Thursday, June 12, 2008

နာဂစ်

မိုးထက်နေ
ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့နေတဲ့ ရွာနာမည်က ပြင်စလူရွာတဲ့ အရင်ကတော့ လပွတ္တာမြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက် နှစ်တွေမှာ ကျုပ်တို့ ရွာက စပါးကလဲ လွတ်ဖြစ် ရေလုပ်ငန်းကလဲ လွတ်ကောင်းဆိုတော့ မြို့နယ် အဆင့်ဖြစ်တယ်ဆိုလာ ဘာဆိုလား ဒါ တွေတော့ ကျုပ် သိပ် နားမလည်ပါဘူး။ ကျုပ်ကို တိုင်းကလဲ အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်းသွားလိုက်၊ အစုယူပြီး အငှားချထား တဲ့ ငါးဖမ်းလှေတွေဆီက ငွေသွားကောက်လိုက် စာရင်းရှင်းလိုက်။ ပိုတဲ့ အချိန်လေးမှာ ကျုပ် မိသားစုနဲ့ နေလိုက်နဲ့ ရပ်ရေး ရွာရေးလဲ သိပ် မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံတကားကားနဲ့ ကျောင်းဆရာ ဂိုက်စဘောက် ဖမ်းနေတဲ့ ကိုစိန်သန်းတို့ လူစုတွေနဲ့ မပတ်သက်ချင်တာလဲ ပါတာပေါ့ဗျာ။

တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့မဟုတ်ပါဘူး။ ကျုပ်က အညာက မကွေးတိုင်းထဲက ဆီမီခုံဆိုတဲ့ ရွာက။ ကျုပ် မိန်မ ကတော့ ဘယ်မယ်မွေးတယ် ရယ် မသိဘူး။ မေးလဲ မေးမကြည့်ဖူးပါဘူးသေချာ။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ။ အဲဒီတုန်းက သူက ဆရာကြီးသမီး ၊ ကျုပ်က ၁၀ တန်း နှစ်ခါကျလို့  အိမ်ကထွက်ပြေးလာပြီး လုပ်စရာမရှိလို့ စစ်ထဲလိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင်တွေ ပြဇာတ်တွေ ထဲကလိုတော့လဲ မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲခြင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူအထွာနဲ့ သူတော့ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်းက ကျုပ်မိန်းမ ဖြစ်မဲ့ မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ ကလဲ အချိန်တန် ဘွဲလေးဘာလေးရ ပြီးတော့ အရာရှိ တစ်ယောက်နဲ့ ပေးစားဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ့။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ဆယ်တန်းအောင် အောင်ဖြေမယ် စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မဲ့ ကျုပ်နဲ့ ဘယ်သဘောတူမလဲ။ နောက်ဆုံးတော့လဲ ကျုပ်မိန်းမ မိအေးက ခေါင်းမာမာနဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတတ်ပဲ ခရစ်ယန် သီလရှင် အပြီး လုပ်တော့မယ် ဆိုတဲ့ စကားတွေ နောက်မှာ မှ လက်ထပ်ခွင့်တင်ပြီး အိမ်ထောင်သည် ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။

အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည်လိုင်း မှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား၊ တပ်ကပေးတဲ့ လစာသုံးရင်း နေလာတာ သမင်မွေး ရင်း ကျားစားရင် ဆိုသလိုပါပဲ။ စုမိဆောင်းမိလဲ မရှိ။ ကျုပ်လဲ ဆယ်တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလဲ ကျောင်းဆက်မတတ်နိုင် ဖြစ်လာ ပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတတ်နေရာတော်တော်နဲ့ မရတဲ့ အရာရှိတွေကို ကြည့်ပြီး သွေးလန့် လာတာကတစ်ကြောင်း၊ ကျုပ်ကိုတိုင် အကြံအဖန် မလုပ်တတ်တာ ကတစ်ကြောင်း၊ ကိုယ်နဲ့ ရွယ်တူ အရာရှိကန်တော်တွေ၊ ဆရာကြီး ကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တစ်ကြောင်း ဆိုတဲ့ အကြောင်းကြောင်းတွေကြောင့် ဆေးပင်စင် ( တပ်ထဲမှာတော့ အရူးလက်မှတ်ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။

တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့ လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေး တစ်လုံးငှားနေ။ ကျုပ်ကလဲ ရွာအနီးအနားမှာ စပါးပွဲစားလုပ်၊ ဆားပွဲစား လုပ်ရင်းနဲ့ နေလာလိုက်တာ ကျုပ်မိန်းမ ဘွဲ့ရတဲ့ အထိဆိုပါတော့။ မိန်းမဘွဲ့ရ ပြီးလို့ ရှေ့နေလုပ်စားဖို့ကလဲ ချိန်ဘာဆင်ဖို့ ဆရာမွေးဆရာ ပိုက်ဆံကလဲ မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလဲ ရွာတွေ အထိဆင်း ကောက်တော့ ကျုပ်တို့လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ်မဖြစ်တော့ဘူး။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံ ပြတ်လို့ ပုသိမ်သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူ ဆာမနေသာဆိုတဲ့ အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေ ကတဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိရောက်ရော။ အဲဒီအလုပ်က အဆင်လဲ ပြေပါတယ်။ ငွေလဲ ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှ လူဆရာခေါ်ရ။ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာ ကလား။ နောက်ဆုံး မိအေး ဘွဲ့ဝတ်ရုံကြီး တစ်ကားကားနဲ့ ဘွဲ့တက်ယူတဲ့နေ့ ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့ လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေးချောင်းလေး ရသလောက်ဝယ်ပြီး လုပ်ဖို့ နောက် အသက်သိပ် မရခင် ကလေးယူဖို့ တိုင်ပင် ပြီးတဲ့နောက် ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့ အခုနေတဲ့ ပြင်စလူ ဆိုတဲ့ ရွာလေးကို ရောက်လာ တာ အခု ဆို သမီးက ၁၀ နှစ် သားအငယ်လေး က ၈ နှစ် ဆိုတော့ ၁၂ မိုးလောက် ရှိထင်ပါ့။

ဒီရွာပြောင်း ခါစတုန်း ကများပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင်တဲ့ လယ်လေး နှစ်ဧက လောက်ပေါ် အငှား ကျွဲနဲ့ လုပ်နေရတာကို ပျော်လို့။ ကျုပ်မိန်းမ မိအေး ကတော့ နည်းနည်းမျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့ ကျုပ်ရဲ့ မိသားစုကို ကောင်း ကောင်း ထားချင်တဲ့ စိတ်နဲ့ တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင်ဖြစ်လာတယ်။ လယ်လဲ ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီ နှစ်ပဲ သမီးလေး ကိုယ်ဝန်လဲ ရလာတယ်။ မိန်းမက သားဖွားဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမဲ့ ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီး ယပ် ဆရာဝန်မကြီးနဲ့ သေချာကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေးလာပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။ အခုတော့ ကျုပ်မိန်းမ ဦးစီလုပ်နေတဲ့ ဆားကွင်းတွေရယ် ကျုပ်ထောင်ထားတဲ့ ငါးဖမ်းလှေတွေရယ်၊ ကျုပ် လယ်တွေရယ်နဲ့  ဒီရွာမှာတော့ သူဋ္ဌေးစာရင်း ပေါက်ဆိုပါတော့။ ရွာခံလူတွေကလဲ ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ အလှုအတန်းမှာ မနှေးတာရယ် ဘွဲ့ရပညာတတ်ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံး မိသာစု ဆိုရင် မမှားဘူး ပေါ့လေ။ တစ်ခု ရယ်ရတာက ကျုပ်တို့ အိမ်မှာ ကိစ္စတစ်ခုနဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတတ်တဲ့ အ ကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ် မိန်းမနဲ့ ပြောရင် ဘုရားသ္ခင်အလိုတော်အတိုင်းပေါ့ မအေး ရယ်လို့ ပြောတတ်ပြီး ကျုပ်နဲ့ဆို ရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေ ရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။

ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမဲ့ နှစ်မို့လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက် ပိုပြီး ငွေဝင် တာမှ ကလေးတွေထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေး တယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံပြောပါတယ်။ ပြောရဦးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေး ခင်ထဲက သူဘာသာ ကိုယ့်ဘာသာ မခွဲပဲ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့ သဘောတူထားခဲ့တယ်။ သူတို့ ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။ ဒီတစ်မိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲ လုပ်မဲ့အလှုရှင်တွေ ကလဲများတော့ မိုးမကျခင်ပဲ အလှုဆိုင်းဝိုင်း အတွက် စရံသတ်တာတို့၊ ရှင်လောင်ဝတ်စုံ ငှားတာတို့ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ်တတ်လုပ် ပြန်ပြန် လာခဲ့တာဗျာ။ လူတိုင်းကလဲ ကျုပ်တို့ နှစ်ယောက်လုပ်မဲ့ အလှုအတွက် ထင်ကြေးအမျိုးမျိုး ပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက် တောင် ကာလ သားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ် ဆိုပါ့ပဲ။ မိအေး ကလဲ ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေး တင်ပြီး ကတော့ ပွဲရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန် ဆောင်နေရတာကို။

အဲဒီနေ့က လေတွေစထန် လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်ပေါ်ဒေသအတွက်က မုန်တိုင်းဆိုတာ အထူးအ ဆန်းမှ မဟုတ်ပဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန်တူပါတယ်။ သားရယ်၊ သမီး ရယ် မိအေး ရယ်၊ မိအေး တူမလေးရယ်ခေါ်ပြီး တိုက်ခံ အဆောက်အဦးလဲဖြစ်၊ အမြင့်ပိုင်းလဲဖြစ်တဲ့ ဘုန်းကြီး ကျောင်းဘက်ကို ထွက် လာလိုက်တာ ကံကောင်းတယ်ပြောမလား ကံဆိုးတယ်ပြော မလား။ အချိန်ကြာလာတာနဲ့ အမျှ မုန်တိုင်းအားကောင်းလာပုံးများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ်ဆိုတာ ဒါပဲနေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အ သံ၊ အပင်လဲတဲ့ အသံတွေနဲ့ ကျနော် ဘဝတစ်လျှောက်လုံး ကြောက်စရာ အကောင်းဆုံးဆိုတာတောင် ဒီလောက်ကြောက်ဖို့ အကောင်း ဆုံးလို့ ထင်မှတ်ထားတဲ့ ဟာတွေအားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့ တစ်လောက လုံးဝုဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့……..
ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့အပေါ်မှာ ဘုရားသ္ခင် ရှိပါ တယ်၊ သခင့်လက်ထဲ့မှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီ အသံတွေရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိ တာ သမီးနဲ့သား၊ ပြီးတော့ မယ်အေးတူမ။ သမီးနဲ့သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေ အောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည်စီး ကြောင်းတွေနဲ့ အတူတွေ့လိုက်ရလို့ စိတ်အေးရပေမဲ့ မိအေး တူမလေးကိုတော့ မတွေ့ဘူး။ အခြေအနေငြိမ်သက် စပြုတာနဲ့ ကျုပ်တို့လဲ အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတစ်ယောက် ကျနော်တစ်ယောက် လက်ဆွဲပြီး ထွက်အလာမှာ လဲ ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ။ ချက်ခြင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့မှာရင်း အိမ်ရှိရာကို ကျုပ်တစ်ယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ်ဘယ်မှာလဲ ဆိုတဲ့ အမေးကို ကျုပ်ကိုယ်တိုင် ကိုယ် ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ မိသားစုက တော်သေးတယ်ဆိုရမှာပေါ့။

ကျုပ်လိုပဲ လူအများစုလဲ သူတို့ အိမ်တွေကို ရှာမတွေတော့ဘူး။ အိမ်တွေနေရာမှာ ရေပြင်ကြီးဖွေးလို့။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှ ကျွေးတဲ့ အစားလေးတွေပဲ အားလုံး မျှစားရင်း ကျုပ်တို့ အားလုံးနေကြရတာပေါ့။ ကျုပ်လို တောကတက်လာတဲ့လူ စစ်သားလူထွက် အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလိုစားနေရတာ ကြည့်ပြီးကျုပ်တော့ လုံးလုံးစိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုး ကြီး အပြီး နှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ ဆီရောက်လာတဲ့ အခါ ရေဘူးနည်းနည်းနဲ့ ခေါက်ဆွဲခြောက်ထုတ် တစ်ထုတ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့ ဘာမှလဲ လုပ်မပေးနိုင်ခဲ့ဘူး။ ကျုပ် သမီးနဲ့သား မောင်နှစ်မ နှစ် ယောက်ကလဲ အလှုကျတော့၊ အလှုရောက်ရင် စိုတဲ့ စကားကို ရွယ်တူကလေး တွေကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ဆွသလိုပါပဲ။ အဲလို အချိန်မျိုးမှာ မိအေး အနားရှိလို့ လှမ်းကြည့်မိပြန် ရင်လဲ မလိုအပ်ပဲ မျက်လုံးပုတ်ခပ်ပုတ်ခပ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့ အိမ်အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲ တွေရဲ့ အခြေအနေ၊ ဆားကွင်း အခြေအနေ၊ ငါးဖမ်း လှေတွေရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေး ကြား မပြောဖြစ်အောင် သတိထားနေတာလဲ သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုးမက်တဲ့ နေ့ ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့ မိသားစု သာမက ဒီနေရာ မှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။

တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်း ပါး ပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားဆီးတာ မျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှု ရှင်တွေကလဲ စေတနာကောင်းကြပါတယ် ရေလမ်းခရီးကိုလဲ သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ညှိုငြင်မှုကို ခံပြီးတော့လဲ လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ် အမေရိကန်တို့ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင် ကျုပ်တို့ ရွာတွေ ဆီလာပြီ လိုတာ မှန်သမျှကူညီ လိမ့်မယ်လို့ ပြောတယ်။ ကျုပ်ကတော့ ကျန်တာ ဘာမှ ပေးပေးမပေးပါ ဒီတစ်မိုးအတွက် စားဖို့ ရယ်။ ကျုပ် လယ်တွေကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး ဒါတွေကို ပြန်ဆပ်ဆိုလဲ ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့ အခါမှ ဆားကွင်းလေးကို လူငှားနဲ့ ပြန်လုပ်ရင် ကျုပ်တို့ မိသားတစ်စုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။

ကျုပ်တို့ ရွာကို အလှုရှင်အဖွဲ့တွေ ရောက်လာတယ် ဆိုပေမဲ့ သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ်၊ မိအေး၊ သမီးနဲ့သားကို ခေါ်ပြီး လပွတ္တာဘက်ကို အလှုရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တစ်ဘက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ အတ္တ စိတ်ကလေးပါသလို၊ တဘက်ကလဲ ကျုပ်တို့ လေးယောက် လျော့သွားရင် တခြားလူတွေ လေးယောက်စာ ပိုရမယ်ဆိုတဲ့ အတွေးလေးလဲ တွေးမိပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ အမေရိကန်ကြီးတွေ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ပေါ်ကို အရင်လာမယ် ။ အဲဒီတော့ အရင်ဆုံးတွေ့ရမယ်။ ကျုပ်လယ်တွေ ပြင်ဖို့ စပါးစိုက်ဖို့ စောစော လုပ်နိုင်မယ် ထင် တာပေါ့။ မိအေးကလဲ ဘွဲ့တောင်ရထားတာ ဆိုတော့ အမေရိကန်ကြီးတွေနဲ့ စကားပြောနိုင်မှာပဲကို။ မိအေးကို ဖွင့်တိုင်ပင်တော့လဲ သ ဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌကိုပြောတော့လဲ ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တစ်ရက် အလှုရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်းတဲ့ ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်းတို့ လူအုပ်က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့ အတင်းလုပ်ခိုင်းလို့ လက်မှတ်ထိုးပေးလိုက်တာ ကလွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာပြောတယ် သူတို့ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့။ စိတ်ထဲ ဘဝင် မကျပေမဲ့ လောလောဆယ် မိသားစု အရေးကရှိသေးတာကို။ စကားနဲ ရန်ဆဲပေါ့။

လပွတ္တာရောက်တော့ မြို့ထဲမှာ နေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင်ပို အဆင်ပြေတယ်လို့ အလှုရှင်တွေ အကြံပေးတဲ့ အတိုင်း မြို့ပြင်ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှုရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီး တစ်ပင်အောက်မှာပဲ အဖြစ်တဲလေး ထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့ လာလိုက်တဲ့ ကားကြီး ကားငယ်တွေ။ တစ်ချို့ကားတွေကလဲ ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျဝေတယ်။ တချို့ကတော့လဲ ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက်စာ ရင်တော့ ကျုပ်တို့ ပိုစားရတာအမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့လာမလဲ တွေးလိုက် အလှုရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။

တစ်ရက်တော့ မနက်အစောကြီး ရဲတွေရယ်၊ ကိုစိန်သန်းတို့လို ဖြူစိမ်းကောင်တွေရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာနေခွင့် မရှိဘူး။ သူတို့နဲ့ လိုက်ခဲ့ပါ ကယ်ဆယ်ရေး စခန်းကို ပို့ပေးမယ်လို့ ပြောပြီးလာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလဲ ဝမ်းသာအားရနဲ့ လိုက်ခဲ့တာပေါ့။ ဟိုလဲရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းဆီဆောက်ထားတာကို တွေ့ရ တယ်။ အထဲမှာလဲ ဒန်အိုးဒန်ခွက် ဆန်အိတ်၊ ဆီစားနဲ့ အခြောက်အခြမ်းတွေကို တွေ့ရတယ်။ ခနတာတော့ လုံခြုံမှုရပြီဆိုတဲ့ အသိ နောက် ကျုပ် ကလေးတွေရော၊ မိအေးနဲ့ကျုပ်ရော ကားသံနားထောင်လိုက် ပစ္စည်းလှုမဲ့သူ မျှော်လိုက်နဲ့၊ ပစ္စည်းတွေ သွားအလှုခံ လိုက် ဆိုတဲ့ ဘဝကို ကြည့်ရတာလဲ မဖြစ်လို့သာရယ်။ တကယ်တမ်းတော့ တစ်စက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလို ဆိုတော့ စခန်းက ဝေတဲ့ ရိက္ခာသွားထုတ်ရင် နိုင်ငံခြားကလာမဲ့ အကူအညီတွေကို ထိုင်စောင့်ယုံ ပဲပေါ့။

တစ်အောင့်နေတော့ ယဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲ တုန်းကလဲ ကျုပ်ုက ဓါမနောက်ပိတ်ခွေ ရိုးရိုးရဲဘော်ဆိုတော့ ဘယ်သူဘယ်ဝါရယ်လို့တော့လဲ မသိဘူးပေါ့။ ကျုပ်တို့ တဲတွေဆီ တစ်တဲ့ ချင်းကြည့် ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့လဲ ဝမ်းသာတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ် ဆိုတော့။ လူကြီး တွေ ပြန်ထွက်သွားပြီး ခနနေတော့ ကျုပ်တို့ တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေရောက်လာပြီး ဆန်အိပ်တွေနဲ့ တခြားစားစာရာတွေကို ပြန်သယ်သွားတယ်။ ပါးစပ်ကလဲ ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ် အခြောက်အခြမ်း နည်းနည်းရယ် ထဲ့ထားတဲ့ အိပ်တွေကို “ဒါတစ်ပတ်စာ” လို့ ပြောပြီးပေးတယ်။ နောက် ဘယ်အလှုရှင်တွေ ဆီကမှလဲ တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။

ကျုပ်ကလဲ တစ်ခုခုဆိုရင် မြုံမနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲလို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်း ဆောင် လုပ်သူက ဒေါနဲ့ မန်နဲ့ ဘယ်သူ့ အကူအညီမှ မလိုဘူး နိုင်ငံတော်က ကူညီနိုင်တယ် ဘာညာနဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုး စပါး ပေးမှာလား၊ လယ်တွေပြင်ပေးမှာလား၊ ငွေချေးပေးမှာလား စတဲ့ မေးခွန်းတွေ ဆက်တိုက်မေးလာတော့။ အဲဒီလူလဲ မျက်နှာကြီး နီရဲ လာပြီး ဒေါသတကြီး အော်ပါလေရော။ သူပြောတဲ့ထဲမှာ ဖားရှာ ငါးရှာစားတို့၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ကလွဲပြီးဘာမှ မရှိတော့တဲ့ ကျုပ်တို့ အိမ်။ လူတွေ စွန်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ လက်ဖြန့် တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေးနဲ့ သမီးနဲ့သား နဲ့ တခြားလူတွေ။ နောက် သမီးနဲ့သားကို လှုတဲ့ အလှုပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသားမှ အဝင်မခံဘူး စားဖို့မရှိရင်တောင်းစား ဆိုတဲ့ အသံ….

ကျုပ်ကို ကျုပ်ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီ ခေါင်းဆောင်လုပ်သူရဲ့ပြူကျယ်နေတဲ့ မျက်လုံး ကျုပ်လက်နှစ်ဘက်နဲ့ သူ့လည်ပင်း အ ထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ် ခေါင်းနဲ့ခန္ဓာကိုယ် အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ်လက်ကို ဘယ်တော့မှ မ လွတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ဆီက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေပဲ လုယူတာ၊ ကျုပ်လက်ထဲက လူနဲ့ သူလို လူမျိုးတွေက ကျုပ်တို့ ဘဝ တစ်ခုလုံးကို လုယူတာ။ ကျုပ် သားနဲ့သမီးရဲ့အနာဂတ်ကို ဖျက်ပြစ်တာ။ ကျုပ်တို့ တစ်ရွာလုံးကို ဖျက်ပစ်တာ။ ကျုပ်နဲ့ ဘဝတူတွေကလဲ ချကြပါတော့လား။ ထမင်းစားရယုံနဲ့ ကျုပ်တို့ ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ် သူတွေကရော ကျုပ်တို့ကို အမြဲ လှုနေနိုင်မလဲ တစ်လလား၊ ဆယ်လလား၊ တစ်နှစ်လား။ ရဟန်းသံဃာ မဟုတ်ပဲ သူများ လှုတာကို တစ် သက်လုံးထိုင် စားနေမယ်ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။ ချကြပါတော့ လား ကျုပ်နဲ့ ဘဝတူလူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့မလို့လား။ ကျုပ်တို့ လူမျိုးတွေက ခန္တီပါရမီ ကောင်းတာပဲလား၊ သရဲဘောကြောင်တာပဲလား။ ဓါမိုးအုပ်ချုပ်ခဲ့တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့လား။ မေးခွန်တွေရဲ့အဖြေကို ရှာမ တွေ့ခင်ပဲ ကျုပ်တော့ အမှောင်အတိ ကျလို့ ။ နောက်ဆုံးမြင်လိုက်ရ တာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့  ကလေးတွေလဲ ပျော်လို့ ။

လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရှုးတစ်ယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌ ကြီးကို လည်ပင်းထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ် လို့ ဥက္ကဋ္ဌ ကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်းပြောတတ်တယ်။ နောက် အလှုရှင်တွေနဲ့  အလှုခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့ ကျမ အမျိုးသား သင်္ဘောတွေ ကယ်ဆယ်ရေး လုပ်မဲ့လူတွေ သွားခေါ်နေတယ် လို့ ငိုတစ်ခါရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့်  မိန်းမတစ်ယောက် ကိုလူတွေ သတိထားမိလာကြတယ်။

2 comments:

JulyDream said...

လက်ရှိအချိန် ဖြစ်ရပ်တွေနဲ့ အနီးစပ်ဆုံး တူညီအောင် မီးမှောင်းထိုးပြနိုင်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ။ ရသပေါင်း မြောက်မြားစွာနဲ့ အနိမ့်အမြင့် မတူညီတဲ့ ခံစားချက်များကို ဇာတ်လမ်းထဲမှာ ပေးစွမ်းထားတာ တွေ့ရပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ra_khineboblog said...

နာဂစ် အကြောင်းဖတ်ရတာ စိတ်မကောင်းဖြစ်မိပါတယ်
တခုရှိတာက အလှူ နေရာမှာ အလှုဖြစ်နေပါတယ်ဗျာ