Wednesday, April 30, 2008

ရေ၏ဒဿန

ဘာသာပြန်သူ-အောင်ငဲ

စမ်းချောင်းလေးတခုတည်းက တူညီတဲ့ ရေများပါပဲ။
ဒါပေမဲ့ တချို့က သူ့ကို ရွှေကရားနဲ့ ထည့်ထားတယ်။ တချို့က ရွှံ့မြေနဲ့ လုပ်ထားတဲ့ ခွက်ငယ်နဲ့ သောက်သုံး ကြတယ်။ ရွှေကရားနဲ့ ရွှံ့မြေခွက် မရှိတဲ့သူတို့ကျတော့ လက်ခုပ်နဲ့ သောက်ရုံပဲ ရှိမယ်ပေါ့။
ရေ...
အစကတည်းက ဘာမှ မတူကွဲပြားစရာ မရှိပါဘူး။ မတူကွဲပြားနေတာက ရေကို ထည့်ပြီး အသုံးပြုတဲ့ ပစ္စည်းတန် ဆာပါ။ ဘုရငမင်းမြတ်နဲ့ သူဖန်းစားအကြား ခြားနားနေတာဟာ သုံးစွဲကိုင်တွယ်တဲ့ အသုံးအဆောင်နဲ့ အရာဝတ္တုအပေါ် တည်နေတာ။

ရေ...
ရေ တကယ်ငတ်သူသာ ရေရဲ့ တကယ့် ချိုမြခြင်းကို သိရှိနိုင်တာ။ ဟိုး...သဲကန္ဒာရမှ လျှောက်လှမ်းလာတဲ့ ခရီးသည်ကသာ ရေရဲ့ အရသာကို ခံစားနားလည်မှာ။ နေ့လည်ခင်းရဲ့ ပူပြင်းတဲ့နေမီး အောက်က ချွေးသီးချွေးပေါက်နဲ့ လယ်သမားများအတွက်တော့ ရေဟာ သူတို့ရဲ့ အဖိုးတန်ဆုံး ရတနာ။ နှတ်လျှာကွဲမလောက် အာခြောက်နေတဲ့သိုး ကျောင်းသားလေးသာ သိုးအုပ်တွေမောင်းပြီး တောင်အောက်ဆင်းလာတဲ့ သူ့ခမျာ၊ ချောင်းလေးတခုရဲ့ ကမ်းနဖူးတနေရာ မှာ ၀မ်းလျားထိုးမှောက်လို့ ရေတ၀ကြီး သောက်ရတဲ့အခါ... ရေရဲ့ ချိုမြခြင်း အရသာကို အသိဆုံးသူဟာ အဲဒီ သိုးကျောင်း သားလေးပဲ ဖြစ်မှာ။
ကြည့်ကွယ်...
ဟိုဘက်နားက ဟိုလူတယောက်။ သစ်စိမ်း သစ်ရိပ်တွေအောက်။ ကုလားထိုင်တလုံးပေါ်မှာ သူဟာ အခံ့သားထိုင် လို့။ လှဲမှီလို့။ ရေကရားတလုံးကို သူ့ဘေးအနီးအပါးမှာပဲ ချထားတာပါ။ အဖိုးအခကြီးတဲ့ ခွက်အနုအလှလေးနဲ့ပဲ သူ သောက်သုံးနေတာ ဖြစ်ပါစေ။ ရေရဲ့ ချိုမြအရသာကို သူ တကယ် သိရှိနိုင်မှာမှ မဟုတ်ဘဲလေ။
ဒါ...ဘာကြောင့်မို့လဲ။ ဘာဖြစ်လို့လဲ။
အကြောင်းက ထိုခရီးသည်၊ ထိုသိုးကျောင်းသားလေးလို သူ ရေမငတ်လို့ပါပဲ။ သူ အဖို့ရာ ရေဟာ ဒီလောက်လို အပ် မနေပါ။ ဘယ်သူ ဖြစ်ဖြစ်ပါ။ ငတ်မွတ်ခြင်းနဲ့ ဆာလောင်ခြင်းကို ကိုယ်တိုင်မတွေ့ဖူး မကြုံဖူးသမျှ ဘယ်အခါမှ ထမင်းနဲ့ ရေရဲ့ ချိုမြအရသာကို သူ ခံစားနားလည် နိုင်မှာ မဟုတ်ပါဘူး။
ဘ၀ရဲ့ တကယ့်အရသာဟာ ဘာလဲဆိုတာလဲ သိမြင်သဘောပေါက်နိုင်မှာ မဟုတ်ပါ။

(အာဖဂန်စာရေးဆရာ အူလာဖတ်. “ဘ၀အသိ” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

1 comment:

စိုင်းခမ်းထွန်း said...

ရေဆိုတာအဲလိုလား ...
ငွေဆိုတဲ့ ဒဿနလေးလုပ်ပါဦး ...
ကျွန်တော် လာလာဖတ်မယ်ဗျ ပြောပြလိုက်မယ်
ဘော်ဘော်တွေကို ...