Monday, May 24, 2010

ရင်ကွဲနာ

ခုနှစ်ကိုတော့ဖြင့် မမှတ်မိတော့ပြီ။ ဗမာပြည်တွင် အအေးလှိုင်းဖြတ်သောနှစ်၏ နိုဝင်ဘာလ ရက်တရက်ဟုသာ။ ဧရာဝတီသင်္ဘောသည် မြစ်၏ အလယ်တွင် ကျောက်ချရပ်နားထားရသည်။ မြစ်ပြင်ကျယ်အတွင်းတွင် နှင်းမှုန်တို့သည် ထူထပ်သိပ်သည်းစွာ ကျဆင်းနေဆဲဖြစ်၍ ဆိပ်ကမ်းကို လုံးဝ လှမ်းမြင်ရခြင်းမရှိ။ နှင်းကွဲမှသာ သေင်္ဘောသည် ဆိပ်ကမ်းသို့ဆိုက်ကပ်နိုင်ပေလိမ့်မည်။
အနွေးထည်ဇစ်ကို အဆုံးထိဆွဲတင်ရင်း ကျနော်လိုက်ပါလာသည့် အခန်းမှ ပြတင်းပေါက်ကို ဖွင်၍ မြစ်ပြင်ကို ငေးကြည့်နေမိသည်။ နှုတ်မှလည်း အဆိုတော် ခင်ဝမ်း၏ “ပြည်မှာဆောင်း” သီချင်းကို တီးတိုးညည်းဆိုလျှက်။ မြစ်ပြင်တခုလုံးသည် ခရမ်းနုရောင်နှင်းမှုန်တို့ဖြင့် အုံ့မှိုင်းမှုန်ရီနေလေသည်။
ကျနော် ဒီခရီးကို ယခုမှသွားဖူးခြင်းမဟုတ်။ သွားခဲ့ လာခဲ့ပေါင်းများ၍ ခေါက်ရိုးပင်ကျိုးနေလေပြီ။ ယခုလည်း ရန်ုကုန်ရုံးချုပ်သို့ မြို့နယ်ဆိုင်ရာ အချက်အလက်များ ပေးပို့ရင်း ဌာန၏ bye laws များ အတည်ပြုချက်ယူပြီး ပြန်လာခြင်းဖြစ်သည်။ စီတ်အစဉ်သည် ရုံးသို့ပြန်ရောက်လျင် ဆောင်ရွက်ရ မည့် အလုပ်များကို အစီအစဉ်ချရင်း မည်မျှကြာအောင် တွေးနေမိသည်မသိ။ ဥသြရှည်ဆွဲ၍ သင်္ဘောလှုတ်ရှားလာမှ သတိဝင်လာသည်။
ဆိပ်ခံဘောတံတားသို့ သင်္ဘောကပ်လိုက်သည်နှင့် တပြိုင်နက်တည်းမှာပင် အလုအယက် ရောက်ရှိ လာသော ဆပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိုက္ကားသမားများက သင်္ဘော ပေါ်သို့ သူ့ထက်ငါ အရင်ရောက်အောင် တက်ရင်း တယောက်တပေါက် အော်ဟစ်နေကြသည်။ ခရိးသည်တို့ကို လာရောက် ကြိုသူတို့၏ အမျိုးမျိုးအော်ခေါ်သံတို့သည် ပွက်လောရိုက်လျက်ရှိ၏။ “… … … မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုသော ဆိုင်းဘုတ်မှ မီးတို့သည်လည်းလင်းလာပြီး မြို့၏ဆိပ်ကမ်းသည် အသက်ဝင်လာလေပြီ။
အေးအေးဆေးဆေး လူရှင်းမှ ဆင်းတော့မည်ဟု ဆုံဖြတ်ရင်း ကုတင်ပေါ်ထိုင်၍ ဖိုင်တွဲများနှင့် ခရီးဆောင်အိတ် တို့ကို စစ်ဆေးနေခိုက် “ဦးဦး သမီးဘာကူသယ်ပေးရမလဲဟင်” ချမ်းလွန်း၍ မေးချင်းရိုက်နေသည့် အသံနှင့်အတူ အခန်းဝတွင် မတ်တပ်ရပ်နေသည့် ၇ - နှစ်/ ၈ - နှစ် အရွယ် မိန်းကလေးငယ်တဦး။ အေးလွန်းသည့် ဆောင်းနံနက်ခင်းတွင် အကွက်မပေါ်တော့သည့် ဖလံနယ် အင်္ကျီလက်ရှည်ကလေးနှင့် ဒူးဆစ်ရောက်လုနီးကပ်နေသည့် ဘောင်းဘီရှည်ကလေးကို ၀တ်ထားသည်။ ချမ်းရှာ၍ထင့် နှုတ်ခမ်းတို့သည် ပြာနေသည်လား၊ မည်းနေသည်လား ခွဲခြားမတတ်တော့။ ကျနော်ခတ္တမျှ အကဲခတ်ကြည့်လိုက်ပြီးနောက်
“ဦးဦး မှာ ပစ္စည်းမများပါဘူးကလေးရယ်။ ဦးဦး သယ်နိုင်ပါတယ်။ ကူသယ်ပေးစရာ မလိုပါဘူး”
“ဟိုက ဖိုင်တွဲတွေကို ကူသယ်ပေးပါရစေ ဦးဦးရယ်။ ကုန်းပေါ်ရောက်ရင် သမီးကို မုန်းဖိုးလေး ပေးပါနော်။ သမီးမောင်လေးအတွက်ပါ”
ကြိုးနှင့်စည်းထားသော ဖိုင်တွဲများကို လက်ညှိုးညွှန်ရင်း ပြောလာသဖြင့်
“ဦးဦး မုန့်ဖိုးပေးပါ့မယ် သမီးရယ်၊ ဖိုင်တွဲတွေကိုတော့ မသယ်ပါနဲ့၊ မတော်တဆ ရေထဲကျသွားရင် ဒုက္ခ၊ အဲဒါတွေက အရေးကြီးတယ်ကွ” ဟု ပြောပြောဆိုဆို သူမလက်ထဲသို့ တစ်ဆယ်ကျပ်တန်တရွက်ကို ထုတ်ပေးလိုက်သည်။ ဤတွင် ကလေးမက …
“အလကားမယူချင်ပါဘူး ဦးဦးရယ်၊ ဟိုအိတ်ကလေးကို သမီးကူသယ်ပေးမယ်” ဆိုပြီး ကျနော့်ခရီးသွားလျှင် လွယ်လေ့ရှိသည့် ဂျင်းလွယ်အိတ်ကလေးကို ကောက်လွယ်ရင်း ကျနော့်ရှေ့မှ ဦးဆောင်သွားတော့မှ လမ်းလျှောက်ပုံကို သတိပြုမိလိုက်သည်။ သြော် … ခြေထောက်တစ်ဘက်ကလည်း မသန်ရှာပါကလား၊ ကျနော့်ရင်ထဲမှာ နင့်ကနဲ … … ။
ကျနော်သည် ဌာနဆိုင်ရာ တာဝန်ဖြင့် ခရီးအတော်များများကို ထွက်ခဲ့ဘူးသည်။ ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်များတွင် ယင်းကလေးမအရွယ် ကလေးတချို့သည် ပုံသဏ္ဍန်အမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုး တို့ကို တတွတ်တွတ်ပြောဆိုရင်း ခရီးသည်များခံမှ ငွေကြေးအလို့ငှာ တောင်းရမ်းနေသည်ကို တွေ့ရစမြဲပင်။ အချို့ကလေးများသည်။ ၂ - နှစ်/ ၃ - နှစ် အရွယ် ကလေးငယ်များကို ချီပိုးရင်း “သားရဲ့ ညီမလေး ထမင်းမစားရသေးလို့ပါ” “သမီးရဲ့မောင်လေးအတွက် နို့ဖိုးလေးပေးပါ” စသည်ဖြင့်။ ယင်းကလေးငယ်များသည် မိသားစု စားဝတ်နေရေးအတွက် သူတောင်းစားဘ၀သို့ ရောက်မှန်းမသိ ရောလာကြရလေပြီ။
ထိုသို့ မြင်ရလေတိုင်း ထိုကလေးတို့၏ နောက်ရေးကို စဉ်းစားမိပြီး ရင်မောမိသည်။ ဒီခေတ်၊ ဒီစနစ်မှာမှ လူလာဖြစ်ကြရသော ကလေးငယ်များ။ ခေတ်ဆိုး၊ စနစ်ဆိုး၏ ကြမ်းတမ်းပြင်းထန်လှသည့် ရိုက်ချက်ကို ဘုမသိ ဘမသိ ဒဏ်ခံနေရသည့် အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာနိုင်သော အမိနိုင်ငံ၏ အင်းလားဖြစ်ရလာမည့် ကလေးငယ်များ။ ဤကလေးငယ်များသည် အာဏာရှင်တစု၏ “ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်သစ်ဆီသို့ … ” ဟူသော ဆိုင်းဘုတ်ကြီး၏ အောက်တွင် တနေ့တာ ၀မ်းပြည့်ရေးအတွက် အရွယ်နှင့်မမျှ (တောင်းရမ်းခြင်းဖြင့်) ဖြေရှင်းနေကြရလေပြီ။
ကျနော်ငယ်ငယ်က မြန်မာ့အသံမှ ထုန်လွှင့်လေ့ရှိသည့် သီချင်းတပုဒ်၏ စာသားအချို့ကို သတိယမိသည်။ “နောင်တခေတ်ရဲ့ ခေါင်းဆောင်ဆိုတာ မင်းတို့မဟုတ်လား။ စာကြိုးစားကြ ဖေဖေချစ်တဲ့ သမီးနဲ့သား … ” တဲ့။
တခုခုတော့ဖြင့် လွဲနေပြီထင်သည်။ ၎င်းကလေးတို့၏ အမိအဖတို့သည် အဘယ်မှာ ကျောင်းထားနိုင်မည်နည်း။ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် အလယ်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဆိုသော်လည်း ကျောင်းဝင်ကြေးမှ အစပြုသည့် နောက်ထပ်အထွေထွေကုန်ကျစရိတ်များကို ယင်းကလေးတို့၏ မိဘများ တတ်နိုင်ပါမည်လော။ သို့ဖြစ်၍ မိသားစု၏ ဆင်းရဲတွင်းကို သူတို့လေးတွေ၏ဘ၀နှင့် ကူဖြည့်ပေးရင်း ၎င်းကလေးတို့သည် ကျောင်းနှင့်ဝေးခဲ့ကြသည် မဟုတ်တုံလော။ အနာဂတ်ခေါင်းဆောင်လောင်းလျာတို့သည် ခွက်လက်စွဲ၍ တောင်းစားနေကြရပြီ မဟုတ်ပါလား။
ထိုကလေးငယ်တို့၏ မျက်ဝန်းများတွင် စိုးရွံ့ခြင်း၊ အားငယ်ခြင်း၊ မျှောင့်လင့်ချက်မဲ့ခြင်းတို့နှင့်အတူ လောကကြီးအတွင်းမှ မမြင်ရသော တစုံတဦးကို တောင်းပန်တိုးလျှိုးနေသယောင်ယောင်။ သင်္ဘောပေါ်မှ မိန်းကလေးကတော့ဖြင့် မုန့်ဖိုးတစ်ဆယ်ကို အလကားမယူလို သူတတ်နိုင်သည့်လုပ်အားနှင့် ပြန်လည် အကျိုးပြုလိုသော သူမ၏ စိတ်ဓါတ်ကို တန်ဖိုးထားဦးညွှတ်မိ၏။

---- ---- ---- ----

“ဘယ်လိုမိဘတွေကများ အားအားလျားလျား မွေးထားသလဲမသိပါဘူးတော်။ သူခိုးလေးတွေ လစ်ရင်လစ်သလို ခိုးတယ်”
“သမီးဘာမှ မခိုးရပါဘူး ကြီးကြီးရယ်၊ အောက်မှာတွေ့လို့ ကောက်မိတာပါ၊ သမီးမောင်လေးဖို့ပါ။ မောင်လေးကို ကျွေးချင်လို့ပါ”
သူငယ်ချင်းဈေးတာဝန်ခံ၏ ရုံးခန်းအတွင်း ကော်ဖီသောက်ရင်း သူငယ်ချင်းနှင့် စကားပြောနေခိုက် အထက်ပါ အသံများနှင့်အတူ လူသုံးဦး ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ ဦးဆောင်ဝင်လာသည့် မိန်းမကြီးက တတွတ်တွတ်ရေရွတ်ရင်း ကျနော့်သူငယ်ချင်းအား …
“ဦးစီး ဒီကောင်မလေး ကျမဆိုင်က ပစ္စည်းကို အလစ်သုတ်ပြေးတယ်။ လိုက်ဖမ်းလို့မိတော့ အထုတ်ကို ရင်ဘတ်ထဲထည့်ပြီး မိတ်ထားတယ်။ တောင်းလို့မရဘူး။ အဲဒါ ဦးစီး ကြည့်ရှင်းပေးပါ။”
ကျနော်လှည့်ကြည့်လိုက်တော့ … လား … လား သင်္ဘောပေါ်မှာ တွေ့ခဲ့ရသော ကလေးမလေးပါလား။
ကလေးမလေးက သူ၏ရင်ဘတ်ထဲမှ အထုတ်ကလေးတထုတ်ကို တင်းတင်းကြပ်ကြပ်ပိုက်ထားရင်း ငိုသံစွတ်လျက်က …
“သမီးမခိုးပါဘူး ဦးဦးတို့ရယ်။ သူတို့က အော်ပြီး အတင်းလိုက်လို့ ထွက်ပြေးမိတာပါ။ အိတ်ထဲကဟာက မောင်လေးဖို့ပါ။ သမီးကို မဖမ်းပါနဲ့နော်” လို့ပြောရင်း မျက်ဝန်းမှ မျက်ရည်တို့သည် ပါးပြင်ကိုဖြတ်၍ ရုံးခန်းကြမ်းပြင်ပေါ်သို့ ကျလာလေပြီ။
ငိုနေသည့်ကလေးမကို ယခုမှ သေသေချာချာကြည့်မိသည်။ ဆီနှင့်ကင်းဝေးလွန်းသည့် ဦးခေါင်းထက်မှ ဆံပင်တို့သည် နီကျင်ကျင်ပွယောင်းယောင်း၊ အဟာရဓာတ်ပြည့်ဝစွာ မရသည့် ပိန်လွန်းသောခန္ဓာကိုယ်သည် ချမ်းလွန်း၍လား ကြောက်၍လား မပြောတတ်။ တဆက်ဆက်တုန်ယင်နေသည်။
ကျနော့်သူငယ်ချင်းက ဘာဆက်လုပ်မည်ကို သိလိုသောကြောင့် ကိုယ်နှင့်မဆိုင်ပါပဲ ကျနော်ဆက်ထိုင်ရင်း အကဲခတ်နေမိသည်။ သူငယ်ချင်းက …
“ကဲဆိုစမ်းပါဦး ဒီကလေးက ခင်ဗျားဆိုင်က ဘာပစ္စည်းကို အလစ်သုတ်သွားလို့လဲ”
ဈေးသည် မိန်းမကြီးက တချက်တွေကနဲဖြစ်သွားပြီး …
“ဘာခိုးသွားသလဲတော့ မသိဘူး။ ဆိုင်နောက်မှ ကုန်းကုန်း ကုန်းကုန်းနဲ့တွေ့လို့ လှမ်းအော်လိုက်တော့ ထွက်ပြေးသွားတယ်။ အဲဒါ သူတခုခု ခိုးသွားလို့ပေါ့။”
ကျနော့်သူငယ်ချင်းက စိတ်မသက်မသာ တစ်ချက်ညည်းလိုက်ရင်း ကလေးမလေးကိုကြည့်လိုက်ကာ …
“သမီး၊ သမီးရင်ဘတ်ထဲက အိတ်ကို ဦးဦးကို ခဏပြ။ သမီးကို ဦးဦးတို့မဖမ်းပါဘူး”
ပြောရင်း ထိုင်ခုံမှထကာ ခလေးမလေးရှေ့သို့ သွားရပ်လိုက်သည်။ ကလေးမလေးက မထုတ်ချင်ထုတ်ချင်နှင့် ရင်ဘတ်ထဲမှ အထုတ်ကလေးကို ထုတ်ပြီးပေးလိုက်သည်။ အထုတ်တွင်းမှ ပစ္စည်းတို့ကို ရုံးခန်း၏ ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်တော့ ထွက်လာသည့် ပစ္စည်းလေးတွေက …
ကုန်ခြောက်တကာတို့မှ စွန့်ပစ်ထားသော တခြမ်းပုတ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး … စသည်
ကုန်စိမ်းဆိုင်တို့မှ လွှင့်ပစ်ထားသော ခရမ်းချည်သီး၊ ခရမ်းသီး … စသည်
ပုတ်လု့နီးနီးကုန်စိမ်းတချို့နှင့်အတူ ထွက်လာသည်က လက်တ၀ါးစာအရွယ် ပုတ်အဲ့အဲ့ ငါးကလေးတကောင်…
ရုံးခန်းအတွင်းရှိလူများ၏မျက်နှာသည် အုံဆိုင်းမှုံမှိုင်းသွားကြသည်။
ပြောင်းလဲသွားသော အခြေအနေကြောင့် လာပို့သော မိန်းမကြီးနှင့် အဖော်တို့ ဘယ်ရောက်သွားသည်မသိ။ သူငယ်ချင်းသည် မျက်တောင်တို့ကို အမြန်ခတ်ရင်း ကလေးမေ၏အိတ်ထဲသို့ ပစ္စည်းတို့ကို ပြန်ထည့်ပေးနေသည်။ ပြီးနောက် သူ၏ အိပ်ကပ်ထဲမှ တရာကျပ်တန်တရွက်ကို ထုတ်ပြီး ကလေးမ၏ သေးလှီးသည့်လက်ကလေးထဲထည့်ပေးလိုက်ပြီး ပြုတင်းပေါက်ဘောင်ကို လက်ထောက်လျက် အဝေးတနေရာသို့ ငေးရီ။ မျကရည်စို့မျက်ဝန်းအစုံနှင့် ၀မ်းသာလွန်းသည့် ကလေးမ၏ မျက်နှာ။ ဒီမြင်ကွင်းကို ကျနော်တသက်မမေ့တော့။
အတန်ကြာ ပြတင်းပေါက်မှာရပ်နေပြီးမှ ညို့အုံသောမျက်ဝန်းအစုံနှင့် သူငယ်ချင်းက ကျနော့်ဘက်သို့ လှည့်လာပြီး
“ခက်တယ်သူငယ်ချင်း မြေနိမ့်ရာလှံစိုက်နေကြပြီ၊ လူတွေရဲ့ ကြင်နာသနားမှုဆိုတာ ငါတို့ဘယ်မှာ ရှာကြမလဲ၊ ဒီတရားခံက … ”
စကားကိုဖြတ်၍ ကျနော့်မျက်မှာကို ကြည့်နေသည်။ ပြီး …
“အဲဒီကလေးမလေးရဲ့ အမေက စိတ်မနှံတော့ဘူး။ သူ့မှာ ၃ - နှစ်ကျော်လောက်ရှိတဲ့ မောင်လေးတယောက် ရှိတယ်။ အခု သူပဲ လုပ်ကျွေးနေတာ”

---- ---- ---- ----

နေ့စွဲတို့သည် ထိန်းချုပ်တား၍မရ။ စီးဆင်းနေကြသည်။ ခရမ်းနုရောင်နှင့်တို့ အသိပ်သည်းဆုံးလ၊ ဒီဇင်ဘာ
“တာဝန်မှူး၊ တာဝန်မှူး … ဦးစီးခေါ်နေတယ်”
ရုံးရှေ့မှ ခေါ်သံကြား၍ ကျနော်အခန်းအတွင် အစီရင်ခံစာတခုကို လက်နှိပ်စက်ရိုက်နေသည်ကို ရပ်ပြီး ဦးစီးအရာရှိရုံးခန်းအတွင်း ၀င်သွားလိုက်သည်။
“ဦးစီး၊ ဘာကိစ္စလည်း”
မေးရင်း သူ့စားပွဲရှေ့ ကုလားထိုင်တွင် ၀င်ထိုင်ရင်း ယူနီဖောင်း၊ ဘောင်းဘီအိပ်ထဲမှ မျက်စုစာအုပ်ကို လိုလိုမယ်မယ် ကိုင်လိုက်သည်။ ဦးစီးအရာရှိက …
“ညီလေး ကပြားတံဆောင်းဘေးက သာသနာ့ဗိမ္မာန်ရှေ့က ခြင်္သေ့ကြီးနှစ်ကောင်နားမှာ ကလေးအလောင်း ၂ လောင်းတွေ့တယ်လို့ ရဲစခန်းက အကြောင်းကြားတယ်။ အဲဒီနေရာကို ငါ့ညီသွားပြီး လိုအပ်တဲ့ကိစ္စတွေ လုပ်ပေးပြီး အစီရင်ခံစာတင်ဖို့ အချက်အလက်ယူခဲ့ပါ။”
ဦးစီးအရာရှိ၏စကားဆုံးသည်နှင့် ဌာနပိုင် မော်တော်ဆိုင်ကယ်ကိုစီးရင်း သူညွှန်သည့်နေရာသို့ အသော့နှင်လာခဲ့သည်။ ထိုနေရာတွင် အသင့်ရောက်နေသော ရဲအရာရှိတဦးနှင့်အတူ ၀ိုင်းအုံနေသည့် လူများကို တိုးဝှေ့ရင်း င်္ခြသေ့ကြီး ၂ ကောင်ရှေ့အရောက်တွင် တွေ့မြင်လိုက်သည်က ရင်ကိုနင့်ကနဲ ဖြစ်စေသည်။
တန်ဆောင်းရှေ့ င်္ခြသေ့ကြီးနှင့် အုတ်တံတိုင်းကြား လေကွယ်သည့်နေရာကလေးတွင် မည်သည့်အချိန်က ညိမ်းနေသည်မသိသည့် မြက်ခြောက်မီးပုံကလေး၊ ၎င်းဘေးတွင် အောက်ခံ အင်္ကျီပါးကလေးနှင့် ခွေခွေကလေး လဲလျောင်းနေသည့် ကျနော်တွေ့ဖူးသော ကလေးမလေး။ သူ့ရင်ခွင်ထဲမှာက ယခင်သူဝတ်ဖူးသည့် ဖလံနယ်အင်္ကျီကလေးနှင့် ပတ်ထားသည့် ၃/၄ နှစ်အရွယ်ကလေးငယ်တဦး။ မီးတို့သည်ငြိမ်းနေလေပြီ။ အသက်တို့သည် ကင်းနေလေပြီ။
ကျနော်နှုတ်မှ တစုံတခုကို ဖွင့်အော်လိုက်ချင်မိသည်။ ဈေးတာဝန်ခံရုံးမှ ပုံရိပ်များ၊ သင်္ဘောပေါ်မှ ပုံရိပ်များ၊ သူကလေးပြောခဲ့သည့် စကားများ။ အားလူးပုတ်၊ ကြက်သွန်ပုတ်၊ ငါးပုတ်များ …
လောကပါလနတ်တို့သည် လောကကိုစောင့်ရှောက်ကြကုန်၏။ ယခုယင်းလောကပါလနတ်မင်းတို့သည် အဘယ်သို့ အလေလိုက်နေသနည်း။ သို့တည်းမဟုတ် ဤနိုင်ငံကို အစိုးရသူတို့အား ရှောင်ကျှုနေ၍လော။
ဒီဇင်ဘာနှင်းတို့သည် ကျမြဲ … … … သူတို့နှင့်မဆိုင်သလို … …. … ။

ဒီမို

1 comment:

loveboy said...

ရင်ကွဲနာ ဘလော့ရေးသူ ကိုသိချင်ပါတယ်ခင်ဗျာ။ပြီးလျှင်http://www.edinooyin.com/profiles/blogs/4347155:BlogPost:1211113 တွင်ဆုငွေ လာရောက်ထုတ်ယူပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။