Thursday, June 5, 2008

မီးခြစ်ရောင်းတဲ့ ကလေးမလေး

ဘာသာပြန်သူ-ရဲဘော်စိန်ထွန်း

ရာသီဥတုက သိပ်အေးလှတယ်။ နှင်းတွေကလည်း ကျလို့။ မှောင်ကလည်း မှောင်တော့မယ်။ နှစ်တနှစ် ကုန်ဆုံးတော့မယ့် နောက်ဆုံး နေ့။ နှစ်သစ်ကူး အကြိုညပေါ့။ အေးကလည်း အေး၊ မှောင်ကလည်း မဲမှောင်နေတဲ့ အဲဒီညမှာ ခေါင်းပေါ်မှာလည်း ဘာမှ အဆောင်းမပါ။ ခြေထောက်မှာလည်း ဖိနပ်မပါ ခြေပလာနဲ့ ကလေးမလေး တဦးဟာ လမ်းမကြီးအတိုင်း လျှောက်နေတယ်။ သူအိမ်က ထွက်လာတုန်းက တော့ ရှေ့ထိုးဖိနပ်တရံကို စီးလာခဲ့ပါရဲ့။ ဒါပေမဲ့ ဘယ်လိုမှ အသုံးမတည့်လှပါဘူး။ အဲဒီဖိနပ်ကမတန်တဆ ကြီးနေတာကိုး။ ကြီးမှာပေါ့။ ဖိနပ်က တလျှောက်လုံး သူအမေ စီးနေတဲ့ ဖိနပ်တဲ့။ သူလမ်းကို ဖြတ်နေတုန်း မြင်းလှည်းနှစ်စီး ဒုန်းစိုင်းလာတော့ လန့်ဖြတ်ပြီး ဖိနပ်ကို ပစ်ထားခဲ့ရတယ်။ ဖိနပ်တဖက်က ဘယ်လိုမှ ရှာ မရတော့ဘူး။ နောက်တဖက်ကတော့ ကောင်ကလေး တယောက် ကောက်ယူသွား တယ်တဲ့၊ သူက နောင် သူ ကလေး ရလာရင် အဲဒါကို ပုခက်လုပ်မယ်လို့တောင် ပြောသွားလိုက်သေးသတဲ့။

ကလေးမလေးဟာ ဖိနပ်မပါ ခြေပလာနဲ့အကြာကြီး လျှောက်လာရတော့ သူ့ခြေထောက်အစုံဟာ တဖက်ကနီရဲနေပြီး တဖက်က ညိုမဲ နေပါပြီ။ သူရဲ့ ဟောင်းနွမ်းနေတဲ့ ခါးစည်း ရှေ့ဖုံးအိတ်ထဲမှာလည်း မီးခြစ်တွေ အများကြီး၊ လက်ထဲမှာလည်း မီးခြစ်တစည်းကို ကိုင်ထား သေးတယ်။ အဲဒီနေ့ တနေ့လုံး မီးခြစ်ဆံလေး တချောင်းလောက်တောင်မှ ယောင်လို့ ၀ယ်မယ့်သူ ဘယ်သူမှ မရှိလေတော့ ငွေလည်း တပြားတချပ်မှ မရပါဘူး။

သနားစရာ ကောင်းလိုက်တဲ့ ကလေးမ။ သူ့ခမျာ အေးကလည်းအေး၊ ဆာကလည်းဆာလှပြီပေါ့။ သူဟာ တုန်တုန်ရီရီနဲ့ ရှေ့ကို ဆက်လျှောက်နေတယ်။ နှင်းပွင့်ကလေးတွေဟာ သူရဲ့ရှည်လျားလှတဲ့ ရွှေဝါရောင်ဆံပင်လေးတွေအပေါ် တွဲလွဲခိုလို့။ ဆံပင်လေးတွေ ကလည်း လိပ်ခွေနေပြီး ဂုတ်ပေါ်ကို ၀ဲကျနေတော့ မြင်ရသူအဖို့ ရှုမငြီးဖြစ်နေတယ်။ ဒါပေမဲ့ သူကတော့ ဒါတွေကို ဂရုမစိုက်အားပါဘူး။ အိမ်တိုင်းရဲ့ ပြတင်းပေါက်တွေကနေ လျှပ်စစ်မီးရောင်တွေ ဖိတ်လျှံကျ လာနေတယ်။ ဘဲငန်းကင် ရနံ့မွှေးမွှေးကလည်း လမ်းပေါ်ကို ပျံ့လွင့် လာနေပြီပေါ့။ ဒီလို အကြောင်းတွေကြောင့် ဒီနှစ်သစ်ကူး အကြိုညကို မမေ့နိုင်တော့ပါဘူး။

သူဟာ အိမ်တဆောင်ရဲ့ နံရံထောင့်စွန်းမှာ ထိုင်ချလိုက်ပြီး ခြေထောက်တွေကို ခပ်ကြုံ့ကြုံ့ ကွေးထားလိုက်တယ်။ ပိုအေးလာတယ် လို့လည်း သူခံစားနေမိတယ်။ သူ့အိမ်ကိုလည်း မပြန်ရဲသေးပါဘူး။ မီးခြစ်ဆံတချောင်းမှ ရောင်းမထွက်တော့ ငွေကလည်း တပြားတချပ် ကလေးမှ မရပါဘူး။ ငွေမပါဘဲနဲ့ အိမ်ပြန်လာရင် ဖေဖေက ရိုက်တတ်ပါတယ်။ အိမ်မှာနေလို့လည်း ဘာမှမထူးပါဘူး။ လမ်းပေါ်မှာ လိုပါ ပဲ။ အတူတူအေးနေမှာပါ။ ခေါင်းပေါ်မှာလည်း အိမ်ခေါင်မိုးကြီးတော့ ရှိပါရဲ့။ အက်ကြောင်းကြီးတွေကို မြက်တွေ၊ အ၀တ်စုပ်တွေနဲ့ ပိတ်ဆို့ထားပေမယ့် လေကတော့ တိုးဝှေ့ဝင်နေဆဲပေါ့။

သူရဲ့ လက်နှစ်ဖက်စလုံးအာလည်း အေးခဲလုမတတ်ပါပဲ။ ဘယ်လောက်သေးတဲ့ မီးခြစ်ဆံပဲဖြစ်ပါစေ သူ့အတွက်တော့ အကျိုး ရှိနိုင်မှာပါ။ သူဟာ မီးခြစ်စည်းထဲက မီးခြစ်ဆံ တချောင်းလောက် ဆွဲထုတ်၊ မီးခြစ်ပြီး ကိုယ်လက်တွေကို နွေးသွားအောင် လုပ်လိုက်ရမလား။ နောက်ဆုံးတော့ သူဟာ မီးခြစ်ဆံတ ဆံကို ဆွဲထုတ်လိုက်တယ်။ ရှဲကနဲနေအောင် မီးခြစ်လိုက်တာနဲ့ မီးခြစ်ဆံကလေးက မီးတောက် လာတယ်။ မီးတောက်ကလေးလည်း ထွက်လာပါပြီ။ မီးတောက်ပေါ်မှာ လက်ကလေးကို ကပ်ထားမိတယ်။ ဘယ်လောက်များ နွေးလို့၊ ဘယ်လောက်များ လင်းတဲ့ မီးတောက်ပါလဲ။ ဖရောင်းတိုင် သေးသေးလေး တချောင်းလောက်ပဲ နေမှာပေါ့။ ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ မီးရောင်တခုပါပဲ။ ကလေးမလေးကတော့ ကိုယ့်ကိုယ်ကိုယ် မီးဖိုကြီးတဖိုရဲ့ရှေ့မှာ ထိုင်နေရသလို ခံစားနေရသတဲ့။ မီးဖိုကလည်း တလက်လက်ထနေတဲ့ ကြေးခြေထောက်တွေ၊ ကြေးလက်ကိုင်တွေ တပ်ဆင်ထားတယ်တဲ့။ မီးဖိုကလည်း မီးအား ကောင်းကောင်းနဲ့ တောက်နေလို့ နွေးနွေးထွေးထွေးရှိပြီး တကယ်ကို ဇိမ်ကျနေတယ်။ အို … ဘယ်လိုဖြစ်သွားပါလိမ့်။ သူဟာ ခြေထောက်ကို ဆန့်လိုက် တယ်။ ခြေထောက်ကို နွေးအောင် ခဏလုပ်မလို့ စဉ်းစားတုန်းရှိသေးတယ်။ မီးခြစ်ဆံဟာ မီးငြိမ်းသွားတယ်။ မီးဖိုဆိုတာလည်း မတွေ့ရ တော့ပါဘူး။ သူဟာ အဲဒီနေရာမှာ ထိုင်မြဲထိုင်နေတယ်။ လက်ထဲမှာလည်း မီးခြစ်ပြီးသား မီးခြစ်ဆံတဆံကို ကိုင်လျက်ပါ။

သူဟာ မီးခြစ်ဆံတဆံနဲ့ ထပ်ပြီး မီးခြစ်လိုက်တယ်။ မီးတောက် လာပြန်ပါပြီ။ အလင်းရောင်လည်း ပြန်ပေါ် လာတယ်။ နံရံပေါ်မှာလည်း လင်းနေတယ်။ ရုတ်တရက် အဲဒီနေရာဟာ ဇာပါးပါးလေးအဖြစ် ပြောင်းသွားပြီး အတွင်းကို ထိုးဖောက်မြင်နေရတယ်။ အခန်းအတွင်းက တိုးလျှိုပေါက် မြင်နေရတာပါ။ စားပွဲကိုလည်း နှင်းလိုဖြူဆွတ်နေတဲ့ စားပွဲခင်း ခင်းထားထယ်။ စားပွဲပေါ်မှာ သေသပ်လှပလှတဲ့ ပန်းကန် ခွက်ရောက်များကို တင်ထားပါတယ်။ ဗိုက်ထဲမှားတော့ ပန်းသီးတွေနဲ့ ပြည့်နေပြီး တရုတ်ဆီးသီး၊ ဘဲငန်းကင်ရနံ့ကလည်း သင်းလို့ပျံ့လို့။ ပိုစတိုင် ကျတာကတော့ ပန်းကန်ထဲက ဘဲငန်းကင်ဟာ ကျောမှာ ဓားတွေ၊ ခက်ရင်းတွေ ထိုးစိုက်ပြီး ခုန်ချလာနေခြင်းပါပဲ။ ဘဲငန်း ကင်ဟာ ကြမ်းပြင်ပေါ်မှာ လှုပ်လီလှုပ်လဲ့နဲ့ ဆင်းရဲလှတဲ့ ကလေးမလေးဆီကို တန်းတန်းမတ်မတ် လျှောက်လာပါတယ်။ အဲဒီအချိန်မှာပဲ မီးခြစ်ဆံမီးဟာ ငြိမ်းသွားပြန်ပါရော။ သူရဲ့ရှေ့မှာ အေးစက်နေတဲ့ နံရံထူထူကြီးတခုက ပိတ်ဆို့နေပြန်ပါပြီ။

သူဟာ မီးခြစ်ဆံတဆံကို ထပ်ခြစ်လိုက်ပြန်တယ်။ ဒီတချီတော့ သူဟာ လှပတဲ့ ခရစ်စမတ်သစ်ပင်အောက်မှာ ထိုင်နေရှာသတဲ့။ ဒီခရစ် စမတ်သစ်ပင်ဟာ မနှစ်က ခရစ်စမတ်ပွဲတုန်းက ချမ်းသာကြွယ်ဝလှတဲ့ ကုန်သည်ကြီးတဦးရဲ့ အိမ် မှန်ပြတင်းက လှမ်းမြင်လိုက်ရတဲ့ ခရစ်စမတ် သစ်ပင်ထက် ပိုကြီး၊ ပိုလှတယ်လို့တောင် ထင်မိတယ်။ စိမ်းညို့နေတဲ့ သစ်ကိုင်းများပေါ်မှာ ဖယောင်းတိုင်မီး ၃-၄ ထောင် လောက်ဟာ တလက်လက်နဲ့ ယိမ်းခါနေတယ်။ လှပတဲ့ ရောင်စုံပန်းချီကား အမြောက်အမြားချိတ်ဆွဲထားတဲ့ ကုန်စုံဆိုင်က မှန်ဘီရိုတွေ အလား မြင်ရသူအဖို့ မျက်စိတွေတောင် ကျိန်းနေတော့တယ်။ ကလေးမလေးဟာ ပန်းချီကားတချပ်ကို လှမ်းကိုင်ကြည့်လိုက်တယ်။ အဲဒီ
အခိုက်အတန့်ကလေးမှာပဲ မီးခြစ်ဆံဟာ ငြိမ်းသွားပြန်တယ်။ ခရစ်စမတ်သစ်ပင်ထက်က ဖယောင်းတိုင်မီးတွေဟာ ပိုမြင့်မြင့် တက်သွား တယ်။ နောက်ဆုံးမှာ မိုးကောင်းကင်ပေါ်က တလက်လက်နဲ့ ကြယ်ပွင့်ကလေးတွေ ဖြစ်သွားတော့တယ်။ ရုတ်တရက် ကြယ်ပွင့်လေး တပွင့် ကြွေကျလာပြီး မိုးကောင်းကင်မှာ ရှည်လျားလှတဲ့ အနီရောင် အလင်းတန်း သေးသေးလေးတခု ပေါ်လာတယ်။ “တယောက် ယောက်တော့ သေတော့မယ်””ကြယ်တပွင့် ကြွေကျလာပြီဆိုရင် ၀ိဥာဉ်တခုဟာ ထာဝရ ဘုရားသခင်ထံ သွားတော့မယ်”လို့ သူချစ်ရ တဲ့ တဦးတည်းသော ဘွားဘွား အသက်ထင်ရှား ရှိနေစဉ်တုန်းက ပြောခဲ့ဖူးတာကို ကလေးမက ပြန်ပြောနေမိတယ်။

သူဟာ နံရံထောင့်မှာ မီးခြစ်ဆံတဆံကို ထပ်ခြစ်လိုက်ပြန်တယ်၊ ဒီတချီမှာတော့ မီးခြစ်ဆံ မီးတောက်ကလေးက ပတ်ဝန်းကျင် တခုလုံး ကို လင်းထိန်သွားတယ်။ အလင်းရောင်ထဲမှာ ဖွားဖွားက နူးညံ့သိမ်မွေ့ပြီး ယုယနေတာတွေ ပေါ်လာတယ်။

ကလေးမလေးက ‘ဘွားဘွား’လို့ အော်ခေါ်လိုက်တော့တယ်။ “ကျေးဇူးပြုပြီး ကျွန်မကို ခေါ်သွားပါလား”။ မီးခြစ်ဆံငြိမ်းသွားရင် ‘ဘွားဘွား’ကိုလည်း တွေ့ရတော့မှာ မဟုတ်ပါဘူး။ နွေးနွေး ထွေးထွေးရှိလှတဲ့ မီးဖိုလို။ အမွှေးနံ့ တသင်းသင်းနဲ့ ဘဲငန်းကင်လို။ လှပတဲ့ ခရစ်စမတ် သစ်ပင်တို့လိုပဲ မြင်ရတော့မှာ မဟုတ်ပါဘူး။ ကျွန်မသိပါတယ်။

သူဟာ ဘွားဘွား ပျောက်မသွားအောင် မီးခြစ်ဆံအစည်းကြီးကြီးတစည်းနဲ့ မီးခြစ်ကို အမြန်ခြစ်လိုက်တယ်။ မီးခြစ်ဆံအစည်းကြီးက မီးတောက်ပေါ်လာပြီး နေ့ခင်းလို လင်းထိန်နေတယ်။ ဘွားဘွားဟာ ခုလို ရင့်ကျက်ပြီး လှလှပပ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဘွားဘွားဟာ ကလေးမလေးကို ပွေ့ချီပြီး ရင်ခွင်ထဲမှာ ပိုက်ထားလိုက်တယ်။ သူတို့နှစ်ယောက်ဟာ အလင်းရောင်နဲ့ ပျော်ရွှင်မှုများ အလယ်မှာ လွင့်ပျံနေတယ်။ ပျံလေ မြင့်-မြင့်သွားပြီး၊ အအေးဓာတ်မရှိတဲ့၊ ဆာလောင်မွတ်သိပ်မှုမရှိတဲ့ ဆင်းရဲဒုက္ခကင်းတဲ့ အရပ်သို့ ပျံသန်းရောက်ရှိသွားပါပြီ။

နောက်တနေ့ မနက်ရောက်တော့လည်း အဲဒီကလေးမလေးဟာ နံရံထောင့်မှာ ထိုင်မြဲထိုင် လျက်။ ပါးပြင်နှစ်ဖက်ဟာ နီရဲနေပြီး၊ နှုတ်ခမ်းနှစ်လွှာကတော့ ပြုံးရောင်သန်းနေဆဲပါ။ ဒါပေမဲ့ သူဟာ အသက်မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြိုညမှာ အေးခဲ သေဆုံးသွားရတာပါ။ နှစ်သစ်ရဲ့ နေမင်းဟာ ပေါ်ထွန်းလာနေပါပြီ။ သူ့ရဲ့ခန္ဒာကိုယ် ရုပ်ကလပ်ကလေးပေါ်မှာ နေမင်းရဲ့ အလင်းရောင်ဟာ ဖြန့်ကျက်လို့ နေပါပြီ။ ခလေးမလေးဟာ အဲဒီမှာထိုင်ရင်း မီးခြစ်ပြီးသား မီးခြစ်ဆံတစည်းကို လက်ထဲမှာ ကိုင်ထားဆဲပါ။

“သူ့ဘာသာ ခဏတဖြုတ်လောက်ဖြစ်ဖြစ် အနွေးဓာတ်ကလေးများ ရအောင်လို့ နေမှာပေါ့….”လို့ လူတွေကတော့ ပြော နေရှာပါတယ်။ သူဟာ ဘယ်လောက် လှပတဲ့ အရာတွေကို တွေ့မြင်သွားခဲ့ရတယ်။ ပျော်ရွှင်ချမ်းမြေ့မှုကို ဘယ်လောက်ခံစားခဲ့ရပြီး၊ သူ့ ဘွားဘွားနဲ့အတူ ပျော်ရွှင်ချမ်းမြေ့မှုဆီ ထွက်သွားခြဲ့ပီ ဆိုတာကိုတော့ ဘယ်သူမှ မသိလိုက်ကြပါဘူး။ ။

၁၉ ရာစုအတွင်းက ကျော်ကြားလှတဲ့ ဒိန်းမတ် စာရေးဆရာ အန်ဒါဆင်းရဲ့ လက်ရာ တပုဒ်ဖြစ်တယ်။

2 comments:

photayoke said...

သိပ်ကောင်းတဲ့ ပို့ စ်လေးဗျာ။ လူတွေကို အသိပညာ အတတ်ပညာပေးနိုင်တဲ့ ပို့ စ်လေးပါဘဲ။

win zaw said...

ဖတ်လို့ကောင်းတဲ့ ဘာသာပြန်ပို့စ်လေးပါ။
ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘာသာပြန်ပို့စ်တွေလဲတင်ပါအုန်း။
သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဆင်းရဲစရာတွေ သိပ်များနေရင်
မရွှေပြည်သူ ရေးသားထားသလို
ရင်သားကင်ဆာဖြစ်နေအုန်းမယ်။
ဘာရယ်မဟုတ်ပါဘူး။ တိုက်ဆိုင်လို့ပါ။