပြုမိကြ မှာပါ။
ဒီတော့ ဖြစ်နိုင်တာက ဗိုလ်သိန်းစိန်ဟာ သူတို့စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအစီ အစဉ်ကိုသွားရှင်းပြတာဖြစ်ပါလိမ့်မယ်။ ဒါဟာ လည်း အင်ဒိုသမတယူရိုယူနိုကိုရှင်းပြတယ် ဆိုတာထက် သူကတဆင့်အိမ်ဖြူတော်ကိုရှင်းပြတာဖြစ်ပါတယ်။ ဒီအခါမှာ ယူရိုယူနိုက လည်း သူတို့ရဲ့သဘောထား(အမှန်က အိမ်ဖြူတော်ရဲ့သဘောထား)ကို ဗိုလ်သန်းစိန်သိအောင် ရှင်းပြပါလိမ့်မယ်။ တပါတည်းမှာ ကျွဲကူး ရေပါ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲအတွေ့အကြုံတွေကိုလည်း ဆက်စပ်ပြောပြမှာသေချာပါတယ်။ သူတို့ နိုင်ငံမှာ အာဏာရှင်ဆူဟာတို ကိုဖြုတ်ချပြီးတဲ့နောက် ကျင်းပတဲ့ပထမဆုံးရွေးကောက်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောရမလိုဖြစ်တဲ့ ဆူကာနိုရဲ့သမီးမီဂါဝတီကို ဝင်အရွေးခံခွင့်ပြုခဲ့တာကိုလည်း သူတို့က ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဗိုလ်သန်းစိန်ကတော့ နအဖအနေနဲ့ ဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုမလွှတ်နိုင်တဲ့ အကြောင်းကို ထုံးစံအတိုင်း ကြံဖန်အကြောင်းပြပြီး ရှင်းပြမှာသေချာပါတယ်။ တဆက်ထဲမှာ အမေရိကန်ကသာပိတ်ဆို့မှုတွေကို ဖျက်သိမ်းရင် သူတို့ဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့အသင့်ပဲဆိုတာမျိုးလည်း သူတို့ပြောနေကျအတိုင်းပြောနိုင်ပါတယ်။ တကယ်လို့များ ဗိုလ်သန်းစိန် အင်ဒိုနီရှားကပြန်လာ ပြီးတဲ့အခါမှာ ၂ဝ၁ဝရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာရင် တိုက်ဆိုင်မှုလို့ မပြောသင့်ပါဘူး။
သေချာတာကတော့ ဝါရှင်တန်ဟာ သူတို့ပြောနေတဲ့ဉာဏ်သုံးတဲ့အင်အား (smart power) ကို ဗမာပြည်ဆိုင်ရာ သံခင်း တမာန်ခင်းမှာချသုံးတာပါပဲ။ မကြာမီမှာ ဗမာပြည်မှာ ရှိနေတဲ့ အင်ဒိုနီးရှားသံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတွေ့ဆုံတာ၊ ဒါမှ မဟုတ် ဝါရှင်တန်မှာ နအဖရဲ့သံရုံးးကိုအဆက်အသွယ်ပြုတာတွေ တွေ့ချင်တွေ့လာရနိုင်ပါတယ်။ ဒါက အာဏာရထားသူတွေချင်း လုပ်ကြတာပါ။ အတိုက်အခံ အင်အားစုတွေအနေနဲ့ကတော့ သမတ အိုဘားမားရဲ့ အပြောင်းအလဲဆိုတာကို မျှော်ကိုး လုပ်ကိုင်နေကြလို့မဖြစ်တာ သေ ချာပါတယ်။ အိမ်ဖြူတော်ကအပြောင်းအလဲလုပ်မှာကို တကယ်မျှော်ကိုးနေသူဟာ နအဖစစ်အစိုးရပဲဖြစ်ပါတယ်။
နအဖတကယ်တမ်းစာပွဲဝိုင်းမှာ စကားပြောချင်တာဟာ အိမ်ဖြူတော်ကပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ပြည်တွင်းကလူတွေကိုတော့ သူတို့က စာရင်းထဲမထည့်ပါဘူး။ သူတို့အနေနဲ့ ဝါရှင်တန်နဲ့သာပြေလည်ရင် ဘာမဆိုလုပ်လို့ရပြီ၊ လက်ခမောင်းခတ်လို့ရပြီလို့ တွက်ထားတာ ဖြစ်ပါတယ်။
၂ဝ၁ဝရွေးကောက်ပွဲဟာ ဗမာပြည်ရဲ့ ၂၁ရာစုနိုင်ငံရေးမှာအရေးပါတဲ့ အကွေ့အချိုးတခုဖြစ်လာနိုင်တယ်ဆိုတာ ဒီလိုအချက်တွေကြောင့် ပြောနေတာဖြစ်ပါတယ်။ နအဖအနေနဲ့ သူ့အခက်အခဲတွေအားလုံး၊ သူ့အတွက်အဆီးအတားတွေအားလုံးကို ဖြေရှင်းရတော့မှာပါ။ ဒီအထဲမှာ နိုင်ငံတကာနယ်ပယ်နဲ့ သံတမာန်ရေးရာလည်း ပါဝင်ပါတယ်။
အထက်မှာပြောခဲ့တာတွေဟာ မှန်းကြည့်တာတွေပါ။ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ် မင်းရေးကျယ်လေတော့ ဒီလိုမှ ကြိုမတွက် ကြရင် ကိုယ်ကလက်ဦးမှုမဲ့နေမှာ စိုးရပါတယ်။

ရဲဘော်ဖိုးသံချောင်း

No comments: