Sunday, March 22, 2009

'၃ ထပ်ကွမ်းသစ္စာဖောက်များသို့ အိတ်ဖွင့်ပေးစာ'

(၁) '၃ ထပ်ကွမ်းသစ္စာဖောက်' ဘွဲ့ကို ရနိုင်သူ ရှားပါတယ်။ အသက် '၈၀' ကျော်တွေပဲ ရနိုင်ပါတယ်။ ပထမမှာ 'ဗကပ' ကို သစ္စာဖောက်ရမယ်။ ဒုတိယအကြိမ် 'မဆလ' ကို သစ္စာဖောက်ရမယ်။ တတိယ NLD ကို သစ္စာဖောက်ရမယ်။ မဆလ ကို သစ္စာဖောက်တာက မရဲတရဲသာ သစ္စာဖောက်နိုင်တာပါ။ ဗိုလ်နေ၀င်း ပြောခဲ့သမျှကို သိသမျှ လျှောက်ရေးရင် နအဖ က ခွင့်လွှတ်မှာ မဟုတ်လို့ပဲ။

(၂) ဗကပ ရဲ့ အတိတ်နဲ့ပတ်သက်ပြီး ရေးတာတွေနဲ့ ပတ်သက်လို့ကတော့ 'ဘေးမဲ့' ပေးထားတာ ကြာပါပြီ။ ပါတီပြင်ပ ရောက်ပြီး သစ္စာဖောက်သွားသူတွေနဲ့ အဖက်လုပ်ပြီး 'လမ်းစဉ်ကိစ္စ' ငြင်းခုံဆွေးနွေးနေမှာ မဟုတ်ပါဘူး။ မျက်မှောက် ကာလမှာ ပါတီရပ်တည်မှုရှိသူ ဆိုရင်တော့ ဘယ်သူနဲ့မဆို ဆွေးနွေးမှာပါ။ ပါတီတွင်းဒီမိုကရေစီ လုပ်နည်းအရ လုပ်မှာပါ။ သစ္စာဖောက်နဲ့တော့ မဆွေးနွေးပါဘူး၊

(၃) '၃ ထပ်ကွမ်းသစ္စာဖောက်' တယောက်က 'မရှိတာထက် ရှိတာကောင်းတယ်' လို့ 'အခြေခံဥပဒေ' ကိစ္စနဲ့ ပတ်သက်ပြီးရေးတာ တွေ့ပါတယ်။ အားနာနာနဲ့ ပြောရရင် နလဗိန်းတုံး စဉ်းစားနည်းပဲလို့ ပြောရမှာပါ။ ဓားရှတာကို ဖုန်မှုန့်ကော်ပြီးသိပ်တဲ့ စဉ်းစားနည်းပဲ။

နောက်တယောက်ကတော့ ပညာတတ်ဖြစ်လို့ ပညာရှင်ဆန်ဆန် 'ဖြစ်တည်မှု အကျပ်အတည်း' ဆိုတဲ့စကားလုံးနဲ့ NLD ကို ခြောက်နေတယ်၊ ဒီနည်းကတော့ လွန်ခဲ့တဲ့ နှစ် '၅၀' က 'ဗကပ' ကို ခြောက်ခဲ့တဲ့ နည်းပါ။

'ဖြစ်တည်မှု အကျပ်အတည်း' ဆိုက်တာက 'ဗကပ' မဟုတ်ဘူး၊ ဖဆပလ ဖြစ်ခဲ့တယ်။ မဆလ ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ အခုလည်း ဖြစ်တည်မှု အကျပ်အတည်း NLD ဆိုက်နေတာ မဟုတ်ပါဘူး။ 'နအဖ' ဆိုက်နေတာပဲ။ 'န၀တ' 'နအဖ' ဟာ အခုအထိ 'ဖြစ်တည်မှု အကျပ်အတည်း' ဆိုက်နေဆဲပဲ။ ပြည်သူက ဆန့်ကျင်လိုက်၊ ကုလသမဂ္ဂက လာပြောလိုက်၊ အာဆီယံက ဘေးတီးပေးလိုက်၊ တရုတ်က ဖျောင်းဖျနားချလိုက်နဲ့ အလုပ်ခံနေရတာဟာ ရပ်တည်ခွင့် အကျပ်အတည်း ဆိုက်နေတာပဲ မဟုတ်ပါလား။

(၄) သစ္စာဖောက်တွေနဲ့ ဖက်ပြိုင်ပြီး ငြင်းခုံတာ မလုပ်တဲ့ နောက်အကြောင်းတခုက သူတို့ရေးသမျှဟာ စစ်အုပ်စု အာဏာပိုင်ရဲ့ [ဟိုတုန်းက ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး (မျက်မှန်)၊ အခု ဗိုလ်ရဲမြင့် (စရဖ)] အလံစိမ်းရိုက်မှုနဲ့ လှုပ်ရှားရတာပဲဆိုတာကို သိနေလို့ပါ။ စစ်ကြောရေးထောင်ခြောက်ထဲ မ၀င်ချင်လို့ပါ။

(၅) သမိုင်းအဖြစ်မှန်ကို ရိုးရိုးသားသား သိချင်လေ့လာချင်တဲ့ ရဲဘော်များ၊ မိတ်ဆွေများကိုတော့ တတ်နိုင်သမျှ ရှင်းပြပါ့မယ်။ ဒါကတော့ လျှို့ဝှက်ထားပါ၊ ဒါကိုတော့ ကိုးကားနိုင်တယ်စသဖြင့် ရှင်းပြပါမယ်။ ဗကပ (ဗဟို) က သမိုင်းမှတ်တမ်းတင်နေတာ မဟုတ်ပါဘူး။ လူထုနဲ့အတူ သမိုင်းဖန်တီးဖို့ ကြိုးစားနေဆဲဖြစ်လို့ ဒီလုပ်နည်း လုပ်ရတာပါ။

ဗကပ (ဗဟို)
၁၇ - ၃ - ၂၀၀၉

No comments: