Thursday, March 26, 2009

ပလောင်လက်ဖက်နှင့် ဆိုးဆေးပြဿနာ

လက်ရှိဖြစ်နေတဲ့ လက်ဖက်ပြဿနာ အကြောင်းကို တော်တော်များများက သိကြ မယ် ထင်တယ်။ ကျမတို့ ငယ်ငယ်လေး ကတည့်က ကျမတို့ရဲ့ ဘိုးဘွား ဘီဘင် တွေ လက်ထက် ကတည်းက ဒီလက်ဖက်ကိုဘဲ မိမိတို့ရဲ့ ၀မ်းစာအဖြစ် လုပ်ကိုင် လာခဲ့တာ နှစ်ပေါင်းလဲ မနည်းတော့ဘူး။ ဒီအခု လက်ရှိဖြစ်နေတဲ့ လက်ဖက် ပြဿ နာနဲ့ စဉ်းစားကြည့်ရင် ပလောင်ပြည်သူတွေကတော့ တကယ့် ရင်လေးစရာ ဘ၀ တွေကို မစဉ်းစားရက်စရာပါဘဲ။ ကျမတို့ ပလောင်ပြည်သူတွေဟာ ရိုးသားတယ်၊ ပလောင်တွေတိုင်း လက်ဖက်လုပ်ငန်းတွေကို လုပ်ကိုင် စားသောက်ကြတယ်။ ကျမတို့ လူမျိုးတွေ အားလုံးကလဲ လက်ဖက်ကိုသာ အမှီသဟဲ ပြုနေကြတယ်။
ပြဿနာက အခုကျမတို့ အစိုးရရဲ့ ကျန်းမားရေး ၀န်ကြီးဌာန ဆေးစစ်ချက်အရ လက်ဖက်စိုနှင့် လက်ဖက်ခြောက်တွေမှာ အ၀ါရောင် ဓာတုဗေဒ ဆေးဖြစ်သည့် ချည်ဆိုးဆေး Auramine O ထည့်သွင်း သုံးစွဲထားသည်ကို တွေ့ရှိရတယ်လို့ အစိုးရ သတင်းစာ၊ မြန်မာ့အ လင်းမှာ မတ်လ ၁၂ ရက်နေ့တုန်းက ကြေငြာထားတာကို တွေ့ရတယ်။ ဒီဆေးပါတဲ့ ပစ္စည်းတွေကို စားသုံးသူတိုင်း ယခုပင်လျှင် ဆေးရဲ့ ဆိုးကျိုးကို မခံစားရပေမဲ့ နောင်မှာ ဆေးရဲ့ အကျိုးဆက်တွေကို ခံစားရမယ်လို့တော့ ခေတ်ပြိုင်မှာဖတ်ရတယ်။ ကျမကိုယ်တိုင်လဲ ဆေးနဲ့ ပက်သက်ရင် ဘာမှမသိတော့ သူ့ရောဂါဘာတွေဖြစ်နိုင်လဲ၊ ဘာရောဂါတွေ ဖြစ်တတ်လဲစသည်တို့ပေါ့ အဲဒါတွေကို မသိဘူး။ ကြားဖူးတာ က အရင်တုန်းက လက်ဖက်ရည်တို့ လက်ဖက်တို့ စားရင် ကင်ဆာရောဂါ၊ သွေးတိုးတို့ ကာကွယ်တယ်လို့တော့ အဖိုးက ခဏခဏ ပြောဖူးတယ်။


ကျမ အတွေ့အကြုံ ပြောရရင်တော့ ကျမ ကျောင်းပြီးတော့ ၂၀၀၅၊ ၂၀၀၆ တုန်းက အမေ့ကို ရွာမှာ လက်ဖက်ခူးတာတို့၊ လက်ဖက်စို လုပ်တာတို့ ခဏတော့ ၀င်လုပ်ခဲ့တယ်။ နမ့်ဆန်ဘက်က လက်ဖက်လုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ပလောင်တွေ တော်တော်များများက တပေါင်း လ၀င်ပြီးရင် လက်ဖက်ရွက်ညွန့်တွေကို စခူးတယ်။ အဲဒီအချိန်ကို ရွှေဖီဦးလို့ခေါ်တယ် မိုးမကျခင် အချိန် ကာလအထိပေါ့။ ဒီအတောအတွင်းမှာ လက်ဖက်တွေကို အခြောက်တွေ လုပ်ကြတယ်။ မိုးလွတ်ဆိုတော့ လူတိုင်းက ကြိုက်ကြတယ်။ အရသာကလဲ တစ်ခြားရာသီတွေရဲ့လက်ဖက်ထက် တော်တော်ကောင်းတယ်။ တန်ခူး ကူးပြီ ဆိုရင်တော့ အချိုခြောက် စက်ရုံတွေလဲ ဖွင့်ပြီ အဲဒီ အချိန်မှာ စက်ရုံမှာသွင်းကြတယ်။ ရွက်စိမ်းဈေးဆိုရင် ကျမ ၀င်လုပ်တဲ့နှစ်ဆိုရင် ၅၀၀ အထက်တော့ ရှိတယ်။ မိုးကျလာလေ ရွက်စိမ်း ဈေးက နိမ့်လာလေလေဘဲ။ အဆုံးထိ ၂၀၀ အောက်ရောက်သွားတယ်။
မိုးကျရင်တော့ လက်ဖက်တွေကို စက်ရုံသွင်းတာ နည်းသွားတယ်။ မိုးတွင်းဆိုတော့ လက်ဖက်က ရေတွေပါရင် ဈေးလျှော့ ခံရသေး တယ်။ အမြတ်တွေလဲ သိပ်မရတော့ အစိုတွေ လုပ်တာများတယ်။ အစိုလုပ်ရင် ဘယ်လိုဘဲ ဖြစ်ဖြစ် ၁ ပိဿာကို ၇၀၀၊ ၈၀၀ ဈေး လောက်ရတယ်။
တောင်ပေါ်ဆိုရင် မိုးရာသီဆိုရင် မိုးတွေက အရမ်းစဲတယ် မိုးရွာရင် အနည်းဆုံး တစ်ပတ်။ ရွှံ့တွေ၊ နွံတွေ၊ မိုးရေတွေထဲမှာ ပင်ပင်ပန်း ပန်းနဲ့ လက်ဖက်တွေကို ခူးရတယ်။ ညပြန်လာရင်လဲ မိုးအရမ်းချုပ်တယ်။ ညပြန်ရောက်လို့ရှိရင် လက်ဖက်ပေါင်းဖို့အတွက် မီးမွေးရတယ်၊ ရေခပ်၊ ထင်းခွဲရသေးတယ်။ မီးမွေးတာ၊ ထင်းခွဲတာက သူ့အတွက် သီးသန့်အလုပ်တစ်ခု ဖြစ်နေတယ်။ တစ်ချို့အိမ်သားတွေ လက်ဖက် ခြံမသွားတဲ့ လူတွေ ရှိနေတယ်ဆိုရင် အဲဒီအိမ်တော့ အဆင်ပြေတယ်။ ကျမတို့အိမ်မှာဆိုရင် ကျမရယ်၊ အမေရယ်၊ ကြီးကြီးရယ်၊ မိန်းမ သားတွေ ၃ ယောက်၊ လက်ဖက်စိုလုပ်တာ အရမ်းကို ခက်ခဲတယ်။ အပေါ်အိမ်၊ အောက်အိမ်က ဆွေမျိုးတွေကို လိုက်ပြီး အကူအညီ တောင်းရတယ်။ ညပြန်ရောက်ပြီဆိုရင် လက်ဖက်တွေကို လက်နဲ့လိမ့်၊ တစ်ချို့ကျတော့ စက်တွေ ထောင်နိုင်တော့၊ စက်တွေနဲ့ လိမ့်တာ သိပ်တော့ မပင်ပန်းဘူး။ ခဏတစ်ဖြုတ် လုပ်တဲ့ လူတွေအတွက်ကျတော့ မထောင်နိုင်ဘူး။ လက်ဖက်စိုမှ မလုပ်ရင်လဲ လက်ဖက်ထဲက ရတဲ့ငွေနဲ့ စားဖို့သောက်ဖို့ ကုန်လိုက်တဲ့ ငွေနဲ့ ညီမျှမှု ဖြစ်မနေဘူး။ ဒါကြောင့် လက်ဖက်စိုကို လုပ်ကြတယ်။ လက်ဖက်တွေကို လိမ့်ပြီးရင် အိပ်ထဲ ထည့်ပေးမဲ့ ယောင်္ကျားလေးတွေလဲ လိုအပ်သေးတယ်။ မိန်းကလေးတွေကျတော့ သိပ်ပြီးတော့ အားမကိုးရဘူးပေါ့။ ရှင်းရှင်းပြော ရရင် အားမသန်ဘူးလို့ ပြောကြတယ်။ လက်ဖက်စိုထဲက ရေတွေ စိမ့်သွားအောင်လဲ ကျောက်တုံး အကြီးကြီးတွေနဲ့ ဖိထားရသေးတယ်။ ဒါမှ လက်ဖက်က အထားခံမှာ။ တကယ်ဆိုရင် ဘာဆိုးဆေးမှ မသုံးဘူး။ တောကနေ ပြန်လာ၊ လက်ဖက်ပေါင်း၊ ပေါင်းပြီးရင် လိမ့်ပြီး အိပ်ထဲ ဒီတိုင်းဘဲ ထည့်ထားကြတယ်။ မန္တလေးတို့၊ ကျောက်မဲတို့ ဆင်းမှ လက်ဖက်ကို သယ်သွားကြတာ ဒီအတိုင်းပါဘဲ။
ပွဲရုံတွေကိုရောက်မှ ပွဲစားတွေနဲ့ လက်ဖက်ဈေးတွေ ညှိကြတယ်။ လက်ဖက်ကို အရွယ်အ စားတွေကို ခွဲကြတယ်၊ နုရင် နုသလို၊ ရင့်ရင်လဲ ရင့်သလို ဈေးတွေ ပေးကြတယ်။ နောက် ပိုင်းဆိုရင် ပွဲစားတွေက လူတွေဌားပြီးတော့ လက်ဖက်ကို သန့်အောင်၊ လှအောင် ပြန်လုပ် ကြတယ်။ ဒါကတော့ သူတို့အပိုင်းတွေပေါ့။ သူတို့အပိုင်းဆိုပေမဲ့ ပွဲစားတွေဆိုရင် အမျိုးမျိုး ရှိကြတယ်၊ တစ်ချို့က တရုတ်တွေ၊ မြန်မာတွေ၊ ပလောင်တွေ စသဖြင့်ပေါ့။ သူတို့ဆီ လက်ဖက်တွေ သွားရောင်းရင် အောက်ကြို့နေရတယ်။
ကျမတို့ သူတို့ဆီရောက်ရင် သူတို့ပေးတဲ့ဈေးအတိုင်း ကိုယ်ကလက်ခံနေရတယ်၊ ကိုယ်ရောင်းတဲ့ပစ္စည်းတောင် ကိုယ်ကိုတိုင် ဈေးပေးလို့ မရဘူး။ သူတို့ကြိုက်တဲ့ ဈေးပါဘဲ။ အလုပ်တစ်ခုကို သူတို့မပိုင်ရင် လုပ်ဘူးဆိုတဲ့ ပုံစံပါဘဲ။ လက်ဖက်တွေ သူတို့လက်ထဲ ရောက်ပြီဆိုရင် သူတို့ကြိုက်သလောက် ခြယ်လှယ်တော့တာဘဲ။ ဆေးသုံးတာက အစ၊ လက်ဖက်ဆိုတဲ့ အမျိုးက အ၀ါရောင်ဆေးတွေကို ဆိုးပေးရင် ကြည့်လို့ အရမ်းလှသွားပြီ၊ အညွန့်ကလေးတွေဆိုရင် ပိုဆိုးတယ် သွယ်သွယ်လေးတွေ စားသုံးသူတိုင် ၀ယ်ချင်စရာ ဖြစ်အောင်ကို စွဲ ဆောင်မှု ကောင်းတယ်။ လက်ဖက်ကို ဘာဆေးမှ မထည့်ဘဲ ဒီအတိုင်း ထားရင်တော့ ကြာလေ ကောင်းလေဘဲ ဒါပေမဲ့ ပိုလှအောင် လုပ်တော့ ဆေးတွေ ဆိုးကြတယ်။ တွေ့ဖူးမြင်ဖူးတာကတော့ သူတို့ စားသောက်ကုန်ကို ဆိုးတဲ့ဆေးတွေကိုဘဲ သုံးတာတွေ့ရတယ်။ ဆေးဆိုးလိုက်တော့ လေသလပ်သွားပြီး အထား သိပ်မခံတော့ဘူး။ ပွဲစားတွေက အရောင်းသွက်အောင်လို့၊ ပိုကောင်းတဲ့ ဆေးတွေကို သုံးကြတယ်။ နောက်တော့ ချည်ဆိုးဆေးတွေ သုံးလာကြရင်လဲ သုံးလာကြလိမ့်မယ်လို့တော့ ထင်တယ်။ သေသေချာချာလဲ မသိဘူး။ ချည်ဆိုးဆေးတွေဆိုရင် အရမ်းစွဲတယ်။ လက်ဖက်ကို ဆိုးရင် တစ်ခြားအရောင်တွေထက် ပိုပြီးတော့လှတယ်။
ပွဲစားတွေတော့ သူတို့ အကျိုးအမြတ်တွေအတွက်သာ သူတို့ ကြည့်ကြတယ်။ လက်ဖက်ခူးသမားတွေ ပင်ပင်ပန်းပန်းနဲ့ မိုးရွာမရှောင်၊ နေပူမရှောင် လက်ဖက်တစ်ညွန့်ရဖို့ တောထဲ တောင်ထဲ သွားနေရတာ။ လက်ဖက်တစ်ညွန့်က တန်ဖိုး မရှိပေမဲ့ ခြေထောက်ပေါက်ပြီး အိမ်ကို မရောက်လာဘူး။ ဒါပေမဲ့ ပွဲစားတွေက တန်ဖိုး မထားပေးကြဘူး။ သူတို့ဆီ လက်ဖက်တွေ ရောက်သွားရင်လဲ မိုးထဲ လေထဲမှာ ပစ်ထား၊ လက်ဖက်ဈေးတွေ ညှိပေးဖို့ကို အချိန်တွေဆွဲ သူတို့မှာများ မန္တလေးကို သွားတာ စားစရိတ်တွေ၊ တည်းခတွေအတွက် ကုန်ရ သေးတယ်။
ကျမတို့ ပလောင်ပြည်သူတွေ ရိုးရိုးသားသားနဲ့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင် စားသောက်နေကြတယ်။ ကြားကနေ ခေါင်းပုံဖြတ် အမြတ် ထုတ်တဲ့ လူတွေက အခုကိစ္စနဲ့ ပက်သက်ရင် ကျမတို့ကို ဒုက္ခရောက်အောင် လုပ်တာနဲ့ အတူတူပါဘဲ။ လက်ဖက်ထွက်တဲ့ ပင်ရင်းကနေ ကြည့်မယ်ဆိုရင် ကျမတို့ပြည်သူတွေဟာ ရိုးရိုးသာမန်သာလုပ်ကိုင် နေကြတာကို မြင်တွေ့ရပါမည်။ သူတစ်ပါး ထိခိုက်အောင်၊ နာကျဉ် ကြေကွဲအောင် စိတ်နဲ့တောင် မပြစ်မှားဘူးလို့ ကျမ ယုံကြည်တယ်။ ကျမတို့ ပလောင်တွေ ရိုးသားတာကို တစ်နည်းနဲ ၀င်တိုက်တာဘဲလို့ ကျမ မြင်မိတယ်။ အကယ်၍ အခုကိစ္စ ထပ်ပွားနေမယ်ဆိုရင် ကျမတို့ ဒီနှစ် လက်ဖက်ဈေးကွက် ကောင်းမည် မဟုတ်။ နအဖ အစိုးရတွေ တက်လာ ကတည့်က ကျမတို့ လက်ဖက်ဈေးတွေ မကောင်းဘူး၊ အရင်တုန်းကဆိုရင် ရွှေဖီမှာလုပ်တဲ့ အလုပ်တွေဟာ တစ်နှစ်ပတ်လုံး စားလောက် သောက်လောက်တယ်။ အခု တစ်နှစ်ပတ်လုံး လုပ်နေတာတောင်မှ စားဝတ်နေရေးအတွက် အနိုင်နိုင် ဖြစ် နေရတယ်။ အခြေနေတွေ ဆိုးသထက်ကို ပိုဆိုးလာတယ်။
ဒီကိစ္စသည် ပေါ့ပျက်ပျက် ကိစ္စမဟုတ်သည့် အပြင်၊ ပလောင်လူထုတစ်ရပ်လုံး အားကိုးအားထားသည့် အသက်မွေး ၀မ်းကြောင်းဖြစ် တယ်။ လက်ဖက်ကို စားသုံးနေသည့် ပြည်သူများလဲ ပလောင်ပြည်သူလူထုကို ကူညီသည့်အနေဖြင့် သေသေချာချာ လေ့လာစုံစမ်းဖို့ အကြံဥာဏ်ပေးလိုပါတယ်။ သတင်းနှင့် မီဒီယာများကိုလဲ ပလောင်ပြည်သူလူထုရဲ့ စီးပွားရေးကို မည်သူအကြီးအကဲ၏ ဈေးချုပ်ကိုင်မှု မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့ နှိုးဆော်ရန် တိုက်တွန်းလိုက်ပါတယ်။

ကွံန်ရံက်မာ

No comments: