Thursday, January 7, 2010

ကျည်ဆံ

“အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိသတဲ့”
(ခင်ဗျားတို့လည်း ကြားဖူးမှာပါ)
အရှေ့တိုင်းရဲ့ အတွေးအခေါ်ရှင်
စိန့်တိုင်းရဲ့ခေါင်းဆောင်ကြီးတယောက်က
(တစုံတရာ … အယူအဆနဲ့)
သူရဲ့ကိုယ့်တွေ့ဖြတ်သန်းမှု့
ခရီးရှည်ချီတက်ပွဲအတွေ့အကြုံအရ
တခုတ်တရပဲ ပြောဖူးတယ်။

သေချာတာက …
ကျည်ဆံမရှိရင် သေနတ်ဟာ
ဒုတ်တချောင်းလောက်တောင်
ရိုက်လို့မကောင်းဘူး
လှံစွပ်တပ်ထားရင်တော့လည်း
ချွင်းချက်ပေါ့
ဟုတ်စ။

အချိန်ကာလတုန်းက
အီတလီမြို့ကြီးတချို့မှာ
“ကိုဆြာနိုထရာ” ခေါ်တဲ့
စစ္စလီ
ဒွန် ၂ ဂိုဏ်း
နယ်မြေလုပြစ်ခတ်ကြသတဲ့
ခေါင်းဆောင်နေရာလုတဲ့ပွဲပေါ့။

သေချာနေတာက
ကျည်ဆန်လုံးဝမပါတဲ့
မောင်းပြန်သေနတ်တလက်ဟာ
လမ်းလျောက်ဒုတ်ကောက်တချောင်းလောက်တောင်
အသုံးမကျဘူး
အနည်းအကျဉ်းရိုက်လို့ရရင် ရမပေါ့
မိတ်ဆွေစမ်းကြည့်လိုက်လေ။

ဒါဆို …
ကျည်ဆန်တတောင့်မှမပါတဲ့
သေနတ်ပြောင်းဝဟာ
အာဏာဖြစ်နိုင်ပါ့မလား
အမိန့်၊
အာဏာ ရှိနိုင်မှာလား
လှံစွပ်ဓားမြောင်တလက်ကမှ
ဟုတ်နိုးနိုး
ဖြစ်နိုင်ချေရှိရဲ့။

တကယ်သေချာတာက
ကျည်ဆန်မရှိတဲ့ ပစ္စတိုသေနတ်တလက်ထက်
ဒုတ်ကောက်တချောင်းထက်
ကျည်တကဒ်
(သို့)
တဘောက်လုံးမဟုတ်တောင်
ခဲဖူးတပ်ထားတဲ့
ကော်လ်ဒိုက်ယမ်းအားသုံး
ကျည်တတောင့်ဟာ
သေနတ်ပြောင်းဝထက်သာတဲ့
အာဏာပဲထင်ပါရဲ့
ဆန်းစစ်ကြည့်လိုက်ပါ။

ကျူးကျော်သူနဲ့ ကျူးကျော်ခံရသူ
နိုင်ငံ ၂ ခု ရဲ့ စစ်ပွဲ
(တနည်း)
တတိုင်းပြည်ထဲ
စစ်အာဏာရှင်နဲ့ ဆန့်ကျင်ပုန်ကန်သူ
သူတို့ရဲ့ တိုက်ပွဲ
တော်လှန်ရေးတခုပဲထားပါတော့
သေနတ်ပေါင်းများစွာ
သို့တည်းမဟုတ်
သေနတ်ပြောင်းဝတခုမှာ
ကျည်ဆန်မရှိ
မထွက်ရှိရင်
အာဏာဆိုတာ ဘယ်မှာပါလိမ့်။

ဖော်ပြပါ ဒဿနတရပ်အရ
ကျည်ဆန်ဟာ အာဏာဆိုရင်
၂ ဦး ၂ ဖက်
၂ နိုင်ငံ ရှင်သန်မှုမှာ
တဖက်ဖက် အောင်မြင်မှုတွေမှာ
ကျည်ဆန်တတောင့်ဟာ မျှော်လင့်ချက်ပေါ့
ကျည်ဆန်ဟာ ဘ၀ပဲပေါ့
ကျည်တတောင့်
တဘောက်မှ မရှိရင်
ဘ၀ဟာ သေဆုံးမှုပဲပေါ့
ရှင်သန်မှုမဲ့ …
အကြီးအကျယ် ကျဆုံးမှုကြီးပေါ့။

ကဲ … မိတ်ဆွေ
ကျူးကျော်သူကျဆုံးဖို့အတွက်နဲ့
စစ်အာဏာရှင်တွေ သေးဆုံးဖို့အတွက်
ငါ့ဘ၀ကို အမြန်ဆုံးပဲ
ကျည်ဆန်တတောင့်အဖြစ်
အသုံးချ ပစ်ခတ်လိုက်စမ်းပါတော့။

ကေအက်စ်

No comments: