Saturday, February 7, 2009

အရေးကြီး ကာလကို ရောက်တော့မယ်

မစ္စတာဂမ်ဘာရီ ဒီတခါလာတော့ နအဖ အစိုးရက ပါတီဝင် ၄၄ ယောက်(ဒီအထဲမှာ ၁၄ ယောက်က ဗဟိုဦးစီးအဖွဲ့ဝင်)ရှိတဲ့ “၈၈ မျိုးဆက်လူငယ်ကျောင်းသားများ”လို၊ သခင်စိုးဝါဒီ “အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော် သားစု”လို၊ သူတို့ရဲ့အုတ်ကြား မြက်ပေါက်၊ ဗြုတ်စ ဗြင်းတောင်း အဖွဲ့တွေကို ပွဲထုတ်လိုက် တယ်။ အဓိပ္ပာယ်က ၁၉၉ဝ ခုနှစ် ရွေးကောက် ပွဲတုန်းက လူထုထောက်ခံမှု ၈ဝ% ကျော်ရထား တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့နဲ့ အဖွဲ့အစည်းတွေကို တတန်းတည်း ထားပြလိုက်တာဖြစ်တယ်။ နောက်ပြီး သူတို့ ရွေးကောက်ပွဲ ကိုလည်း ပွဲထုတ်လိုက်တာပဲဖြစ်တယ်။
အမှန်ပဲ။ ဒီနှစ်ဟာ နအဖ စစ်အုပ်စုအတွက် ရွေးကောက်ပွဲ ပြင်ဆင်ရေးကာလဖြစ်တယ်။ ဒါပေ မဲ့ ဒါဟာ ပန်းခင်းလမ်း မဟုတ်တာ သေချာတယ်။ အတက်လမ်းပဲ။ နအဖ အဖို့ ရွေးကောက်ပွဲ လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ သူ့လူတွေ နိုင် သည် ဖြစ်စေ၊ မနိုင် သည် ဖြစ်စေ၊ တိုင်းပြည်အာဏာကို သပိတ်ဝင်အိတ်ဝင် ရထားတယ်ဆိုတာတော့ မှန်တယ်။

အခုအခါ နအဖ စစ်အစိုးရရဲ့ ဝန်ကြီးအဖွဲ့အတွင်း ရှန်တိန်လုပ်နေတာတွေ စပြီး တွေ့နေရပြီ။ နောက်အစိုးရမှာ ဝန်ကြီးလုပ်မယ့် လူတွေ၊ ရွေးကောက်ပွဲမှာ အရွေးခံမယ့် လူတွေ စသဖြင့် သူတို့တွင်း စီစဉ်တာ ပြင်ဆင်တာတွေကို မြင်နေရပြီ။ ကြံ့ဖွတ်၊ တစည စသူတွေ လည်း အလုပ်ရှုပ်နေကြပြီး စီးပွားရေးသမားတွေ၊ စစ်အုပ်စု အဆက်အနွှယ် ဟောင်းတွေလည်း ပျားပန်းခတ် ခြေပုန်းခုတ်နေ ကြတယ်။ ဒါ့အပြင် နိုင်ငံရေးသမားဟောင်းကြီး တချို့လည်း ပြန်ထွက်လာတာဟာ စိတ်ဝင်စားစရာပဲ။ ပြည်ပမှာ တောင်မှ နအဖရဲ့ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်ဆင်နေတာ၊ စည်းရုံးနေတာတွေ တွေ့နေ၊ ကြားနေ ရတာဟာ အံ့သြ ကုန်နိုင်ဖွယ်လို့ ဆိုရမှာပဲ။
အခုလို ရာထူးတွေ၊ အာဏာတွေ၊ အခွင့်အရေးတွေ ခွဲဝေပေးမယ့် ရွေးကောက်ပွဲမှာ နအဖ အနေနဲ့ သူ့လူတွေ သူထိန်းချုပ်နိုင် ပါ့မလား။ တခြား လူတွေ၊ တခြား အင်အားစုတွေကို ဘယ်လောက် စုမိလို့ ဘယ်လောက် အားတောင့်တဲ့ အနေအထားအထိ သည်း ညည်း ခံနိုင်မလဲ။ တကယ်လို့များ သူတို့ကို ဆန့်ကျင် သူတွေက လွှတ်တော်ထဲမှာ အများစုဖြစ်လာရင် နအဖ က ဘယ်လို သဘောထား မလဲ။ ဒါတွေကလည်း စိတ်ဝင်စားစရာပဲ။
ဒါပေမဲ့ သေချာတာတခုက နအဖ က မျက်မှောင်ကုတ်ကြည့်နေတဲ့ နအဖရဲ့၂ဝ၁ဝ ဒီမိုကရေစီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ကိုမင်းကိုနိုင်တို့လို ရှစ်လေးလုံး မျိုးဆက်တွေအတွက် မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ဖမ်းထားတဲ့ လူတွေကို ရွေးကောက်ပွဲရဲ့ အ ချက်အခြာ ဒေသတွေနဲ့ ဝေးသထက်ဝေးတဲ့ ထောင်တွေကို ပို့နေတာ ကြည့်ရင် ရည်ရွယ်ချက်က ရှင်းနေတယ်။ အဖွဲ့ချုပ်ကိုလည်း အင်ပ လိုးရှင်း(implosion)ခေါ် သူဖာသာ အတွင်းပိုင်း လှိုက်ပြီးပြိုကျသွားတာ၊ ဒါမှမဟုတ် သူ့အလိုလိုပြိုကွဲ ပျက်စီးသွားတာမျိုးတွေ ဖြစ်အောင်၊ လက်သည်မပေါ်ပဲ သတ်ပစ်နိုင်အောင် နအဖ က ကောက်ကောက် ကျစ်ကျစ် လုပ်ကြံနေ၊ အာဘော်လွှင့်နေတာတွေ အမျိုးမျိုးတွေ့နေရ တယ်။ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို တရားခံဖြစ်အောင် အခု ကတည်းက စနစ်တကျ အာဘော်ဖန်တီးနေတယ်။ နအဖ အဖို့ သူတို့ရဲ့ လမ်းပြမြေပုံ အဆုံးပိုင်းနားကို ရောက်လာပြီ ဖြစ်တဲ့အတွက် လက်နက်ကုန် ထုတ်သုံးတော့မယ်ဆိုတာကို သံသယဖြစ်စရာ မလိုဘူး။ ဒါ ပေမဲ့ ဒီလိုပြောတဲ့အတွက် ပြည်သူတွေက ဒါကို ကြောက်လန့်ဖို့ မဟုတ်ဘူး။ ပြည်သူတွေဖက်ကလည်း လက်နက်ကုန် ထုတ်မသုံးရသေး ဘူးဆိုတာ မမေ့သင့်ဘူး။ နအဖ အကြောက်ဆုံး ဖြစ်တဲ့၊ ညူကလီယာလက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကြီးတခုဖြစ်တဲ့ ပြည်သူ့ အင်အား ဖော်ပြမှုဆိုတဲ့ လက်နက်ကြီးကို မသုံးစွဲရသေးဘူး။ အခုမှ လူထုတွေဟာ ဒီလက်နက်ကြီးကို တည်ဆောက်ဆဲ ရှိသေးတယ်လို့ မြင်ရမယ်။ ဒါ့အပြင် ဒီလက်နက်မှာ ကျည်ဆံကုန်တယ်လို့ မရှိဘူးဆိုတာလည်း မှတ်သားထားသင့်တယ်။
နောက်မျဉ်းသားပြသင့်တဲ့ အကြောင်းအရာတခုက နအဖမှာ တခြား အခက်အခဲတွေလည်း ရှိနေသေးတယ် ဆိုတာပဲ။ သူတို့ အဖို့ မီးဝိုင်းနေတဲ့ အခြေအနေလို့ မဆိုနိုင်ပေမဲ့ မီးခဲကို ဖင်ခု ထိုင်နေရတဲ့ အခြေအနေမျိုးလို့တော့ ဆိုနိုင်တယ်။ အဲဒီအထဲက တခုက အ ပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိစ္စပဲဖြစ်တယ်။ ဒီအဖွဲ့တွေမှာ သဘောထား တမျိုးထဲ ရှိကြတာ မဟုတ်သလို စဉ်းစားနည်းတွေ လည်း အမျိုးမျိုးကွဲ ကြတာပဲ။ ဒါပေမဲ့ တူညီတာတခုက သူတို့အားလုံးဟာ နအဖ စစ်အစိုးရကို အကုန်ပုံပြီး မယုံသေးဘူးဆိုတဲ့ အချက်ပဲ။ အားလုံးဟာ‘စောင့်ကြည့်’ ပေါ်လာစီကို ကိုင်ပြီး အကဲခတ်နေကြတာဖြစ်တယ်။ ကိုယ့်ကြမ္မာကို နအဖရဲ့ကံကြမ္မာနဲ့ တထပ်ထဲထား လိုက်ရင် ကိုယ့်ဘဝရော၊ ဂုဏ်သိက္ခာရော ပစ္စလက္ခတ်ဖြစ်သွားမယ်ဆိုတာ သူတို့ သိကြတယ်။ သူတို့လည်း သမိုင်းတရားခံ ဖြစ်မှာကို တော့ ကြောက်တာပဲ။ ဒီလို အနေအထားတွေ ရှိနေလို့လည်း နအဖ တိုင်းမှူးတွေဟာ အဲဒီ အဖွဲ့အစည်းတွေဆီကို ဥဒဟို ချောင်းပေါက်မ တတ် သွားနေ၊ “နားချ”နေကြတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီး ပေါ်ပေါက် ခဲ့တဲ့နောက် ဗမာပြည်သူတွေအကြားမှာ လက် နက်ကိုင်ချင်စိတ်တွေ ပို ပြင်းပြလာတာကြောင့်လည်း နအဖ ဗိုလ်ချုပ်တွေအနေနဲ့ ဒီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို တင်းတင်းမာမာ မဆက်ဆံမိအောင် ပိုသတိထား နေရတာဖြစ်တယ်။
တလောက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နအဖကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်ဆိုတာမျိုးဟာလည်း နအဖအတွက်ရ င်ဆိုင်ရ၊ ကျော်လွှားရခက်တဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ ဖြစ်တယ်။ စစ်အစိုးရအဖို့ ပြောရရင် ၈၈ ခုနှစ် ကတည်းက တွေ့ကြုံနေရတဲ့ ပြည်ပဆက်ဆံရေးမှာ ခံစစ်ပဲ ဖြစ်နေတာကို အခုအထိပြောင်း မပစ်နိုင် သေးဘူး။ တလှမ်းတိုးတိုင်း မစင်ပုံ နင်းမိနေတာချည်း ဖြစ်နေတုန်းပဲ။ နောက်တခုက ကမ္ဘာ့စီးပွားရေး အကြပ်အတည်း။ ဒါဟာလည်း နအဖ အဖို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတာ ဖြစ်တယ်။ ပိုဆိုးတာက ဒီနေ့လို စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ငွေအများကြီး သုံးစွဲရမယ့် ကာလမှာ ကျမှ ဒီစီးပွားရေးကပ်က လာဆိုက်နေတာ။ နောက်ပြီး ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ သူတို့အနေနဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ လက်မှိုင်ချပြီး ကံသာအမိ ကံသာအဖဆိုသလို မြန်မြန်ကုန်လွန် သွားပါစေလို့ ပရိတ်ရွတ် ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။
ဒါကြောင့် ၂ဝဝ၉ နဲ့ ၂ဝ၁ဝ ခုနှစ်တွေဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ နှစ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးအင်အားစုတွေ အကြားမှာ ခွဲထွက်မှုတွေ ပေါင်းစည်းမှုတွေ ပေါ်လာနိုင်တယ်။ ထောင်ထဲရောက်မယ့် လူတွေလည်း မနည်းပဲ ရှိနိုင်တယ်။ ဒါပေမဲ့ နအဖ ဘာမှ မတတ်နိုင်တဲ့ အနေအထားတွေလည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာ မျှော်မှန်းထားသင့်တယ်။ ဒီအတွက် ပြင်ဆင်တာ၊ စည်းရုံး တာတွေ ဘယ်လောက် လုပ်ကိုင် ပြီးကြပြီလဲ။
ဗသြ

No comments: