Monday, July 20, 2009

ကယ်တင်ရှင်မရှိပါ

ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ဗမာပြည်ကနေ ပြန်သွားပြီးတဲ့နောက် ပြည်ပက မီဒီ ယာတွေ အကြားမှာ ဒီခရီး စဉ်ဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာကို အတော်က လေး ရေးကြီးခွန်းကျယ် ပြောဆိုကြတာ သတိထားမိ ပါတယ်။ နောက်ထပ် သတိပြုမိ တဲ့ အချက်ကတော့ မစ္စတာဘန်ကီမွန်း ပြန်သွားတဲ့ နောက်မှာ ဒီလိုပြောဆို ရေးသားတာတွေဟာ ဂယက်လောက်သာ ဖြစ်နေခဲ့ပြီး လှိုင်း ငယ်ငယ်တောင် ဖြစ်မလာ ဘူး ဆိုတာပါပဲ။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာကို ပြန်စဉ်းစားလိုက်တော့ အဓိက အကြောင်းရင်းက ပြည်တွင်း က ပြည်သူတွေက ဒီခရီး အပေါ်မှာ စိတ်ဝင်စားမှု နည်းလို့၊ မျှော်လင့်ချက် ထူးထူးခြားခြား မထားလို့ ဖြစ်ပါတယ်။

ပြောရရင် ဗမာပြည်ရဲ့အရေး နိုင်ငံတကာ စားပွဲခုံတွေပေါ်ရောက်သွားတာကို ဗမာပြည်သားတွေက မလိုလားပါဘူး။ ဘယ်သူ မဆို ကိုယ့်အိမ်တွင်းက ပြဿနာကို ကိုယ့်အိမ်တွင်းမှာပဲ ဖြေရှင်းချင် တာပါ။ အိမ်ပြင်ရောက်သွားရင် ရှက်စရာကောင်းတယ်လို့တောင် ယူဆကြတာပါ။ ဒါပေမဲ့ နအဖ စစ်အစိုးရရဲ့အာဏာရမက်ကြီးမှု၊ အင်အားနဲ့အနိုင်ကျင့်လိုမှု၊ အမှန်တရားကို လက်မခံနိုင်မှု တို့ကြောင့် အိမ်တွင်းကိစ္စဟာ ရပ်ကျော် ရွာကျော် ဖြစ်ကုန်ရ ပါတယ်။

ကိုယ့်တိုင်းပြည်ရဲ့အရေး ဒီလိုပြည်ပကို ရောက်သွားတဲ့အခါမှာ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတာ၊ မရှိတာတွေ နောက် ထားလို့ ပထမဆုံး ဖြစ်လာတာကတော့ ကိုယ့်ပြဿနာဟာ သူများ ပြဿနာ ဖြစ်သွားတာပါပဲ။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေရဲ့ ပြဿနာ ဖြစ်သွားတာပါပဲ။ ဒီအခါမှာ သူတို့က ကိုင်တွယ် ဖြေရှင်းတယ်ဆိုတော့ သဘာဝကျစွာပဲ ဗမာပြည်ရဲ့ပြဿနာကို သူတို့ အကျိုး စီးပွားပေါ် အခြေခံပြီး ချဉ်းကပ်ကြပါတယ်။ အဲဒီလိုချဉ်းကပ် စဉ်းစားနည်းမျိုးတွေကနေ ပေးလာတဲ့ အကြံပေးချက်တွေကို အစိုးရရော၊ အတိုက်အခံတွေပါ လက်ခံရ အခက်၊ လက်မခံရ အခက် ဖြစ်တော့တာပါပဲ။ သူတို့ ဖြစ်စေချင်တာတွေက ဗမာပြည်သားတွေ ဖြစ်ချင် တာနဲ့ တူချင်မှ တူညီတာဆိုတာကို မေ့လို့ မဖြစ်ပါဘူး။

ပိုဆိုးတာက ဒီပြည်ပက လူတွေဟာ ကုလသမဂ္ဂလို၊ အီးယူလို၊ အာစီယံလို အဖွဲ့နာမည်ကြီးတွေနဲ့ လုပ်ကြပြောကြတာ ဆို တော့ ဗမာပြည်သားတွေအဖို့ ဒါကြီးတွေ လုပ်ကိုင်ကြတာတွေကိုပဲ အဖြေရ နိုးနိုး၊ လိုချင်တာရ နိုးနိုး၊ ဟိုဟာ နိုးနိုး၊ ဒီဟာ နိုးနိုး မျှော်ရ မလို ဖြစ်လာပါတယ်။ နောက်ပြီး“ဗမာပြည်အကြောင်း ကျွမ်းကျင်သူ”၊ “ဗမာပြည်ကို စာနာသူ”ဆိုသူတွေကလည်း ဗမာပြည်အရေး ဆွေး နွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ တချီပြီး တချီ ကျင်းပကြပါတယ်။ တချို့လူတွေကလည်း ဒီလိုပြည်ပကနေ စဉ်းစားတွေးဆ တာတွေကိုပဲ သိုက်စာပေးသလို ပေးကြပါတယ်။

ဒီနေ့ နိုင်ငံတကာ အခြေအနေတွေဟာ တော်တော် မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဖက်ဖက် မှာ ပြောင်းလဲနေတာပါ။ နိုင်ငံတိုင်းဟာ အဲဒီ အပြောင်းအလဲတွေနဲ့အညီ ကိုယ့်ကိုယ်ကို လိုက်လံထိန်းညှိနေရပါတယ်။ ဒီထဲမှာ အမေရိ ကန် နိုင်ငံလည်း ¹ခွင်းချက်မဟုတ်ပါဘူး။ ဗမာပြည်နဲ့ပတ်သက်ပြီး သူတို့လုပ်မဲ့ ပေါ်လစီ အပြောင်းအလဲတွေဟာ ဗမာပြည်အတွက်၊ ပြည် သူတွေအတွက် ဘယ်လောက် အကျိုးရှိမှာလဲ။ သေချာ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ “မိတ်အင်- - -” နိုင်ငံခြားမှာ လုပ်သည်ဆို တိုင်း ကောင်းတယ်လို့ ယူဆလို့မဖြစ်ပါဘူး။

တကယ်လို့ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရင် ဘာပြောမယ်ဆိုတာကို ဘာမှမသိရပဲ သူဒီလိုပြော ခွင့်မရတဲ့အတွက် ဆုံးရှုံးမှု ဘယ်ရွေ့ဘယ်မျှ ကြီးပါသကောလို့ အချေအတင် ပြောနေကြတာဟာ မယောင်ရာ ဆီလူးသလိုများ ဖြစ်နေ သလား စဉ်းစားစရာ ဖြစ်နေပါတယ်။ တကယ်ကျတော့ သူပြောမယ့် စကားဟာ ဗမာပြည်သားတွေရဲ့အကျိုးနဲ့နီးစပ်ရဲ့လား၊ မနီးစပ် ဘူးလား၊ ဘယ်သူမှ မသိပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “တောင့်ထား၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ထောက်ခံတယ်”လို့ မပြောမှာတော့ သေချာပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်သင့်ကြောင်း ဆိုတာမျိုးတွေတော့ ပြောကောင်းပြောနိုင် ပါတယ်။ ဒါကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောမယ့်စကားဟာ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ စကားမျိုးဆိုရင် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတဲ့အတွက် ဗမာပြည်ပြည်သူတွေမှာ ဘာမှ မဆုံးရှုံးပါဘူး။ သူ့တဦးချင်း ဂုဏ်သိက္ခာ အတွက်တော့ ဆုံးရှုံးမှု ရှိကောင်းရှိနိုင်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာဂမ်ဘာရီတုန်းက အတွေ့မခံခဲ့ဘူးဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်။ မစ္စတာဂမ်ဘာရီက သူ့ခြံပေါက်လာပြီး ပြောတာတောင်မှ လက်မခံခဲ့တာပါ။ အခုလည်း မစ္စတာဘန်ကီမွန်းက တွေ့ချင်ပါတယ် ဆိုဦးတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီကို အတွေ့မခံခဲ့တာဟာ ပုဂ္ဂိုလ်အာဃာတကြောင့် မဟုတ်နိုင်ပါဘူး။ သူပြောခဲ့တဲ့၊ သူပြောမယ့် စကားတွေနဲ့ ဆက်စပ် နေမယ်လို့ ယူဆရ ပါတယ်။

ဒီနေရာမှာ ထပ်ထောက်ပြသင့်တဲ့အချက်က ဗမာပြည်ပြည်သူတွေဟာ ကိုယ့်တိုင်းပြည် နိုင်ငံရေးနဲ့ပတ်သက်လာရင် သူတို့ထင် သလို မနုံအဘူးဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ တက္ကသိုလ်တွေကသင်ပေးမှ နားလည်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့်လည်း ဗမာပြည် ပြည်သူတွေဟာ မစ္စတာဘန်ကီးမွန်ရဲ့ခရီးကို ထူးထူးခြားခြား စိတ်မဝင်စားပါဘူး။ မျှော်လင့်ချက်လည်း လုံးဝ မထားပါဘူး။ ‘အော်-လာပြန်ပကော၊ ပြန်သွားပြန်ပကော’လို့ပဲ အောက်မေ့တာပါ။ အားမနာတမ်းပြောရရင် နအဖရဲ့အထာကို ဗမာနိုင်ငံ သားတွေက မစ္စတာဘန်ကီမွန်းထက် ပိုသိပါတယ်။ နအဖအပေါ် မစ္စတာ ဘန်ကီမွန်းထားတဲ့ မျှော်လင့်ချက်မျိုး ဗမာပြည်သားတွေက မထားပါဘူး။ နည်းနည်းမှ မထားပါဘူး။ နအဖ စစ်အာဏာရှင်တွေကို မစ္စတာ ဘန်ကီမွန်း မပြောနဲ့ စကြာဝတေး နတ်မင်းကြီး လာပြော တောင် အာဏာနဲ့ပတ်သက်လို့ကတော့ တပြားသားမှ မလျှော့ဘူးဆိုတာ ဗမာပြည်သားတွေက အသိဆုံး ဖြစ်ပါတယ်။

ဒီလိုဆိုတဲ့အတွက် ပြည်ပက ဖိအားပေးတာ၊ ပြည်သူတွေဖက်က ရပ်တည်ပေးတာ၊ ဒီမိုကရေစီဖက်က ရပ်တည်ပေးတာတွေ ကို ငြင်းပယ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ခံရုံမက ကြိုဆိုရမှာပါ။ သူတို့ရဲ့အခန်း၊ သူတို့ရဲ့ထိရောက်တဲ့အတိုင်းအတာတွေကို အသိ အမှတ်ပြုရပါမယ်။ ဒါပေမဲ့ ပြည်ပက လုပ်ကိုင်မှုတွေကို မှားယွင်းတဲ့အချက်ပြမှုပေးပြီး ပြည်သူတွေကို ကယ်တင်ရှင် မျှော်စေတာမျိုး ဆိုရင်တော့ ဆန့်ကျင်ကြရပါမယ်။

ဒီနေ့ ဆင်နွှဲနေကြတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကယ်တင်ရှင် မရှိပါဘူး။ ပြည်သူလူထုကြီးကသာ တိုင်းပြည်ကိုရော အရေးတော်ပုံကိုရော ကယ်တင်နိုင်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
ဗသြ

2 comments:

ခြေလှမ်းသစ် said...

ဟုတ်ပါတယ်...ပြည်သူသာလျှင် ကယ်တင်ရှင် အစစ်ပါ..

FreedomFighter88 said...

မှန်လိုက်လေ ကိုဗသြရေ။ တခုပြောချင်တာရှိသေးတယ်
လူနာမျက်ဖြူဆိုက်လေဆရာကြိုက်လေဆိုသလို
မြန်မာနိုင်ငံရေးကိုအကြောင်းပြပြီး မြန်မာပြည်သူလူထု
ကိုမျောက်ပြဆန်တောင်းလုပ်နေတဲ့နိုင်ငံရေးအချောင်
သမား ကြားပွဲစားတွေကြောင့် တော်လှန်ရေးကြီးရေစုန်
မျောနေခဲ့တာကြာပါပေါ့။ ဒီလူတွေဟာလည်း နအဖ လို
public enemy ပါပဲ။
(ကိုငြိမ်းစုရေ..ပေါက်ကွဲသွားတယ်ခွင့်လွှတ်ပါ)