Sunday, December 7, 2008

“ပုပ္ပါးတောင်နဲ့ ထန်းရည်သောက်ခြင်း”

ကဲ … ကျနော့်မိတ်ဆွေများကို နည်းနည်းမေးချင်တာရှိတယ်။ အရက်တို့ ထန်းရည်တို့ ခိုးသောက်ဖူးပါသလား …? အရက်တို့ ထန်းရည်တို့ ခိုးသောက်ရတဲ့ ဒုက္ခကို သိကြမှာပေါ့နော်။ ကျနော်လည်း ငယ်ငယ်က ခိုးသောက်တာ အိမ်က လူကြီးတွေသိမှာ ကြောက်လို့ မာလကာရွက် ၀ါးရ၊ ဆန်တွေ ၀ါးရနဲ့ နောက်ဆုံးတော့ မိသွားတာပဲ။

ခု ကျနော်မူးနေတာ ဘယ်သူမှ မသိဘူးဗျ။ ဘာအနံမှလည်း မရဘူး။ ၀ူး … တကယ်ထူးတဲ့ ထန်းရည်၊ ပုပ္ပါးတောင်နဲ့ သောက်တာ။ ကဲ စမ်းကြည့်လိုက် ………

“ပုပ္ပါးတောင်နဲ့ ထန်းရည်သောက်ခြင်း”

ထန်းပင်ပတ်လည်ဝိုင်း
မြူလှိုင်းလူးတွေကြား
မားမားမတ်မတ်နဲ့
ရပ်နေတဲ့
အိုဘယ့် ပုပ္ပါး အို… ပုပ္ပါး
ခင်ဗျား
တောင်ကတုံး
ရောင်ထုံးလို့ပြီးပလား။
ခင်ဗျား
မိုးကောင်းကင်
ကြည်လင်တောက်ပ
လှဆဲ ပဆဲ တောက်ပဆဲ
အပြာရင့်ရင့် လွှမ်းနေဆဲ။
ရွှေနဲ့ ရိုးမှား
ပန်းစကားတွေ
ကြွေတုန်း ဝေတုန်းပဲလား။
နောင်ကြီး ပုပ္ပါး
(ကျုပ်နဲ့ ခင်ဗျား
ပင်ရည်ကျ တခွက်တဖလား
အားရပါးရ သောက်ကျစို့
ထန်းရည်မူးတော့ ရွှေရင်ပျို့)
ကျွှဲခိုးမပေါ်နဲ့ဦးဗျို့
ဗျတ္တနဲ့ မယ်ဝဏ္ဏ
မလှပတဲ့ အချစ်ဘွဲ့
ပုဂံခေတ်ရဲ့အလွမ်း
ခင်ဗျား
တုတ်ထမ်းပြီး ပြောနိုင်ပါတယ်။
နရသီပတေ့ စားတော်ပွဲ
အနေ ဆင်းရဲ
အစား ဆင်းရဲ
ဟင်းခွက်သုံးရာမပြည့်လို့ဘဲ
မြမျက်ရည်ဝေ့ဝေ့၀ဲ
ကံနည်းလှတဲ့အဖြစ်
ခင်ဗျားစိတ်ညစ်သွားတယ်မဟုတ်လား
(သနားလွန်းလို့လေ)။
“မင်းပရိယာယ်
ငတင့်တယ်
နားဝယ်မလည်ရှာ”တဲ့
က၀ိလက္ခဏာစကား
မှားသလား မှန်သလား
ကဲ
သောက်လိုက်ပါဦးတခွက်
အာသွက်လျှာသွက်ဖြစ်အောင်
ငှက်ခါးတောင် ပြာလဲ့လဲ့နဲ့
ဝမ်းမိးကိုဖြည့်ကြစို့ရဲ့
မောင်ကြီး ပုပ္ပါး
ခင်ဗျားအရပ်သား
နယ်ချဲ့ကျားကို အာခံခဲ့တဲ့
ပုဂံသား “ဗိုလ်ချို”
ဝဲလောင်သား “ဗိုလ်ရာညွန့်”
ဘယ်သူပခုံးတွန့်ခဲ့ကြသလဲ
သမိုင်းစာမျက်နှာထဲ
အဖြူ အမဲ ရှင်းပါတယ်။
နယ်ချဲ့ကို ဒူးမထောက်
မကြောက်တဲ့ တရားနဲ့
ကြိုးစင်ကိုတက်သွားခဲ့တာ
ပုဂံသား “ဗိုလ်ချို” ပါ။
အရှုံးပေးလို့ လက်မြှောက်
အကြောက်တရားနဲ့
ကြိုးစင်ကိုရှောင်သွားခဲ့တာ
ဝဲလောင်သား “ဗိုလ်ရာညွန့်” ပါ။
နောင်ကြီး ပုပ္ပါး အို ပုပ္ပါး
အံတကြိတ်ကြိတ်နဲ့ပါလား
စားပြောဦးလေဗျာ
ဆည်းဆာပတ္တမြာခဲ
ဧရာဝတီထဲ ခုန်ချတော့မယ်။
(ဘယ်သူပြိုင်လို့
လှပါတော့နိုင် … တဲ့)
ပုပ္ပါးရဲ့ ဘဝ
ပုပ္ပါးရဲ့ ရသ
ခံစားမှုဝေဒနဲ့
လှပတဲ့သီချင်းကို
စပ်ဆိုခဲ့တဲ့သူဟာ
ဆေးရွက်ခူးတဲ့ယာသမား
ကန်မြဲသား “အေးကျော်”ပေါ့
ခုတော့
သူကွယ်လွန်ခဲ့ပြီလေ။
လွမ်းသူ့ပန်းခွေ မပို့လိုက်ရ
ကဗျာတပုဒ် မရေးလိုက်ရ
နော်ကြီး ပုပ္ပါးရှိနေသမျှ
ကျုပ်တို့ ကျုပ်တို့
သတိရလို့ နေမှာပါ။
နောင်ကြီး ပုပ္ပါး အို ပုပ္ပါး
ခင်ဗျားဂုဏ်ယူဖို့စကား
လက်ဆောင်ပါးလုက်ပါဦးမယ်။

ငသယောက်သား
“မောင်လေးအောင်”
မြင်းခြံသား “လေးမောင်”
ခြင်္သေ့လို လည်ဆံထောင်တဲ့
သံမဏီနှလုံးသားနဲ့
ကဗျာကိုချစ်ခဲ့ကြသူတွေ
ကြွေလွင့်သွားတဲ့
ရဲရင့်တဲ့ ပန်းနှစ်ပွင့်ဟာ
ကဗျာကိုချစ်တဲ့
မျိုးဆက်သစ်တို့ ရင်ထဲမှာ
ထာဝရ ဝေနေပါလိမ့်မယ်။

နောင်ကြီး ပုပ္ပါး အို ပုပ္ပါး
လက်မ ထောင်ထား
ရင်ကော့ထား
တံခါးခေါက်သံကြားရဲ့လား
တိမ်ဆံပင်တို့ နက်မှောင်လို့လာကြ
ညဟာ
တစုံတခုဖြစ်နေပုံပါပဲ
ခြေလှမ်းကြဲကြဲနဲ့
လှမ်းလု့လာနေရဲ့

နောင်ကြီး ပုပ္ပါး အို ပုပ္ပါး
ကျုပ်တော့မူးသွားပြီလေ
(ကြယ်တွေ လတွေ
ဇောက်ထိုးဖြစ်
မြေကြီးကလည်း
ကောင်းကင်ဖြစ်
ကောင်းကင်ကလည်း
မြေကြီးဖြစ်)
လောကကြီးဟာ
သိပ်ချစ်ဖို့ ကောင်းပါတယ်။ ။


မောင်သင်းခိုင်

ဆရာမောင်သင်းခိုင်ရဲ့ “ပုပ္ပါးတောင်နဲ့ ထန်းရည်သောက်ခြင်း”ကဗျာကို ဖတ်ရင်း ကျနော့်စိတ်တွေ မြူးကြွ သူနဲ့အတူ ယိမ်းထိုးလှုပ်ခါ မူးတယ်ဗျာ။ ခင်ဗျားတို့လဲ မူးသွားရင် အိမ်လိုက်နော်၊ ရစ်မနေနဲ့။


6 comments:

ကေမောင်ငြိမ်း said...

ko nyien su , kho taut ma tauk bu pu bya, paw tin taut cha tal, kyite tal byar, pi taut kyunk daw ka a nyar tar bya, shay shay way way tate ma pyaw taut bu byar, pyaw yin so yin ,rat kyaw lay nat , sar ka lay kin lay nat byar, Ga lu Ga lu :P

အိမ်လွမ်းသူ said...

ထန်းရေသာက်ဖို့တော့မဟုတ်ပါဘူး။ ပုပ္ပါးတောင်ရဲ့ နေဝင်ဆည်းဆာအလှကို ထန်းတောထဲကနေပုံဖော်သွားတဲ့ကဗျာက တကယ်ကိုပေါ်လွင်လွန်းလိုက်တာ။ ပုပ္ပါးကိုမရောက်ဖူးပေမြဲ့ ပုပ္ပါးရဲ့ ညနေဆည်းဆာကို မြင်နေရသလိုပါပဲ.. လွမ်းလိုက်တာနော် .. ဘယ်အချိန်ကျမှ လွတ်လပ်မှုတွေနဲ့ အမိမြေရဲ့ အလှတွေကို တဝကြီးခံစားရပါမလဲ...

Mirror said...

အညာနွေနဲ့ ထန်းရည်ဆိုတာ ခွဲမရအောင်ကို လိုက်ဖက်တာ...။
ပြောရင်းက အညာကိုသွားချင်လာပြီ....။

နွေမရောက်သေးပေမယ့် ဒီအချိန်က ထန်းရည်(ထရေ လို့ပြောမှ အရသာရှိတာ)
သိပ်သောက်လို့ကောင်းတာ...
ဖတ်ရင်းသောက်၊သောက်ရင်းနဲ့မူး....အဟူး..ဟူး..ဟူး
မျှဝေတာကျေးဇူး အစ်ကိုရေ...

ငွန်ငယ် said...

ကိုငြိမ်းစု..ရေ ကဗျာဖတ်ရင်း..စိတ်ပါသွားလို တစ်
ကျိုက်လောက်မြီှးသွားတယ်နော့..ဘယ်တူမှပြန်မပြော
နဲ့ ..ဟိဟိ

Unknown said...

ပြန်နိုင်တော့ဘူးနောင်ကြီးရေ့....
ထန်းတောထဲမှာပဲ အိပ်တော့မယ်

kothura said...

ထန်းရည်နဲ့ မြှုဆွယ်ပြီး ကဗျာ ခေါ်ဖတ်ခိုင်းတယ်ဟီဟိ
ကဗျာ ကလည်းကောင်းထရေကလည်း ကောင်း အိုး လွမ်းလိုက်ရတာ မွေးရပ်မြေရယ်။ နေချင်တဲ့နေရာ မနေရ ဝေးနေရတဲ့ ဘ၀ ရင်ထဲ က သောက ဘယ်သူယူလို.မျှနိုင်ပါ့မလဲ အောင်မလေးကိုငြိမ်းစု ရယ်
ခင်ဗျားတို.အဲ့ လိုကဗျာ တွေနဲ့ ရင်ကွဲအောင်မနှိပ်စက်လိုက်ပါနဲ့ မခံစားနိုင်တော့ဘူးးးးးးးးးးးးးဟူးးးးဟူးးးးး
ဟီဟိ