Tuesday, December 29, 2009

ခံစစ်မှသည် … ကမ္ဘာ့ရွာလေး … သို့

၂၁ နှစ်စာ အလွမ်းတွေနဲ့
ကြိုးစားခွင့် ရလိုက်ကြတာ
အစားထိုးလို့မရမှုတွေနဲ့
ဟိုတနေ့က ဆိုတာ
ဖြစ်တည်ရရှိခွင့်တွေနဲ့ပဲ
ကြုံခဲ့ရတာ …။

ဟုတ်ပါ့ …
သစ္စာတရားနဲ့ ဖွဲ့တည်လိုက်တော့
အိုင်ဒီအိုလောဂျစ် ပရိုဂရမ်မာ တွေတောင်
ယုတ္တိကျကျ
သစ္စာတရားတွေနဲ့ အသားကျ
သီးခြားဝါဒကို စွန့်လွှတ်ခဲ့တာ …။

ငါတို့ဟာ …
ကဗျာဆရာတွေဖြစ်တယ်။
တခါတလေကျ
ကဗျာထဲက ကဗျာတွေ အဖြစ်ခံလိုက်ရနဲ့
အပတ်စဉ်ဆွေးနွေးပွဲထဲက
မထွက်ခွာနိုင်ခဲ့သေးတာ
ဒါတောင် …
၂၁ ရာစု အစထဲဝင်လု
နည်းပညာမှတ်တမ်းတွေထဲ
ထည့်တွင်း ခံလိုက်ရသူတွေ …။

တကယ်တော့
အဆိုးတွေကို တိုက်ခိုက်နေတဲ့
အမှန်တရားက အကောင်း
နည်းမှန်လမ်းမှန်သူတွေ
အကောင်းထဲက သူတွေ
အနှစ် ၆၀ ပြည်တွင်းစစ်ထဲက သူတွေ
အားလုံး …
ထည့်သွင်း မှတ်တမ်းတင်ခံခဲ့ရ
နည်းပညာ စာရင်းဇယားအကွက်အစိတ်တွေထဲ။

စစ်အေးလွန်ခေတ် လက်ကျန်ပစ္စည်းတွေထဲ
ယူအန်ကလည်း
ဗီတိုအာဏာထဲ နစ်မြုတ်ဆဲ
အရေးအခင်းများတိုင်းထဲ
အကွဲကွဲ အလွဲလွဲနဲ့
ကွဲလွဲနေခွင့် ရလိုက်ကြတာ
တခါတလေ အလွဲတွေများတောင်
အကြိမ်ကြိမ်စီးဆင်းနေတော့တာ။

ဒီလိုပါပဲ
ခေတ်လွန်စီးဆင်းသွားစေတဲ့
သမိုင်းမှတ်တမ်းကို ရေးသီရင်းနဲ့
ခပ်ပါးပါး ဘ၀ထဲ ဖြတ်သန်းလို့
သွေးမုန်တိုင်းကလည်း
လှိုင်းဖွဲ့လိုက်
ငြိမ်သက်လိုက်နဲ့
၂၁ နှစ်မြောက်မွေးနေ့ထဲ ၀င်ရောက်
သမိုင်းတွေတောင်
ဒီခေတ်ထဲ ဖြတ်သူတို့အတွက်
သူတို့နဲ့
လိုက်ဖတ်ညီရင်း
အကြိမ်ကြိမ် ဂါရ၀ပြုခံခဲ့ရတာ။

တိုက်တိုက်ဆိုင်ဆိုင်
မနေ့က
ဟို ၂၁ နှစ်ကျော်က
အဦးအစ နေ့တနေ့လိုလို
စုဖွဲ့သီကြူး
စစ်အုပ်စု အရူးတချို့တို့ရဲ့ အကြောင်း
အဲဒီလို နောက်ခံကားတွေနဲ့
ဟားတိုက်ရယ်မောပစ်ခဲ့တဲ့
သူတွေ …
အဲဒီလိုနေ့တွေမှာပဲ
၁၀ စုနှစ် တခုကိုကျော်ဖြတ်
သွေးမတိတ်သေးတဲ့ ဒေသထဲ
အနီရောင်သမိုင်းထဲ
မနေ့တနေ့ကလိုပါပဲ။

ဟုတ်ပါရဲ့
တံတိုင်းတွေခြားခံရတဲ့
အလွမ်းတွေကလည်း
ထပ်တူကျခဲ့
နှစ်တိုင်းလိုလိုပါပဲ
အကြောင်းအရာတွေက အရင်လိုပဲ
အလွမ်းတွေနဲ့ထပ်တူကျခဲ့တာ
ညီမလေးရေ …
နင့်ကို လွမ်းလိုက်ပုံများ
နှစ်လတွေ
ငါတို့ကို ဆုံဆည်းခွင့်ပေးပါ။

မှတ်ချက်ချခံထားရတဲ့
လူ့အဖွဲ့အစည်းငယ်လေးထဲ
လူသားတန်ဖိုးအရ
အရောင်ဆိုးခံလိုက်ရတဲ့သူတွေ
ဘယ်လောက်များများ
နှစ်သိမ့်ခံလိုက်ကြရ
ဖောက်ပြန်ခဲ့လိုက်ကြတာ
အဲဒီလိုမျိုး နားလည်မှုမျိုးနဲ့
ဆက်ခံလိုက်ရတဲ့သမိုင်းတွေ
အချိန်တွေအတိအကျနဲ့
နှစ်သိမ့်ခံလိုက်ရတာ
လွမ်းစရာပဲ …။

အခန်းအနားအစီအစဉ်အရ
ကန့်သက်အချိန်အတွင်းမှာပဲ
တော်လှန်ခွင့်ရကြသလိုမျိုး
နိဂုံးချုပ်မိန့်ခွန်းနဲ့ပဲ
ပျိုးကြဲသွားလေရဲ့
ရူးသွပ်မှုတွေတောင်
ကန့်သက်ခံရ
ယုံကြည်မှုရေ …
အစွဲအလမ်းနှစ်တွေထဲ
မီးတွေမှိတ်
တံခါးတွေပိတ်ပြီး
အိပ်လိုက်ကြရတဲ့နှစ်တွေ
တနှစ်ပြီးတနှစ်
အခုဆို ၂၁ ရာစုထဲတောင် ရောက်ခဲ့။

အစွဲလမ်းတွေနဲ့ ကြီးစိုးနေတဲ့
ရွာတရွာထဲမှာ
အကြိုးစီးပွားတွေနဲ့ အသားကျနေတဲ့
ရွာတရွာထဲမှာ
နေသားတကျဖြစ်တည်ခွင့်တွေ
တောင်းဆိုကြနဲ့
တတိယကမ္ဘာမှာ စနစ်တကျ ကျွန်ပြုခံရ
ရဲဘော်ကြီးရေ … သွားတော့
မချစ်မနှစ်သက်တဲ့သူတွေဆီသွားတော့
အလွမ်းမီးတောင်ပါသယ်ဆောင်သွားကြ
နှစ်ကာလတွေက
လူတွေကို မစောင့်ဘူး
သွားတော့ …
ခရီးဝေးလမ်းကို ယွမ်းတော့
စနစ်တကျ ကျွန်ပြုခံလိုက်တော့။

မျောလွင့်ကြတော့
မိုးသောက်တိမ်စိုင်များနဲ့အတူ
ဟိုးအဝေးဆီကို
အမိနိုင်ငံရဲ့ အဝေးကို
ကိုယ့်ကိုကိုယ်
စနစ်တကျနဲ့ မျောလွင့်တော့
ခရီးစဉ်အသစ်ကို နှင်တော့။

(ဒီကဗျာကို ဒီနှစ် ဒီဇင်ဘာအစမှာရေးတယ်)
နန္ဒအိမ်

No comments: