Sunday, January 10, 2010

ရေတမာပင်အောက်က ခြေရာပိုင်ရှင်တို့ရဲ့ မှာတမ်း

ခရီးထွက်မြစ်တစင်းလို
ညနေဆည်းဆာများ တခုချင်းဖြတ်ကျော်ရင်း
ဒီခရီးစဉ်ကိုပဲ
ချစ်တတ်လာခဲ့။

ခေတ်ပေါ်ယုံကြည်ချက်တို့
ပြည့်နှက်ကြပေါ့ …။

ယုံကြည်ချက်တို့
ပြုပြင်ပြောင်းလဲခဲ့ကြတဲ့အခါ
လူတချို့ရဲ့ ဦးနှောက်ထဲ
ယုံကြည်ချက်ကို ခုန်ကူးကြ
နှစ်ပေါင်းများစွာကြတဲ့အခါ
အခါခါ သေခြင်းထဲမှာ
ကြိမ်စာသင့်ခံကြ။

ဝင်းပခွင့်မရတဲ့ အတွေးခေါ်များတို့
ခေတ်သစ်ကမ္ဘာရဲ့ ပဋိပက္ခ နိုင်ငံငယ်လေးထဲ
အမှတ်တရ နေ့ခင်းထဲ
ပေါက်ကွဲလိုက်ကြတာ
ကောင်းကင်ပြာကြီးတောင်
ငိုကြွေးလိုက်ရဲ့
အဲဒီလို အခါလွန်မိုးနဲ့
သူတို့ … ဟစ်ကြွေးလမ်းလျောက်ခဲ့ကြ
သမိုင်းမှတ်တမ်းတင်ခဲ့ကြ။

ဒီခေတ်ကြီးက
အမှတ်တရ ချစ်သူ့လက်ဆောင်အဖြစ်
နှင်းသဇင်အောင်အတွက်
မပေးဖြစ်နိုင်ခဲ့တာ
အခုဆို …
ဆယ်စုနှစ် ၂ စုကျော်ခဲ့
ငါတို့ကို ရှင်ကွဲခွဲခဲ့။

သီရိသူရေ
ငါတို့ရဲ့ အတွေးနက်နက်ထဲမှာ
အဆောင်သူအလွမ်းပြေ တေးချင်းတပုဒ်လည်းပါရဲ့။

ဒီအချိန်ဆို
တော်ဝင်နန်းထိုက်တဲ့သူမ
ရိုင်းစိုင်းတောတိရိစ္ဆာန်တွေကြား
ပဋိပက္ခများစွာ ဖြေရှင်းရင်း
စာတွေဖတ်နေရော့မယ်
ဒါ …
ငါတို့ရဲ့ အမေလည်းဖြစ်ရဲ့။

လူမျိုးပေါင်းများစွာ နေထိုင်ကြရဲ့
အဲဒီအခါမှာ
ငါတို့ဟာ …
ရွှေ့ပြောင်းတောင်ယာလည်းဖြစ်ခဲ့
ရွှေ့ပြောင်းအလုပ်သမားလည်းဖြစ်ခဲ့
ရွှေ့ပြောင်းကျေးရွာလည်းဖြစ်ခဲ့
ရွှေ့ပြောင်းကျောင်းဆရာလည်းဖြစ်ခဲ့
ရွှေ့ပြောင်းဆေးတပ်သားလည်းဖြစ်ခဲ့
နိုင်ငံလည်းမဲ့
တေးချင်းများစွာ သီကြူးခဲ့တယ်။

စာအံ့သံတွေ မကြားရတော့တဲ့
ကျေးရွာစာသင်ကျောင်းလည်း
မီးလောင်ငုတ်တိုနဲ့။

မေမေ
ကျနော်တို့ဟာ မီးလောင်မြေဖြစ်ခဲ့
အမှန်တရားအတွက်နဲ့
ပေါက်ကွဲတတ်လာခဲ့တယ်။

တခါက
အာရုံမတတ်ခင်
မကြာခင်ပြန်လာမယ်လို့
ထားရှိခဲ့တဲ့
ပျက်ခဲ့တဲ့ကတိအတွက်
သီရိသူရေခွင့်လွှတ်ပါ။

နန္ဓအိမ်

1 comment:

ကဗျာဦး said...

ကဗျာခံစားတယ် ကြိုက်တယ်