Tuesday, May 27, 2008

အနာဂတ်မှာပြောမယ့်ကျုပ်တို့သမိုင်း

(ဤကဗျာကို ပြည်တွင်းမှ ပေးပို့ပါသည်)
ဆရာတော်ဘုရားပြောသလိုပဲ
နိုင်ငံလည်း ... အထက်ကပြာပုံ
အောက်ကအမှိုက်ပုံဖြစ်နေပြီ။

သန်းရွှေကဘုရင်ရူး ရူးတယ်
မောင်အေးကအမြဲတမ်းမူးတယ်...
အရူးနဲ့အမူးဖျက်ဆီးလို့
စိတ်ဓါတ်တွေလည်းပျက်စီးကုန်ပြီ။

ပေါင်မုန့်မရှိရင်ကိတ်မုန့်စားလို့ပြောတဲ့
မေရီအင်တွိုင်းနက် ကတောင်
တိုင်းသူပြည်သားတွေကို
စားစေချင်တဲ့စေတနာရှိသေးတယ်...
ကျုပ်တို့မိဖုရားကြီးကြိုင်ကြိုင်ကို
အဲဒီလိုသွားပြောကြည့်
'ငတ်ကြပလေ့စေ' လို့ပြောမှာ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ
ဗိုလ်ချုပ်ကြီးမိသားစုဝင်တွေနဲ့
သူတို့ရဲ့ပါတနာတွေ
ဝေစုခွဲယူတဲ့စနစ်ကိုပြောတာ။

အဆင့်မရှိတဲ့ခပ်ညံ့ညံ့ပီအိတ်ခ်ျဒီတွေကို
ကျောင်းအုပ်တွေပါမောက္ခတွေခန့်ပြီး
ကျောင်းသားတွေကိုစိတ်ဓါတ်ကင်ဆာဖြစ်စေတဲ့
ပညာရေးစနစ်လည်းရှိတယ်။

လက်ညောင်းခံပြီးလက်ညှိုးထိုးမနေနဲ့
ဘယ်သူတွေတရားခံလဲဆိုတာ
တစ်ကမ္ဘာလုံးကသိတယ်။

ကိုအငဲရဲ့ သီချင်းထဲကလို
အချိန်တိုင်းလူ့သမိုင်းများရေးမှာပဲ...
ကျုပ်တို့ခေတ်သမိုင်းမှ
ရာဇ၀င်ရိုင်းရတော့မှာလား?
အနာဂတ်မှာရေးမယ့်ကျုပ်တို့သမိုင်းကို
ဘယ်လိုအက္ခရာတွေတင်စေချင်လဲ?

ကဲ... ရဲဘော်တို့
ပြောတာ ဖောတာလေးတွေ နဲနဲလျှော့
စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို
တကယ့်လက်တွေ့ဘ၀ထဲကနေ
ရဲရင့်စွာတိုက်ပွဲဝင်ကြပါစို့။ ။

နွေဆူးလင်္ကာ

5 comments:

Tea said...

ရဲရင့်စွာတိုက်ပွဲဝင်ကြပါစို့။ ။

YES!

Unknown said...

မဆုတ်တမ်းဇွဲနဲ့ လျှောက်မယ်ရဲရဲ
တနေ့တော့ပန်းတိုင် ရောက်ရမယ်။

Welcome said...

ပညာရေးစနစ်ကတော့ သုံးစားလို့မရတော့ဘူး။
ပေးနိုင်၊ကမ်းနိုင်ရင် A-အခန်းရမယ်။
အတန်းပိုင်ဆီကျူရှင်တက်ရင် မေးခွန်းရမယ်။
8-တန်းအောင်လို့ 9-တန်းရောက်ရင်
ပေးနိုင်၊ကမ်းနိုင်ရင် သိပ္ပံတွဲရမယ်။
အတန်းပိုင်ဆီကျူရှင်တက်ခဲ့ရင် ၀ိဇ္ဇာတွဲပဲ။
ရင်လေးတယ်။

YeYint Nge said...

ကြွက်လာဖမ်သွားတယ်..
တတိယpostကပြန်ခေါက်တဲ့full span တခုပိုနေလားမသိကြည့်လိုက်ပါ။

ကိုသက်နောင်(phoeniz) said...

ပညာရေးကို အားမရမိတာတော့ အမှန်ပါ ။ ဒါကြောင့် မကောင်းပြောနေမဲ့ အစား ကျရာနေရာကနေ မိမိတိုင်းပြည်မှ လူငယ်များ ပညာတိုးပွားစေရန် မိမိတတ်စွမ်းသရွေ့  ကူညီကြပါ ။ သို့သော ၀ါဒနှင့် ခံယူချက်များ ရိုက်သွင်းခြင်းထက် စဉ်းစားတွေးခေါ်နိုင်မည့် အရာများကို လမ်းပြပေးသင့်သည်ဟု ထင်ပါသည်။
(သင်တို့ ၏ အခြေခံ ပညာ မည့်သည့်နိုင်ငံတွင် အခြေခံခဲ့ပါ သလဲ ?)