Friday, May 2, 2008

“ထာဝရလင်းမယ့် တာရာသို့”

(ဤကဗျာကို ပြည်တွင်းမှ ပေးပို့ပါသည်)
ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညှို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျွန်တော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

{ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)
(နွေဆူးလင်္ကာ)

6 comments:

လားရှိုးသူ said...

Thanks for the poems.

ထက်နိုင် said...

ဆရာ တာရာမင်းဝေ ကိုတော့ သတိရတယ်ဗျာ...ကဗျာလေးက အရမ်းကောင်းတယ်..

99 said...

ဖတ်သွားတယ် ဘရို ..
ကိုဝင်းဇော်က ဘရို့ဘလော့ထဲ ၀င်မရလို့တဲ့ ..
အိမ်မက်တွေတော့ မြင်းစီးထွက်တော့မယ်နဲ့ တူတယ် ဘရိုရေ ..။

winzaw said...

ကဗျာအတွက်ကျေးဇူးပါ။
အသစ်တင်တိုင်းရောက်ဖြစ်တယ်။
99 ရေ ကျေးဇူးကမ္ဘာ.. .. ..

winzaw said...

ကဗျာအတွက်ကျေးဇူးပါ။
အသစ်တင်တိုင်းရောက်ဖြစ်တယ်။
99 ရေ ကျေးဇူးကမ္ဘာ.. .. ..

ဂျေ said...

လာတယ် နော် စာမေးပွဲကြောင့် မရောက်ဖြစ်တာပါ