"အား ... အမလေး ... "
ဝမ်းဗိုက်တွင်းမှ ရုံးကန်မှုကြောင့် နာကျင်စွာ ခံစားနေရသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ညီးညူနေသည်။
ကလေး၏ တွန်းကန်အား မည်မျှရှိသည်ကို မိခင်၏ မျက်နှာက ညွန်ပြနေသည်။
ဖိနှိပ်မှုများကို တွန်းလှန်ဆန့်ကျင်ကြသူများ ရန်ကုန်မြို့လမ်းမများပေါ်တွင် အုံခဲလျှက် ...
လူလှိုင်းကြီးများ တလိမ့်လိမ့်နှင့် ဒီရေအလား ကြီးထွားလာသည်။"မီးဖွားမဲ့ လူနာရှင် ရှိလား"
တာဝန်ကျ သူနာပြုဆရာမ အော်၍ မေးလိုက်သည်။
"ရှိပါတယ် ရှင်" အမျိုးသမီးတဦးက ချက်ချင်းပြန်ဖြေလိုက်သည်။
"ရှင်က သူနဲ့ ဘာတော်လဲ" "သူအမျိုးသားကော"
"ကျမ က သူ့အမပါ" "သူ့အမျိုးသားက ... ဟို အဲ ရောက်မလာသေးဘူး"
အမျိုးသမီး က ဆိုးရိမ် အားငယ်မှုများဖြင့် ပြန်ဖြေသည်။
"လိုအပ်ပါက ခွဲစိတ်ခွင့်ပြုကြောင်း လက်မှတ်ထိုးဖို့ လိုနေပါတယ်"
"ကျမ ထိုးပေးပါ့မယ်" ပြောပြောဆိုဆို သူနာပြုဆရာမ ယူလာသော စာရွက်ပေါ်တွင် လက်မှတ်ထိုးပေးလိုက်သည်။
ရုတ်တရက် ခလေး တွန်းကန်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်က သူ၏ နာကျင်မှုကို စကားတလုံးတည်းဖြင့် ဖေါ်ပြလိုက်သည်။
အား ... ....
ဒိုင်း ..ဒိုင်း ...
လမ်းမများပေါ်တွင် ကြွေးကြော်သံများ အစား သေနတ်သံများ ထွက်ပေါ်လာသည်။
အပြေးအလွှား အကာအကွယ် ရှာဖွေကြ၍ ရုတ်ရုတ်သဲသဲ။
အော်သူက အော်၊ ဆဲသူက ဆဲ၊ လဲသူက လဲ၊ စွဲသူက စွဲ၊ အန္တိာရုံ မြင်ကွင်းထဲမှာ
"ဟာ ဟိုမှာ တစ်ယောက် သေသွားပြီ"
"မိုက်ရိုင်းလိုက်ကြတာကွာ"
အူဝဲ ... အူဝဲ ...
"မွေးပြီရှင့် မွေးပြီ"
"ဘာလေးလဲ ဆရာမ"
"မိန်းကလေး ၀ဝကစ်ကစ် ချစ်စရာလေး"
"ဆရာမ မိခင်အခြေအနေလေး"
"ကျမ္မာပါတယ်၊ ဒါပေမယ့် စိတ်ကျနေပုံရတယ်"
စကားတပြောပြောနှင့် လူနာရှင် အမျိုးသမီးက သူနာပြုဆရာမ ခေါ်ဆောင်သွား လူနာခန်းရှိရာသို့ လိုက်ပါသွားသည်။
အခန်းဝသို့ ရောက်သည်နှင့်ပင် အခန်းတွင်း မြင်ကွင်းကြောင့် လူနာရှင် အမျိုးသမီး၏ မျက်ဝန်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ ဖြေးညင်းစွာ စိးဆင်းလာသည်။
သမီးလေးကို ထွေးပိုက်ထားသော သူမသည် ခံစား နာကျဉ်းမှုများကို တတ်နိုင်သမျှ ထိမ်းချုပ်ထား၏။ သူမ၏ မျက်နှာတွင် မျက်ရည် မရှိ၊ မျက်လုံးများကား မျက်နှာချက်ကို တည့်တည့်.ကြည့်ရင်း မဲ့ပြုံးလေး ပြုံးလျှက် ...။
၈.၈.၂၀၁၁
ဒီနေ့ ကျမ အသက် ၂၃ နှစ်ပြည့်ပြီ။
အမေလည်း တစ်စုံတရာကို မျက်တောင်မခတ် ကြည့်ရင်း မဲ့ပြုံးလေး ပြုံးနေဆဲပါ။
"အဖေရေ ..."
ညို(မြန်မာ)
Tuesday, August 9, 2011
မွေးနေ့လက်ဆောင်
Wednesday, July 20, 2011
မျို မချလိုက်ရသော ရသ
ရင်ခေါင်းမှ တင်းကြပ်မှုများ တဖြေးဖြေး လည်ချောင်းဝသို့ စို့တက်လာ၏။ ပြင်းထန်စွာ စို့တက်မှုကြောင့် မျက်ဝန်းမှပင် မျက်ရည်စများ ရစ်ဝဲလာသည်။ မျက်နှာတွင် နာကြည်းမှု၊ ၀မ်းနည်းကြေကွဲမှုများ ရောထွေးလျက် တင်းမာခက်ထန်နေသလို စိတ်မှာက ဒေါသ၊ အားမလို အားမရမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မကြေနပ်မှုများ သိပ်သီးစွာ သိုလှောင်ထားရပေသည်။တိုက်ပွဲပေါင်းများစွာ တိုက်လာခဲ့သူတစ်ယောက် ဒီပွဲတွင် ရင်ဘတ်ကြီး ပွင့်တွက်သွားလေပြီ။
မျက်ရည်စများသည် မျက်ဝန်းထဲမှ ခုန်တွက်လာကြ၏။ ခန္ဒာကိုယ်တစ်ခုလုံး ငလျင်လှုပ်နေသည်ဟု ခံစားနေရသည်။ ကြက်သီးမွှေးညှင်းများလည်း ထိုးထောင်လာသည်။ လက်ချောင်းများ မရှိသော်လည်း လက်ကို ကျစ်ကျစ်ပါအောင် စုတ်ထားမိသည်။
အရာအားလုံးတို့သည်လည်း မှုံန်ဝါးသွား၏။ ပတ်ဝန်းကျင် တစ်လုံး ပျောက်ကွယ်သွားပြီး ကိုယ့်ကိုယ်ကိုယ်လည်း မသိနိုင်တော့ချေ။ သို့သော် မသိစိတ်၏ ဖမ်းယူထားသည့် မှတ်တမ်းများသည်ကား ပီသစွာ ကြည်လင်ပြတ်သားနေပေတော့သည်။
“ပြည်သူများ အာဇာနည်ကုန်း ချီတက်နေကြပုံ”
“အန်အယ်လ်ဒီဌာနချူပ်ရှေ့က လူထု၏ အာဇာနည်နေ့မြင်ကွင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဝန်းကျင်မြင်ကွင်း ဓါတ်ပုံများ”
“ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့ မိန့်ခွန်းသံ”သည် အားမာန်အပြည့်နှင့် ပြန့်လွင့်နေစဉ်
ကျနော်သည်ကား ကွန်ပြူတာရှေ့၌ပင် ….. …..။
ငြိမ်းစု Wednesday, July 20, 2011
Thursday, June 2, 2011
အကောင်းဆုံး ဆေးတခွက်
လှဲ့ကြည့်လိုက်ပါ၊
ဟော ….
အမှန်တရားတွေ လွင့်ထွက်သွားပြီ။
မိတ်ဆွေ …
သင့်ရဲ့ လုပ်ဆောင်ချက်တွေ
ဆီကြိတ်ဆုံထဲထည့် ကြိတ်ကြည့်လိုက်ပါ၊ဟော …
အတ္တတွေ ထွက်ကျလာပြီ။
မိတ်ဆွေ …
လွင့်ထွက်လာတဲ့ အမှန်တရား
ထွက်ကျလာတဲ့ အတ္တတွေကို
ရောမွှေပေါင်းစပ်လိုက်ရင် ….
စစ်မှန်တဲ့ အမှန်တရားနဲ့ အတ္တတွေ
ပျော်ဝင်နေတဲ့ လောကနိဗ္ဗာန်ဆေးတခွက်
သင့်ဘ၀ အတွက်
ဖြစ်ပေါ်လာလိမ့်မယ်။
ရိုး(ခေတ္တရာ)
January 28, 2011 (Rensselaer)
Thursday, April 14, 2011
နှင်းခဲပျော်ချိန်
နှင်းတွေ
ထူထူထဲထဲ၊ သိပ်သိပ်သည်းသည်း ကျနေတဲ့အချိန်
အပင်တွေဟာ ပေါက်မလာကြဘူး။
မကြည်မလင် ရာသီဥတုထဲ
ငါ
နေထိုင်ခဲ့ရဖူးတယ်။
အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲပျော်ချိန် ရောက်ပြီ။
တကယ်ပါပဲ
လမ်းတွေဟာ ရှင်းလာတယ်
မြင်ကွင်းတွေဟာ ကြည်လင်လာတယ်
အေးခဲမနေတော့ပဲ နွေးထွေးလာတယ်
အထဲကလူတွေ အပြင်ကို ထွက်ကုန်ကြတယ်
မြေသားကိုထိုးခွဲ ပန်းပွင့်လေးတွေလည်း ပေါက်လာကြတယ်။
အမေရိကန် နွားကြောင်းသားတွေက
သူ့သားကောင်ကို ကြိုးကွင်းပစ်ဖမ်းလိုက်သလိုမျိုး
ဘယ်လောက်ရိုင်းတဲ့ ရာသီပဲဖြစ်ပါစေ
အသားကျစီးနိုင်ခဲ့တယ်။
ငါဟာ ကဗျာဆရာဖြစ်တယ်။
လာပြီ ... !
ကဗျာဆရာလာပြီို
ငါ့မြင်းကို ငါစိုင်း
ကဗျာပန်းတွေ စိုက်ပျိုးမယ်။
အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲ ပျော်ချိန်ရောက်ပြီ။
ညိုထက် (လမ်းသစ်ဦး)
Wednesday, March 23, 2011
သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရ ဖြစ်တဲ့ခေတ်
တကယ်ကျတော့ နအဖစစ်ဗိုလ်တွေဟာ ဒီတပ်မတော်ရဲ့“ဗြဟ္မာကြီးလေးဦး”လို့ဆိုရမယ့် ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေ စတာတွေကိုမေ့ပစ်၊ ချောင်ထိုးလိုက်ကြပါပြီ။ သူတို့ရဲ့သမိုင်းစာအုပ်ထဲမှာ ဗိုလ်သန်းရွှေတို့ တတွေဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ထက်မြင့်မြတ်၊ သူတို့ချုပ်ကိုင်ထားတဲ့ ဓားပြတပ်၊ မုဒိန်းတပ်ကြီးဟာ ပြည်သူလူထုရဲ့အမိအဖတောင် ဖြစ်နေပါတယ်။ အခုကိုပဲ လွှတ်တော်နဲ့သမတရဲ့အထက်က ကာကွယ်ရေးဦးစီးချုပ်လို့တွေ့နေရပါပြီ၊
သမိုင်းကိုပြန်ကြည့်လိုက်ရင် တပ်မတော်ဟာ လွတ်လပ်ရေးရကာစ တုန်းက ဖဆပလ အစိုးရရဲ့ ချုပ်ကိုင်မှုကို လက်ခံခဲ့ပါသေးတယ်။ ပြည်တွင်းစစ်တိုက်နေရလို့ ရန်ကုန်အစိုးရ သာသာကျန်တော့တဲ့အခါမှာ ဦးနုက အိန္ဒိယကနေ လက်နက်ခဲ ယမ်းတောင်းပေးတာ ဘာညာတွေလုပ်ပေးနေတော့ စစ်တပ်ဟာ တည်ရှိနေတဲ့ အစိုးရရဲ့ အမိန့်ကိုနာခံပါတယ်။ အဲဒီနောက် ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုဖြစ်ပွားလာတော့လည်း တည်ရှိနေတဲ့အစိုးရက ကုလသမဂ္ဂမှာဒီကိစ္စကို ပြောနေဆိုနေ တာတွေ လုပ်နေတာဖြစ်တော့ စစ်တပ်ဟာအစိုးရရဲ့စကားကို နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖဆပလ အတွင်း ဂိုဏ်းတိုက်ပွဲတွေစတင် ပေါ်ပေါက်လာတာနဲ့အမျှ ဆိုရှယ်လစ်အုပ်စုဟာ သူတို့ရဲ့ဆိုရှယ်လစ်ပါတီဝင်တွေဖြစ်တဲ့ ဗိုလ်နေ၀င်းကအစ စစ်တပ်ထိပ်သီးပိုင်းက လူတွေကိုစည်းရုံးတာလုပ်ပါတော့တယ်။ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်ကဖဆပလအဖွဲ့ကိုယ်စား အတိုက်အခံတွေကိုသတ်တာ၊ “ဆုံးမတာ” တွေလုပ်ပေးတာဟာ စစ်တပ်အနေနဲ့ နိုင်ငံ ရေးမှာဘက်လိုက်လာတာကို အထင်အရှားပြလာတာဖြစ်ပါတယ်။ တပ်မတော်ဟာ အာဏာရအစိုးရရဲ့စစ်တပ်မဟုတ် တော့ပဲ ဖဆပလရဲ့စစ်တပ်ဖြစ်လာနေတဲ့ လက္ခဏာပါ။
ဒီလိုနဲ့ ဖဆပလအတွင်းအက်စပြုလာတော့ ဆိုရှယ်လစ်တွေဟာ စစ်တပ်ကိုကိုယ့်လူအဖြစ်အပိုင်တွက်ပါတော့တယ်။ တွက်လည်းတွက်လောက်ပါတယ်။ အဲဒီတုန်းကစစ်တပ်ထိပ်ပိုင်းရဲ့ ရာခိုင်နှုန်း၈၀လောက်ဟာ ဆိုရှယ်လစ်ပါတီ အနွှယ်တွေ ဖြစ်နေတာပါ။ ဦးဗဆွေ-ဦးကျော်ငြိမ်းတို့ကဒီလိုသိမ်းသွင်းတာကို ဗိုလ်နေ၀င်းလိုရှစ်စပ်ကလည်တဲ့လူက မသိပဲနေပါ့မလား။ ဖဆပလထိပ်ပိုင်းမှာကွဲပြီးယိုင်နေတာ၊ ပြည်သူလူထုကဖဆပလအစိုးရကို အယုံအကြည်လျော့နည်း လာတာ စတာတွေကို ရှစ်စပ်ကလည်တဲ့ ဗိုလ်နေ၀င်းကကောင်းကောင်းသတိထားမိပါတယ်။ အဲဒီလိုဖရိုဖရဲ အားနည်း နေတဲ့အုပ်စိုးသူကို သေနတ်နဲ့အမိန့်ပေးရင်ရတယ်လို့ ဗိုလ်နေ၀င်းကအခြေအနေမှန်တွက်လိုက်မိပါတယ်။ ဒါကြောင့် ၁၉၅၈ခုနှစ်အာဏာသိမ်းပွဲကို ဖော်ထုတ်လိုက်တာပါပဲ။ ဗိုလ်နေ၀င်းတွက်တာမှန်ပါတယ်။ ဦးနုကလည်းအာဏာကို အသာတကြည်ထိုးပေးတာပါပဲ။ ဆွေငြိမ်းအုပ်စုကတော့ အာဏာသိမ်းတာကိုတောင် ထောက်ခံလိုက်ပါသေးတယ်။ ဒီနောက်မှာတော့ ဗိုလ်နေ၀င်းဟာအာဏာသိမ်းရတာ အင်မတန်လွယ်ကူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်စောင့် အစိုးရလို့ ကြေညာထားမိတဲ့အလျောက် ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပထစကို အာဏာလွှဲပေးလိုက်ပါတယ်။ တချိန်ထဲမှာပဲ သူ့အုပ်စုတခုကို အသေအချာ ပြင်ဆင် တည်ဆောက်ပါတော့တယ်။ ဗိုလ်ချုပ်မောင်မောင်အပါ သူ့ကို ပုခုံးချင်းယှဉ်နိုင်မယ်ထင်ရတဲ့၊ နိုင်ငံရေး ၀င်္ကဘာရဲ့အကွေ့အချိုးတွေမှာ သူ့ကိုအာခံမယ်လိုထင်ရတဲ့ ဆိုရှယ်လစ်စစ်ဗိုလ် အတော်များများကို တပ်ထဲကပ'ထုတ်ခဲ့ပါတယ်။ ဒါဟာလည်း သေနတ်နဲ့လုပ်တဲ့အစီအစဉ်မို့ မြန်မြန်ဆန်ဆန် လွယ်လွယ် ကူကူပဲ ပြီးမြောက်သွားပါတယ်။
၁၉၆၂ခုနှစ်အာဏာသိမ်းတာဟာ ရာသက်ပန်အစိုးရတရပ်ထူထောင်တာပါပဲ။ ၅၈ခုနှစ်အာဏာသိမ်းမှုဟာ အစမ်း အာဏာသိမ်းတာ၊ ၆၂ခုနှစ်အာဏာသိမ်းမှုဟာ တကယ်တမ်းအာဏာသိမ်းတာလို့ ဆိုရမှာပါ။ ဒီအချိန်ကစပြီး ဗမာနိုင်ငံမှာ သေနတ်ကိုအမိန့်ပေးနိုင်သူဟာ အစိုးရကိုအမိန့်ပေးနိုင်တဲ့အဆင့်ကနေ သေနတ်ကိုအမိန့်ပေးနိုင်သူဟာ အစိုးရလုပ်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားပါပြီ။ ဒါကိုပြောင်းပြန်ပြောရရင် သေနတ်ကိုအမိန့်မပေးနိုင်ရင် အစိုးရမလုပ်ချင်နဲ့လို့ လောဂျစ်ဆွဲယူလို့ရပါတယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် သက်တမ်းရှည်လာတော့ ဗမာပြည်စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချ အသက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းအပါ ထိပ်သီးအမြောက်အမြားဟာ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နေရာကနေ စွန့်ခွာတယ်ဆိုတာနဲ့ သေနတ်ကိုအမိန့်ပေးတဲ့ တခြားတယောက်ကသူတို့ကိုပြန်အမိန့်ပေးတာတွေ ခံကြရပါတော့တယ်။
ဗိုလ်ချုပ်နေ၀င်းအဖြစ်ကနေ သင်ခန်းစာယူထားတဲ့ ဗိုလ်သန်းရွှေတို့ရေးဆွဲလိုက်တဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သူတို့ရဲ့ရွေးကောက်ပွဲတွေကတင်လာမယ့် လွှတ်တော်တွေကနေ သေနတ်ကို(တပ်ကို)အမိန့်မပေးနိုင်အောင် ကြိုးစားပမ်းစားရေးဆွဲထားတယ်ဆိုတဲ့အချက်ကို သတိပြုပါ။ လွှတ်တော်ဥက္ကဌနဲ့ဝန်ကြီးချုပ်-သမတခန့်ထားတာထက် ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားတာတွေက ပိုပြီးကြန့်ကြာနေတာတို့ဟာ တိုင်းပြည်မှာဘယ်တာဝန်၊ ဘယ်ရာထူးက အရေးပါဆုံး ဖြစ်တယ်ဆိုတာကို ပြသနေတာတမျိုးပါပဲ။ ဒါ့အပြင် အစိုးရထဲက အစိုးရဆိုတာထက် ဆိုးတဲ့ အစိုးရ အပြင်က အစိုးရလို့ဆိုရမယ့် အကလက (အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ) ဆိုတာကလည်း တသီးတခြား၊ ထီးထီးမားမားတည်ရှိနေပါသေးတယ်။
ဒီလိုသိသာထင်ရှားတဲ့အချက်တွေ ရှိနေပါလျက်ကနဲ့လည်း နဂိုကတည်းကနအဖစစ်အစိုးရကို အသိအမှတ်ပြု လူရာ သွင်းချင်နေကြတဲ့ ပြည်တွင်းပြည်ပက လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ကြပ်ပြေးမှာလွှတ်တော်တခု ပေါ်လိုက်တယ်ဆိုတာနဲ့ပဲ အရပ်သားအစိုးရဖြစ်ပြီ လို့တမျိုး၊ အရင်ကထက်တော့ တော်သေးတာပဲဆိုလို့ တမျိုးမျိုး တကောင်ထဲရတဲ့ ဖွတ်ကလေးကို ခေါင်းပွတ်ကြည့်၊ အမြီးလှန်ကြည့် လုပ်နေကြပါတယ်။ မမေ့သင့်တာက အစိုးရတရပ်ဟာ ရွေးကောက်ပွဲသဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်စေ၊ တခြားဘယ်သဏ္ဌာန်နဲ့ဖွဲ့စည်းထားတာပဲဖြစ်စေ စစ်တပ်ကို ပြည်သူ လူထုချုပ်ကိုင်မှုအောက်က ခွဲထုတ်ပြီး သီးသန့် ချုပ်ကိုင်ထားရင် အဲဒီအစိုးရဟာ စစ်အာဏာရှင်အစိုးရပဲဖြစ်နေမှာပဲဆိုတဲ့ အချက်ပါ။ အ၀တ်အစား၊ အပြောစကား၊ အရေးအကြွားတွေကို ကြည့်ပြီး သတ်မှတ်နေလို့ကတော့ နိုင်ငံရေးအရ ညံ့ဖျင်းရာ ကျလွန်းတယ်လို့ ထင်ပါတယ်။
ဒီနေ့ဗမာပြည်မှာ တပ်မတော်နဲ့ပတ်သက်တဲ့ အဓိကအကျဆုံးပြဿနာဟာ တပ်မတော်ကိုပြည်သူလူထုရဲ့ကွပ်ကဲမှု အောက်ပြန်ပို့ရေးဖြစ်ပါတယ်။ တနည်းအားဖြင့်ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ အစိုးရတရပ်ရဲ့ အမိန့်ကိုနာခံတဲ့ တပ်ဖြစ်စေဖိုဖြစ်ပါတယ်။ အခုတော့ နအဖရဲ့၂၀၀၈ဖွဲ့စည်းပုံအရဆိုရင် ဒီစစ်တပ်ကြီးဟာအကလက (အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ) နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုပဲ နာခံမယ်ဆိုတာလိုဖြစ်နေပါတယ်။ အခုတော့ ဒီစစ်အုပ်စု တခုရဲ့လက်ကိုင်တုတ်လိုဖြစ်နေတဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ဂုပ်ပေါ်မှာဝဲနေတဲ့ဓား၊ တိုင်းပြည်အထက်မှာပျံဝဲခြိမ်း ခြောက်နေတဲ့ ဗုံးကြံလေယာဉ်ကြီးလိုဖြစ်နေပါတယ်။ စစ်တပ်ကို စစ်တန်းလျား ပို့ရမယ့်အစား လွှတ်တော်ထဲ၊ အိမ်ဦးခန်း ထဲကိုခေါ်သွင်းလာခဲ့ပါပြီ။ ဒါ့အပြင် လွှတ်တော်က မချုပ်ထိန်းနိုင်တဲ့ဒီစစ်တပ်ကို အချိန်မရွေးအာဏာသိမ်းပိုင်ခွင့်တွေ ပေးထားပါတယ်။
အခုလိုပြည်သူနဲ့စစ်တပ်ဆက်ဆံရေးမှာ ဘုရားကားအောက်မျောက်ကားအထက်ဖြစ်နေတဲ့ အနေအထားကိုပြန် မပြောင်းနိုင်သေးသရွေ့ တိုင်းပြည်ဟာစစ်တပ်ရဲ့အနိုင်ကျင့်မှုကို ခံနေရပါလိမ့်မယ်။ ပြည်သူလူထုကို စစ်တပ်ရဲ့လုပ်စာ စားနေရတယ်ဆိုတဲ့ အမြင်မျိုးဖယ်ရှားပြီး ပြည်သူလူထုဟာ တပ်မတော်ရဲ့မွေးမိဘ၊ ကျွေးမိဘဖြစ်ကြောင်း တပ်မတော်သားတွေကို သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။ ဗမာပြည်မှာ သဘာဝကပ်ဘေးတွေ ကြုံတွေ့ရရင် တပ်မတော်ဟာ သူများနိုင်ငံတွေမှာလို ရှေ့တန်းကထွက်လာပြီး လူထုကိုကူညီ။ ကယ်ဆယ်တဲ့အနေအထား မျိုးပြန်ရောက်မှ လူထုနဲ့တပ်မတော်ဆက်ဆံရေးလည်း တဖြည်းဖြည်းပုံမှန်ဆီပြန်ရောက်မှာပါ။ အဲဒီလိုမဟုတ်လို့ကတော့ ဗိုလ်သန်းရွှေတို့ကျွေးမွေးတာစားပြီး လူထုအပေါ်နိုင်စားနေတဲ့ လူထုချဉ်ဖတ်ပဲဖြစ်နေဦးမှာပါပဲ။
ရဲဘော်ဆေး
(၁၅)နှစ်တောင်ရှိသွားပြီ---တုတ်ကြီးရေ
မင်းရဲ့---
မက်မက်စက်စက်ပွင့်လန်းလို့ကောင်းတဲ့အချိန်
သာမိတိုက်ရွာကြီးက
မင်းရှိရင်အားရှိတယ်။
မင်းမလာရင်--တမေးမေး--တစမ်းစမ်းနဲ့
ကွမ်းထုတ်လေးအမြဲပေးတတ်တဲ့ရွာလေ။
မှိုင်းပြာပြာ ပျင်းစရာကောင်း
အထီးကျန်နွေအလယ်မှာ
ငါတို့--ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့သံစဉ်တွေရေး
စကားပြောလောကြီးတဲ့မင်း
ဘာတွေနဲ့ဘယ်လို
လဲလှယ်ခွင့်မပြုနိုင်
လှလိုက်တဲ့ ကတိစကားတွေ
မင်းမွေးဖွားပေးရက်နော်။
ဓကျနော်က--ထင်ထားတာ
သူရေလာပက်မယ်လို့
ရဲဘော်ကြီးတယောက်ကို
သူက---တစ်တစ်ရစ်ရစ်မလွှတ်တမ်းပေါ့ဓ
ဗုံတောင်သူ မိသက်ထားကိုမှ
ခွင့်လွှတ်ခြင်းများစွာနဲ့
အဲဒီလောက်ချစ်ခဲ့တာပါတဲ့။
ဆရာကြီးပီမိုးနှင်းရဲ့စကား
သူနဲ့ငြင်းခုံကြသေး
ဓနိုင်ငံရေးဆိုတာ ညစ်ပတ်တတ်မှဓတဲ့။
ဆိုးတူကောင်းဘက်ရဲဘော်တွေအတွက်
ဟာသနဲ့တသက်လုံးအမှတ်ရသွားမယ့်
ဇဝဏဥာဏ်--သတိရတုန်းတုတ်ကြီးရေ။
ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်းပုန်းတဲ
ညောင်ပင်တောင်ပုခက်တဲ
မဏ္ဌပ်တောင်ဘုရားပွဲ
မင်းကိုယ်တိုင်ကပြခဲ့တဲ့ဇာတ်
ဓလူသူတခါရောက်ဖို့လှည့်စားထား
ကိုကြွေရေ--ရှုရှုတခါပေါက်ဆယ့်ငါးပြားဆိုပဲဓ
အကြောင်းမညီညွှတ်လို့
ဘောင်းဘီချွတ်ရပါပြီ---ပြက်လုံး
ငါကြားချင်သေးတယ်တုတ်ကြီးရေ။
တညသားမှာ
ငါ့ကျောကုန်းကို---အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကိုမေ့သွားအောင်လုပ်ခဲ့တာလား။
မမေ့ဘူး--မင်းကိုချစ်တယ်
မင်းကို--လေးစားတယ်
မင်းကို--တန်ဖိုးထားတယ်
မင်းကို---ကျည်တတောင့်မသင့်စေချင်ဘူး။
မင်းချစ်တဲ့ရွာ--မင်းပြည်သူက
ရဲဘော်ဆေး ရန်သူမိသွားပြီတဲ့
ရဲဘော်ဆေးသတ္တိရှိရှိပဲတဲ့
ရန်သူကိုတည်ငြိမ်စွာတုန့်ပြန်တယ်တဲ့
ရန်သူဆီကွမ်းတရာ
တောင်းစားရဲတယ်တဲ့--ပြီးတော့
ဓခင်ဗျားတို့ ကျုပ်ကိုမိပြီပဲ
ကျုပ်လူတွေကိုမေးစရာမလိုဘူး
ခင်ဗျားတို့လုပ်စရာရှိတာဆက်လုပ်ပါဓ။
ခွပ်ဒေါင်းစိတ်--ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ တချက်ကလေးမညွှတ်ပြောင်း
တွေဝေမှုမရှိ--သေခြင်းတရားကို
ရဲရဲအာခံသူ။
ကွမ်းသီးလှီးတဲ့--ဓါးပြတ်ပြတ်နဲ့
ညောင်ဝါပင်ခြေရင်း
ဓါးတစင်းအောက်မှာ--အသက်ပျောက်သွားခဲ့
ရဲဘော်တုတ်ကြီးရေ--
ငါ့ရင်ထဲ---မေ့လို့ရနိုင်ရိုးလား။
ကျည်ဝေဖြိုး
(၁၉၉၇ခုနှစ်၊မတ်လ-၁ရက်)
မှတ်ချက်။ ။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး။ ကျောင်းသားတပ်မတော်၊ စစ်ရေးအခြေခံဒေသထိုးဖောက်ရေး၊ ဗဟိုအလုပ်အဖွဲ့(အလယ်ပိုင်း) အထူးဒေ သ သစ် အယ်တောင်ရွာနှင့်လေးအိမ်စုရွာကြားတွင် ရန်သူနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ရင်းအရှင်မိသွားပြီးအသတ်ခံခဲ့ရသောရဲဘော် ဆန်းလင်းအောင်(ခ)ရဲဘော်ဆေး၊(သို့)တုတ်ကြီးအား ဂုဏ်ပြုရေးဖွဲ့ပါသည်။
Saturday, March 19, 2011
“ကျွန်တော်သိသော ချေဂွေဗားရာဆိုတာ။”
သင်္ချာတော်သည့် ကျောင်းသား။ ဖခင်က အင်္ဂျင်နီယာ။ သူ့ကိုလည်း အင်္ဂျင်နီယာအဖြစ်ကိုသာ ရွေးချယ် လိမ့်မည်ဟု ထင်ထားကြ သော်လည်း ငယ်စဉ်က ချူချာခဲ့သူပီပီ ဆရာဝန်အဖြစ်ကိုသာ သူရွေးချယ်လိုက် သည့်အတွက် သူမိသားစုနဲ့ သူငယ်ချင်းများအကြား အံ့အားသင့်ခဲ့ရသည့်သူ။
ကမ္ဘာကျော် ပျောက်ကျားတော်လှန်ရေးသမားကြီးချေသည် သူ့နိုင်ငံမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရသော် လည်း စစ်မှုထမ်းရန် မသင့်လျော်သေး၊ ဘွဲ့ရမှ စစ်မှုထမ်းရမည်ဟုဆိုပြီး အငြင်းခံခဲ့ရဖူးသည်။ ဒီနေရာ မှာ တက္ကသိုလ်ကျောင်းသားဘဝက စကားစစ်ထိုးပွဲ(ဒီဘိတ်)တွေမှာ တုံးတိတိ အညာသားလေသံဖြင့် တက်ပြောသော ကိုအောင်ဆန်းကို လူတွေလှောင်ပြောင်လို့ အကိုဖြစ်သူက စကားတက်မပြောရန် တားယူခဲ့ရသူ၊ နောင် နိုင်ငံကျော်၊ ကမ္ဘာနဲ့ချီ မိန့်ခွန်းပြောကောင်းခဲ့သည့် ကျွန်တော်တို့နိုင်ငံ၏ လွတ် လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိယမိသည်။
(မော်ရိုကိုမှ မာရီယာရိုဆာရီယိုဂွေဗာရာ ဆိုသူအမျိုးသမီးထံသို့ ပြန်ရေးပို့သောစာမှ - ၁၉၆၄)
ဒီစာသားလေးကိုဖတ်မိတော့ ပြည်တွင်းနှင့် ကမ္ဘာ အနှံ့မှာ ဖြန့်ကြက် ကျက်စားနေသော ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှား နေကြသော လူတစ်ခိျု့ထဲမှ သွေးကြောင်ပြီး ဟိုလူ့အပြစ်ဖို့၊ ဒီလူ့အ ပြစ်ဖို့ နေသော နိုင်ငံရေးသမားဆိုသူများနှင့် နိုင်ငံအတွက်လုပ်တာပါ ဆိုပြီး လွှတ်တော်တက်ကာ ရေငုံ နုတ်ပိတ်၊ ခေါင်းငြိမ့်တတ်လျှင် ရလာမည့်မက်လောက်စရာ သိန်းကျော်လခကို မြင်နေသော လူ ကြောင်များကို တွေးသနားမိပါသည်။
သမိုင်းကို ရေးလိုသည့် တော်လှန်ရေးသမား တစ်ယောက်သည် လက်အိတ်တွင် ကပ်နေသော လက် ချောင်းများပမာ အမှန်ကို စွဲစွဲမြဲမြဲ ကပ်ထားရပါမည်။ ခင်ဗျားကလည်း ကပ်တော့ကပ်နေပါသည်။ သို့သော် လက်ဝှေ့လက်အိတ်ဖြစ်သည့်အတွက် သိပ်မ ကောင်းလှပါ။
ကျွန်တော့်အကြံပေးချက်မှာ ဆောင်းပါကိုပြန်ဖတ်ပစ်ပါ။ အမှန်မဟုတ်တာ အားလုံးကိုဖြတ် တောက်ပစ် ပါ။ မသေချာသည့်အရာအားလုံးကို ကြီးစွာသတိထားပါ။
မေဂျာအာနက်စတိုချေဂွေဗားရား
သမိုင်းကို လိုသလိုဆွဲပြောနေ၊ ရေးနေကြသော မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ပါဝင်ခဲ့သမျှ လူ တိုင်း ရှက်သေဖို့ကောင်းသော စာလေးပင်ဖြစ်သည်။ သခင်ခံ လူအိုကြီးတစ်ဦးသည်ပင် သူနဲ့သက် တူ တွေ မရှိတော့ ဘူးဆိုပြီး ရေးချင်တာရေးနေသော သမိုင်းအလိမ်ထုတ်တွေကို သိမှီလက် တံရှည်သော သူတချို့လိုက်လံ ထောက်ပြနေရတာကို လွန်ခဲ့သောနှစ်တစ်ချို့က ပြည်တွင်းဂျာနယ် တချို့တွင် ဝေေ၀ လွင်လွင်ဖတ်ခဲ့ရဖူးသည်။
အမှန်တော့ သူ့နိုင်ငံရေးသမိုင်းကြောင်းကို ယထာဘူတကျကျလေ့လာလိုက်သောအခါ ပြီးခဲ့နှစ်အ တွင်းက စစ်အစိုးရ ကျင်းပခဲ့သော ရွေးကောက်ပွဲကာလအတွင်း I love vote အင်္ကျီတွေဝတ်ပြီး လူစုစုရှိတဲ့နားကို မဲထည့်ဖို့စာရွက်လိုက်ဝေခဲ့သော စစ်အစိုးရ၏ ၀ါဒဖြန့်ဖြူးရေးအား ကန်ထရိုက်စွဲထားသော သင်တန်းကျောင်းကြီး တစ်ကျောင်းမှ ကျောင်းသားတချို့သာသာ လှုပ်ရှားခဲ့တာသာ တွေ့လိုက်ရသည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့သော လူမျိုးများ များများလာခဲ့သည်။ လာနေစဲ။ လာဦးမည် ဖြစ်နေသည့် မြန်မာပြည်၏ ဒီမိုကရေစီအရေး သည်လည်း....
တခါက မြို့တမြို့ကို သိမ်းပိုက်ပြီး နောက်တမြို့ကို ဆက်ချီတက်လာကြရာ လမ်းမှာ သူစီးလာတဲ့ ဂျစ် ကားလေး ကို ကျော်တက်ပြီး မောင်းနှင်သွားသော ကားအကောင်းစား တစ်စီးပေါ်တွင် သူ့ရဲဘော် တစ်ချို့ပျော်ပျော် ရွှင်ရွှင်ပါသွားတာတွေ့တော့ ချက်ချင်းထိုကားကိုရပ်ခိုင်းပြီး ကားဘယ်ကရလာ သလဲ ရဲဘော်တွေကိုမေးသည်။ မြို့ထဲမှာ ရပ်ထားတာတွေ့လို့ ယူချလာတာပြောတော့ ယူတဲ့နေရာကို အဲဒီ ကားသွားပြန်ထား မှီရာစစ်ကြောင်းကားနဲ့ပြန်လိုက်ခဲ့ ကားမမှီရင် နောက်ကနေခြေကျင်လိုက်ခဲ့ဖို့ အ မိန့်ပေးခဲ့သည်။
နောက် စက်ရုံတစ်ရုံကို သွားလေ့လာတုန်းမှာ ပြည်သူပိုင်ပစ္စည်းဘေးတွဲဆိုက်ကယ်တစ်စီးကို စက်ရုံ ဘုံ သုံးအဖြစ်အသုံးပြုထားတာရယ်။ ဆိုက်ကယ်ထုတ်သည့် ၀န်ထမ်းများ ဆိုက်ကယ်ပိုယူသင့်ကြောင်း တောင်းဆို ချက်များကို ချက်ချင်းပယ်ချကန့်ကွက်ခဲ့သလို၊ စာနဲ့လည်း ရေးသားသတိ ပေးခဲ့သည်။
ထို့အပြင် တိုက်ပွဲအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရဲဘော်တစ်ယောက်ကို စစ်ဆေးကြည့် သောအခါ ရဲဘော်က သေနတ်ကျန်နေခဲ့ကြောင်းပြောသောအခါ ချေက “ရှေ့တန်းကို လက်ချည်း သက်သက်ပြန်သွား၊ မင်းလူတွေရှိသေးတယ်ဆိုရင် ဝင်တိုက်ပြီး သေနတ်တစ်လက်ရအောင် ပြန်ယူခဲ့” ဟု အမိန့်ပေးပြီး ရှေ့တန်းကို ပြန်လွှတ်ခဲ့သည်။
ထို့နောက် တော်တော်ကြာသောအခါ ဆေးရုံတစ်ရုံရှိ ဒဏ်ရာရ ရဲဘော်များထံ သွားရောက်ကြည့်ရှုစစ် ဆေးရာ သေအံ့မူးမူး ရဲဘော်တစ်ယောက်က ချေရဲ့လက်ကိုလှမ်းဆွဲပြီး “မေဂျာ မှတ်မိသေးလား၊ သေနတ် တစ်လက်ပြန် ယူဖို့ ကျွန်တော့်ကို လွှတ်ခဲ့တာ။ အခု ကျွန်တော်ယူလာခဲ့ပြီ” ဟုဂုဏ်ယူစွာပြောရင်း သေဆုံးသွားခဲ့သည်။
အဲဒါတွေဖတ်ပြီးတော့ ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်မိတယ်။ ယနေ့မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ရေး တော်လှန်ရေးတိုင်းတွင် ကိုယ်တိုင်ကဘာမှဟုတ်တိပတ်တိပင်မလုပ်ဖူးသေး၊ မလုပ်ရဲသေး ဘဲ။ နှစ်နဲ့ချီ၊ ဘဝနဲ့ချီလုပ်လာခဲ့သူသောသူများကို မှိုချိုးမြစ်ချိုး ဝေဖန်နေကြသည်ကို တွေ့နေရသည်။ အလျင်လုပ်ကြည့်စေ ချင်သည်။ တချို့သော သူများကလည်း ခုတော်လှန်ရေး၊ ခုရွေးကောက်ပွဲဝင်ရေး ဆော်အောလိုက်၊ တော်ကြာ ဘွိုင်းကောက်ထခေါ်လိုက်နှင့်။
ယိုသူမရှက်၊ မြင်သူရှက်နဲ့ ချေစာတွေသမိုင်းတွေ ဖတ်ရင်း အမှောင်ခေတ်ကြီး ကျွန်တော်ရှက်နေမိ သလိုလို ဖြစ်လာတယ်။
ဒေါက်တာချေဟာ လက်တင်အမေရိကတိုက်ကြီးတခုလုံးကို သူသွားနိုင်သမျှ ခရီးရှည်ဆန့်ခဲ့သလို ကိုယ်အရည်ပြားရောဂါသည်တွေအတွက်လည်း ဆေးကုပေးခဲ့တာ။ နိုင်ငံအနှံ့ခရီးဆန့်ပြီး ယဉ်ကျေးမှု တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ခရီးတစ်လျောက်မှာ တွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ဘ၀ဆိုးကိုတွေ့ပြီး တော်လှန်ရေးသမားဖြစ်လာခဲ့တာကို ယနေ့ခေတ်ညီညီမငယ်တွေ မလေ့လာဖြစ်ခဲ့ကြပေ။
အမှန်တရားတစ်ခုခု၊ တော်လှန်ရေးတစ်ခုခုကိုတော့ ပြည်သူနဲ့မနီးစပ်ဘဲ လုပ်လို့မရပေ။ ပြည်သူနဲ့ တစ်သားတည်းမဖြစ်ဘဲ လုပ်လို့မရပေ။ ပြည်သူ့ဝေဒနာနှင့် ပြည်သူ့ဆန္ဒကိုမသိဘဲ တော်လှန်ရေး စကားကို ပြောလို့မရဆိုတာ အမြဲသတိချပ်သင့်ပေသည်။
ပြည်သူ့ဝေဒနာဆိုတာ မိဘတတ်နိုင်ရဲ့သားနဲ့ ၊ မင်းအရည်အချင်းမှီရဲ့သားနဲ့ မြန်မာနိုင်ငံသားဖြစ် နေခြင်းကြောင့် နိုင်ငံခြားမှာ လွတ်လွတ်လပ် ပညာဆက်လက်သင်ယူခွင့် မရတာလောက်ကိုဆိုလိုတာမ ဟုတ်ပါ။
နောက် ပြည်သူ့ဝေဒနာဆိုတာ တချို့တချို့သောဆရာယောင်၊ သမားယောင်များ ပြောပြောနေတဲ့ ဆန်ရှင်ကြောင့် ငါတို့ဒုက္ခရောက်နေရတာမျိုးလည်း လုံးဝမဟုတ်ပါ။
ပြည်သူ့ဝေဒနာဆိုတာကို သေချာသိချင်ရင် ရန်ကုန်မြို့ သို့မဟုတ် နေထိုင်ရာမြို့လေးရဲ့ ၂ - ၃ နာရီစာ အကွာဝေးမှသည် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်တွေ၊ တောင်ပေါ်ဒေသတွေ၊ ကမ်းရိုးတန်း ဒေသတွေကို ခရီးထွက်ဖို့ကြိုးစားကြည့်ပါ။ ဗလာစာအုပ်လေးတစ်အုပ်ဝယ်ဖို့ နေ့တစ်ဝက်ခရီးကို တောင်တက်တောင်ဆင်းသွား ဝယ်ရတဲ့ တိုင်းရင်းသားညီညီမငယ်တွေ။ သွေးတစ်ပုလင်းမဝယ်နိုင်လို့ အဖိုးတန်ဘဝတစ်ခု စွန့်သွားရတဲ့ ဆင်းရဲသားမိသားစုတွေ။ ပြည်သူ့ဝေဒနာဆိုတာသေသေချာချာ တွေးတတ်တဲ့တနေ့ သိလာတဲ့တနေ့ ဘာလုပ်သင့်သည်ကို သုံးသပ်နိုင်ပါစေ။
ချေဟာ ကောက်ကာငင်ကာ တော်လှန်ရေးသမားဖြစ်လာတာမဟုတ်သလို၊ စိတ်ရူးပေါက်၊ မိုက်ရူးရဲ ဆန်ဆန်ထလုပ်ပြီး ကံဆွတ်လို့ နာမည်တင်ကျန်ခဲ့သူမဟုတ်ပေ။ တိုင်းပြည်အနှံ့ခရီးသွားရင်း၊ အမေရိက တိုက်ကြီးအနှံ့ ခရီးသွားရင်း ပြည်သူ့ဝေဒနာတွေကို သေသေချာချာသိမြင်လာရာကနေ တော်လှန် ရေး စိတ်နိုးကြားလာခဲ့တာသာဖြစ်တယ်။
လူငယ်တစ်ယောက် မတရားမှုတစ်ခုကို ခံစားနားလည်လာပြီး လက်မခံဆန့်ကျင်လာရာကနေ တာဝန် ယူမှုတစ်ခုကို ကိုယ်တိုင်ယူလို့ သူယုံကြည်ရာ နိုင်ငံရေးလမ်းကြောင်းကနေ၊ မတရားလုပ်နေတဲ့ အစိုးရ တရပ်ကို တော်လှန်တဲ့အထိဖြစ်လာပြီး သမိုင်းဝင် ပျောက်ကျားသူရဲကောင်းကြီး ချေဆိုတာ မွေးဖွား လာခြင်းဖြစ်သည်။
ကျွန်တော်တို့ခေတ်တွင် ကျွန်တော်တို့ခေတ်နှင့် အညီတောက်လောက်နေသော မတရားမှုများ၊ ယုတ်မာမှုများကို ရင်ဆိုင်ကြုံတွေ့နေကြသည်။ ခေတ်ကြီးကို ကိုယ့်ရင်ခုန်သံနှင့်ကိုယ် ပြဌာန်းဖို့ ကြိုးစားစေလိုသည်။ အမှောင်သည်ကြီးစိုးနေသည်။ အမှောင်သည် သက်ဆိုးရှည်ဖို့အမျိုးမျိုး လင်းဟန် ဆောင်နေသည်။
အတိတ်သူရဲကောင်းတွေ၏ အတုယူဖွယ်များ၊ ခေါင်းဆောင်မှုအရည်အသွေးများ၊ လေးစားစံပြု လောက်ဖွယ် စိတ်ဓာတ်များကို ပြန်လှန်လေ့လာအတုယူရင်း ကျွန်တော်တို့ခေတ်ကြီးတွင် ကျွန်တော်တို့ကိုယ်တိုင် တွေ့ကြုံရင်ဆိုင် ခံစားနေရသော မတရားမှုများကို ရင်ဆိုင်တိုက်ပွဲဝင် ရေးသည် အမှန်တရားကို ချစ်မြတ်နိုးသူတိုင်း၏ တာဝန်ပင်။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
ဖေဖော်ဝါရီ ၂၀၁၁
မတ်လရနံ့
မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်ရ်ျ
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတ္တမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်ရ်ျ
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။်
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီးရ်ျ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။
ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်းရ်ျ
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။
ရွာတစ်ရွာကား ၊
မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
နွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။
ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။
ဒဂုန်တာရာ
Monday, March 14, 2011
ပန်းကလေးနှင့် ပန်းကလေးချစ်သူ
ကျနော်တို့တပ် ရင်းမှာ အသက်ကြီးသူစာရင်းပါတာရယ်။ တိုက်ခိုက်ရေး၊ ခေါင်းဆောင်ဆိုတဲ့ အပိုင်းတွေမှာ သုံးမရတာရယ်။ လေ့လာ အားလေး အတန်အသင့်ရှိတယ်လို့မြင်တာတွေရယ်ကြောင့်ပဲ တာဝန်ရှိသူတွေက ရွေးချယ်ကြတယ်လို့ ခံစားခဲ့ရပါတယ်။ ၂ -ကြိမ်လုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင်ခေါ်ဆွေးနွေးကြတဲ့အခါ ၂-ကြိမ်လုံးပဲ အကြောင်းအ မျိုးမျိုးပြကာ ငြင်းဆိုမိခဲ့တယ်။ ဟုတ်တယ်လေ။ သူတို့ရှင်းပြတဲ့ အသုံးအနှုန်းအရဆို “တ ရားသူကြီး” သင်တန်းတဲ့။ ဒီတော့ ဥပဒေတွေ၊ ပုဒ်မတွေလေ့လာရမှာပေါ့။ နိုး(No)ပါပဲ။ ဒါတွေကိုတော့ စိတ်မ၀င်စားတာအမှန်။ မြန်မာပြည်တွင်းမှာ နေစဉ်ကတည်းက တရားရုံးတွေရှေ့က ဖြတ်ကို မလျှောက်ဘူး။ ရှေ့နေအသိုင်းအ၀ိုင်းနဲ့ကင်းအောင်နေခဲ့တယ်။ ရှင်း ရှင်းပြောရရင် ကြောက်လို့။ဒါပေမယ့်ဗျာ ၂၀၀၃ ခုနှစ် ရောင်နီဦးဆိုတဲ့ ABSDF ကျောင်းလေးမှာ ကျောင်းဆရာဈာန်ဝင်နေစဉ်မှာပဲ ကံ ပေါ်ဖို့အကြောင်းက ထပ်တကြိမ်ပြန်ဖန်လာတယ်လေ။ အဲဒီကာလက နိုင်ငံရေး အခြေအနေ ထူးခြားချက်တွေအရ နယ်စပ်အတိုက်အခံအဖွဲ့အစည်းတွေမှာ ရွေးချယ်ရမယ့်လမ်းကြောင်း (၃) ခုပေါ်လာခဲ့တယ်။ ထိုင်းနိုင်ငံအပါအ၀င် တတိယ နိုင်ငံတွေမှာ အခြေချရေး၊ တိုင်းရင်း သား အဖွဲ့အစည်းတွေမှာ အသွင်ပြောင်းရပ်တည်ရေးနှင့် ပြည်တွင်းပြန်ရေးဆိုတာ တွေပေါ့။ ကျနော်လည်း ခေါင်းစားရပြီ။ ပြည်တွင်းပြန်ရေးကိုတော့ ပယ်ပြီးသား။ ပြည်သူ့အကျိုးကြည့်မယ့် အစိုးရ မပေါ် သရွေ့လုံးဝမပြန်။ ဒါက ပြတ်သားပြီးသား။ မပြတ်သားတာက ကျန်တဲ့ (၂) ခုမှာ။ တတိယနိုင်ငံလည်း မထွက်ချင်ဘူး။ ထွက်မယ်ဆို ၁၉၉၅ မာနယ်ပလောကျအပြီး ထွက်ကြတဲ့အထဲ ပါသွား ပြီပေါ့။ နောက်… တိုင်းရင်းသားအဖွဲ့အစည်းတွေ နဲ့အတူ အသွင်ပြောင်းပြီး ရပ်တည်ဖို့။ ဒါကလည်း ပြီးခဲ့တဲ့ကာလဖြတ်သန်းမှုတွေနဲ့ ထူးမခြားနားပါပဲ။ အလံ၊ ဘက်တံဆိပ် လောက်ပဲကွာမှာပါ။ စိတ် ဓါတ်နဲ့ ယုံကြည်မှုရှိဖို့ပဲ အဓိကလို့မြင်မိတော့ ပြဿနာလို့ မမြင်ပါဘူး။
ပြဿနာလို့မြင်မိတာက မိသားစုကိစ္စ။ ကျနော့်မှာ အိမ်ထောင်နဲ့ ကလေး(၂) ယောက်တောင်ရှိနေပြီ။ အရင်ကလို တစ်ယောက်တည်း မဟုတ်တော့။ ကျနော့်အမျိုးသမီးကလည်း မလည်မ ၀ယ်။ သားနဲ့သမီးတွေအတွက် ထည့် စဉ်းစားရတာပေါ့။ “တွေဝေသွားပြီ” “ကြောက်တတ်သွားပြီ”လို့ သတ်မှတ်ရင်လည်း မတတ်နိုင်။ ကြားတခုကို ရွေး လိုက်မိတယ်။ ထိုင်းနိုင်ငံမှာ အခြေချရေး … ။
ကျနော်တို့ DYA (ဒီမိုကရက်တစ်လူငယ်များတပ်မတော်) ဘ၀က ကျနော်တို့ရဲ့ ဒုတပ်ရင်းမှူး၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဦးအောင်ထူးက အခု BLC (မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) မှာ အတွင်းရေးမှူး။ သူ့ဆီမှာလှမ်း အကူ အညီတောင်းကြည့်တယ်။ တကယ့် တော်လှန်ရေးခေါင်းဆောင်ဆိုတာက ရဲဘော်တွေအပေါ် အမြဲတမ်းတာဝန်ရှိနေ တာ မဟုတ်လား။ အပြည့်အ၀မဟုတ်တောင် တစိတ်တပိုင်းတော့ တာဝန်ယူတတ်ရမယ်လေ။ အာဏာရှင်ကြီး လို့ ပြောတဲ့ ဦးနေ၀င်းတောင်မှ သူ့တော်လှန်ရေးရဲဘော်တွေအပေါ် တာဝန်ယူတတ်သေးတာပဲ။
ဒီလိုနဲ့ BLC မှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်ကြုံလာတယ်လို့ပြောရတော့မှာပေါ့။ ခက်တာက ကျနော်က တရားရုံးတို့၊ ရှေ့နေတို့ ဆိုတာကို ကြောက်တတ်သူ။ ဘာအတွေ့အကြုံ၊ ဘာလေ့ လာမှု၊ ဘာနီးစပ်မှုမှမရှိခဲ့။ BLC တာ ၀န်ရှိသူများကတော့ ဒါကိုသိကြပါတယ်။ သူတို့မှာ အဖွဲ့ဝင်တွေ၊ ၀န်ထမ်းတွေ အရည်အသွေးမြင့်တင်ဖို့အတွက် အစီအမံတွေက အပြည့်။ သိပ်မကြာပါဘူး။ ၂၀၀၄ ကုန်ခါနီးမှာပဲ BLC ရဲ့ ၃ လတာ သင်တန်းတခုကိုတက်ခွင့်ရလိုက်တယ်။ အရင် ၂ - ခါလို ငြင်းခွင့်မရှိတော့။ အခုဟာက ဘ၀ဖြစ်သွားပြီလေ။
တကယ်က “ရေငတ်တုန်း ရေတွင်းထဲကျ” ဆိုသလို ဖြစ်သွားတာဗျ။ ကျနော်သိချင်၊ လေ့လာချင်တာတွေက ဒီသင်တန်းမှာ သင်ပေးနေတာတွေ။ ဘာသာခွဲတွေအနေနဲ့ (၁၀) ခုတောင် မက။ (လူ့အခွင့်အရေး) Human Rights, (တရား ဥပဒေစိုးမိုးရေး) The Rule of Law, (လူထုအဓိက လူ့အဖွဲ့အစည်း) Civil Society, (ဒီမိုကရေစီ) Democracy, (ဖက်ဒရယ်) Federal, (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ) Constitution, (မျှတသောတရာခွင်) Fair Trail, (တရားမျှတသော အသွင်ကူးပြောင်းရေး) Transitional Justice, (မီဒီယာ) Media, (လွတ်လပ်သောတရားစီရင်ရေး) Independence Judiciary … ဆိုတာတွေပေါ့။ အဲဒီအထဲမှာ ကျနော့်စိတ်နဲ့ အတွေ့ဆုံးဘာသာကတော့ Civil Society ပါပဲဗျာ။
ကျနော်တို့ကို သင်တန်းမှာ ညဖက်ညဖက် အချိန်ပိုအနေနဲ့ ဆရာဦးအောင်ထူးက မောင်းလေ့ရှိတယ်။ သူ့အချိန်နဲ့သူ သင်နေကြတဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အချိန်ပို ဆွေးနွေးကြ ဖို့၊ လေ့လာကြဖို့ပေါ့။ ဥပမာ ဆိုပါတော့ - Constitution သင်ပြီးသွားတာနဲ့ ညဖက် workshop တွေမှာ ၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံတွေနဲ့ NCGUB ကရေးဆွဲတဲ့ ဖွဲ့စည်းပုံတွေကို နှိုင်းယှဉ်ပြီး အနာဂတ်မြန် မာပြည်နဲ့ အသင့်တော်ဆုံး၊ အဖြစ်သင့်ဆုံး၊ အသစ်တခုကို အဖွဲ့တွေအလိုက် အခန်းတွေခွဲပြီး ရေးဆွဲခိုင်းတာမျိုး။ Democracy ကို သင်ပြီး မြန်မာနိုင်ငံကို ဘယ်လို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားမယ်ဆို တာ ကို ဆွေးနွေးခိုင်းတာမျိုးပေါ့။ အဲဒီ အစီအစဉ်တုန်းက ထူးခြားဖြစ်စဉ်လေးတခုကို အမှတ်ရသေးတယ်။
အုပ်စု(၅) စုခွဲပြီး လေ့လာကြတဲ့အထဲမှာ ၅ - စုလုံးက ဆိုရှယ်ဒီမိုကရက်ကိုပဲ ၀ိုင်းရွေးလိုက်ကြတော့ ဆရာ ဦးအောင်ထူးက “ဆိုရှယ်ဒီမိုကရက်ကို ဒီလောက်ကြိုက်တဲ့သူ များနေပြီဆိုရင်တော့ ဆရာတောင် ဆိုရှယ်ဒီမိုကရက် နာမည်နဲ့ ပါတီထောင်ရတော့မလိုဖြစ်နေပြီ”လို့ ပြောခဲ့တယ်လေ။ ဆရာပြောမှ သတိထားမိတယ်။ ၁၉၉၀ ရွေးကောက် ပွဲမှာရော၊ လက်ရှိနိုင်ငံရေး အဖွဲ့အစည်းတွေ မှာရော ကိုယ်ယုံကြည်ရာကို နယ်မည်တပ်ပြီး ဖွဲ့ကြတာမျိုးမတွေ့ရဘူးလေ။ ယေဘုယျဆန်ဆန် ဒီမိုကရေစီဆိုတွေချည်းပဲ တွေ့တွေ့နေရတယ်။ လစ်ဘရယ်ပါတီတို့၊ ဆိုရှယ်လစ်ပါတီတို့၊ ဆိုရှယ် ဒီမိုကရက်ပါတီတို့ဆိုပြီး ဘာကြောင့်မရှိကြတာလဲ။
သင်တန်းကာလပြီးခါနီးလေ ညဖက် အစီအစဉ်တွေက ပိုများလာလေပဲ။ စကားပြောလေ့ကျင့်တာတွေပါ ပါ လာတယ်လေ။ အစပိုင်းတော့ ရိုးရိုးလို့ထင်မိတယ်။ နောက်ပိုင်းမှ ကိုယ်သိသမျှကို အစီအစဉ်တကျ အချိန်နဲ့ကွက်တိ ပြောဆိုတတ်အောင် လေ့ကျင့်ပေးမှန်းသိလိုက်ရတယ်လေ။ သင်ပြီးသမျှဘာသာတွေထဲက ကိုယ်အနှစ်သက်ဆုံး ဘာ သာအကြောင်းကိုပြောရမယ်။ ဘာတွေကိုကြိုက်တာလဲ၊ ဘာကြောင့်ကြိုက်သလဲပေါ့။ စစချင်း တစ်မိနစ်လောက်စီပါပဲ။ တစ်မိနစ်ဆိုပေမယ့် မလွယ်ဘူးဗျို့။ ကျနော်ဆို ကျောင်းဆရာသက်တမ်းက (၇)နှစ် (၈)နှစ်။ သီချင်းဆိုလည်း အကြိမ် ကြိမ် စတိတ်ခုံပေါ်မှာ ဆိုခဲ့ဖူးတာ။ ဒါပေမယ့် လူရှေ့ထွက်လိုက်တာနဲ့ ဒူးတုန်၊ အသံတုန်၊ နှလုံးတုန်က ဖြစ်တုန်း။ ကိုယ်ပြောချင်တာကို မရောက်တာတို့၊ အချိန်ပြည့်သွားလို့ မပြောဖြစ်လိုက်တာတို့၊ မေ့သွားတာတို့၊ အမျိုးမျိုးကြုံရ တာပဲ။ နောက်မှတဖြည်းဖြည်း အသားကျလာတယ်။ လိုရင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်နဲ့ကွက်တိဖြစ်အောင် ပြောတတ်လာတယ်လေ။
တည စကားပြောလေ့ကျင့်ပွဲမှာတော့ “အလေးစားရဆုံး”လူတစ်ယောက်အကြောင်းလေ။ ၅-မိနစ်စီ ပြောရ မယ်တဲ့။ ပြောကြတဲ့အထဲမှာ ကိုယ့်ရဲ့အဖေ၊ အမေ။ ညီအကို၊ မောင်နှမ။ ဆရာ နဲ့ ခေါင်းဆောင်တွေ အကြောင်းများတယ်။ ဆရာဦးအောင်ထူးရဲ့ဇနီး မနော်ကူးကတော့ ဆရာဦးအောင်ထူးအကြောင်း ပြောသွားတယ်လေ။ ခင်ပွန်းလို တာဝန်ကျေ၊ ဆရာတယောက်လို လမ်းညွှန်ပေးနိုင်ပြီး၊ ခေါင်းဆောင်တဦးလို ဦးဆောင်နိုင်လို့တဲ့ … ။
သူများတွေပြောနေချိန် ကျနော့်မှာတော့ ဘယ်သူ့အကြောင်းပြောရမလဲ စဉ်းစားလို့ကိုမရနိုင်ဘူး။ စကားပြော လေ့ကျင့်တာဆိုပေမယ့် တကယ့်လေးစားရသူလည်း ဖြစ်ချင်တယ်လေ။ သူတ ကာသိပြီးတဲ့ အထဲကလည်း မဖြစ်ချင် ဘူး။ အများကပါ လေးစားစရာကောင်းသူလို့ သတ်မှတ်သွာနိုင်မယ့်သူပဲ ဖြစ်စေချင်တယ်။ ပြောရမယ်အချိန်နဲ့လည်း ကိုက်ညီရမယ်ပေါ့။
စဉ်းစားနေရလွန်းလို့ ရှေ့ကလူတွေ ဘာပြောသွားမှန်းကိုတောင် ကောင်းကောင်းမသိလိုက်ဘူး။ တကယ် …။ လက်ခုပ်တီးသံကြားမှ ရောယောင်ပြီးလိုက်တီးဖြစ်တယ်။ ကျနော့်အာရုံထဲမှာ ရှိတဲ့ လူတွေကို တယောက်ပြီးတယောက် ဆန်ကာစစ်ကြည့်နေရလို့။ နောက်ဆုံး ကျနော့်အလှည့်ကျကာနီးမှ လူ ၂ - ယောက်ကို ရွေးမိတယ်။ ကျနော်တို့ တပ်ရင်းမှူး ကိုတိုက်မောင်းနဲ့ ကောင်းစံဆိုတဲ့ ရဲဘော်လေးတယောက်တို့ကို။
ကျနော့်ရွေးချယ်မှုစံအရပဲ ကိုတိုက်မောင်းကို ပြန်ပယ်လိုက်ပါတယ်။ သူ့အကြောင်းက သိတဲ့သူများတယ်။ သူ့ အကြောင်းကို ရေးချင်သူ၊ ဖော်ပြချင်သူတွေလည်းရှိတယ်။ ခေါင်းဆောင်လုပ်ဖူးတော့ မှတ်တမ်းတချို့မှာလည်း ပါသွား နိုင်တယ်လေ။ ကောင်းစံကျတော့ သာမာန်ရဲဘော်လေး။ သူ့အကြောင်းသိသူက ရှားရှား။ သူ့အကြောင်းရေးမယ့်၊ မှတ် တမ်းတင်ပေးမယ့်လူဆိုတာက မရှိနိုင်ဘူး။ မထင်မရှားနဲ့ပျောက်ကွယ်သွားရမယ့် ဘ၀အဖြစ်တွေလေ။ ဒါကြောင့်ပဲ ကောင်းစံကိုရွေးလိုက်ရတာ။ သူတို့နှစ်ယောက်မှာ တူညီတာတခုက သက်ရှိထင်ရှားမရှိကြတော့ခြင်းပဲ။ ဒီမိုကရေစီ တော် လှန်ရေး အတွင်းမှာ ပေးဆပ်ရင်း ကျဆုံးသွားကြပြီ။
ကောင်းစံနဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးတွေကို တတ်နိုင်သလောက်ခြေရာပြန်ကောက်ကြည့်တယ်။ ထူးထူးခြား ခြားလေးတွေကို ပုံပြန်ဖော်ကြည့်တယ်။ ဒါမှ ကျနော့်အလှည့်ကျလို့ပြောဖြစ်ရင် သူများတွေထက် ပိုစိတ်ဝင်စားကြမှာ။ ပိုအံဝင်ဂွင်ကျဖြစ်မှာ။ သူ့ကို ဂုဏ်ပြုရာလည်းရောက်မှာလေ။
ကောင်းစံရဲ့နာမည်ရင်းက ဆန်းသူရ။ ရှစ်တန်း ကျောင်းသားလေး။ တောင်ကြီး အထက(၁) က ဆိုလားပဲ။ ရှစ်လေးလုံး အရေးအခင်း တောင်ကြီးမှာ စဖြစ်တာ သူအပါအ၀င် အမှတ်(၁)နဲ့ အမှတ်(၄) အထက ကျောင်းက ရှစ်တန်း ကျောင်းသားလေးတွေက စခဲ့ကြတာပေါ့။ ဒီအထဲမှာ ဆန်းသူရပါမှန်းကိုတော့ တောထဲရောက်ပြီးမှ သိရတာ။ ၈၊ ၈၊ ၈၈ ရက်နေ့က တောင်ကြီးဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ် ချုပ်ကြေးရုပ်ရှေ့ ကျောင်းဝန်စုံလေးတွေနဲ့ ကျောင်းသားလေးတွေ ဆန္ဒပြခဲ့ တာကိုတော့ ကျနော်ကိုယ်တိုင်မြင်ခဲ့ရတာလေ။
ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်မှာ ကျောင်းစိမ်းပုဆိုးလေးကိုအလံထူလို့ “ကမ္ဘာမကြေ” သီချင်းကို သံပြိုင် ဆိုပြီး စခဲ့ကြတာပေါ့။ ကျောင်းသားလေး (၇) ယောက်၊ (၈) ယောက်ထက်မပိုဘူး။ ပတ်ဝန်း ကျင်က ကျနော်အပါအ၀င် လူကြီးဆိုသူတွေက အဲဒီအချိန်မှာ ပရိတ်သတ်သက်သက်။ ခပ်ဝေေ၀က အခြေအနေကို စောင့်ကြည့်နေရုံသက်သက်။
ကမ္ဘာမကြေသီချင်းဆိုပြီးတော့ ပန်းခြံကို တပတ်ပတ်ကြတယ်။ တပတ်မပြည့်ခင်အထိ ဒီကျောင်းသားလေး တွေချည်းသက်သက်။ တပတ်ကျော်လို့ အန္တရာယ်ကင်းတယ်၊ အနှောက်အယှက် မရှိဘူး ဆိုတာကို မြင်ရမှ လူကြီးတချို့ ကပ်လာကြတာ။ လူတော်တော်လေးများလာတော့မှ ကျနော်တောင်ကပ်ရဲတာကို ရှက်ရှက်နဲ့ပဲ ၀န်ခံရမှုပဲ။ ဒီတော့ ကျနော်ပြောချင်တာက တောင်ကြီး ရှစ်လေးလုံး အရေးအခင်းကို စခဲ့တဲ့ကျောင်းသားလေးတွေထဲမှာ ကောင်းစံပါတယ်။
အရေးအခင်းအရှိန်ရလာလို့ ဆရာဝန်တို့၊ ရှေ့နေတို့၊ နိုင်ငံရေးသမားဟောင်းတို့ဆိုတာတွေ ပေါ်လာပြီး၊ စင်မြင့်တွေပေါ် သြ၀ါဒတွေချွေနေချိန် အဖြူအစိမ်းဝတ်လေးတွေက ရှေ့မှာ၊ ဘေးမှာ ကာရပ် ရပ်ပေးနေကြတယ်လေ။ မဆလက တစုံတရာအန္တရာယ်ပေးမယ်ဆိုရင် အဖြူအစိမ်းဝတ်လေးတွေက အသေခံတဲ့။ သပိတ်စစ်ကြောင်းတွေ ချီတက်ကြပြီဆိုရင်လည်း လမ်းဘေးတဖက်တချက်စီမှာ အဖြူအစိမ်းလေးတွေက လက်ချင်းဆက် လုံခြုံရေးစည်းဝိုင်း ပေါ့။ ဒီအဖြူအစိမ်းဝတ်တွေထဲမှာလည်း ကောင်းစံ ပါခဲ့တယ်တဲ့။
အောင်ဟမ်းရိုင်းလို့ခေါ်တဲ့ ပအိုဝ့်မြေရောက် ကျောင်းသားတွေကို စစ်သင်တန်းပေးတဲ့နေရာကို ကျနော့်တို့ အဖွဲ့ရောက်တော့ နောက်ကျနေပြီ။ သင်တန်းရှိရာနေရာရောက်ခါနီး ချောင်းလေး ကိုကျော်လို့ တောင်ကုန်းလေးကို အတက်မှာ ကောင်းစံကို စတွေ့ဖူးတာ။
“အကိုတို့က တောင်ကြီးကပဲလား၊ ကျနော်တို့သင်တန်းတက်နေတာ (၂) ပတ်တောင်ကျော်ပြီ”လို့ မိတ်ဆက် ရင်းကျနော်တို့ကို ဦးဆောင်လမ်းပြပေးခဲ့တယ်လေ။ လမ်းမှာစကားတွေပြောရင်းက အတော်လေးရင်းနှီးလာတော့ သူ့ရင်ထဲက စကားတွေပွင့်ထွက်လာတော့တာပဲ။
“လူကြီးတွေက အသက်ကြီးလာလေလေ ညာတတ်လေလေပဲဗျ။ သူတို့မလုပ်ချင်တဲ့အလုပ်တွေဆို ကျနော် တို့ကို ညာညာခိုင်းတယ်။ အစားအသောက်စားရတဲ့အချိန်ကျတော့ ကလေးဆိုပြီး အလှည့်ပေးတာမျိုး မရှိဘူး။ သူတို့ပဲ အခွင့်အရေးပိုယူတတ်တယ်”တဲ့။ ပွင့်ပွင့်လင်းလင်းပြောတတ်တာ သူရဲ့ ဇ, ပေါ့။
ကောင်းစံတို့လို ကျောင်းသားငယ်လေးတွေ ဘ၀ကလည်းတွေးကြည့်ရင် တကယ့်ကို သနားစရာ။ ၁၅ နှစ်၊ ၁၆ နှစ်နဲ့တောထဲရောက်။ တောထဲရောက်မှ လူပျိုဖြစ်။ ရည်းစားထားချင်တော့လည်း တာဝန်က တော်လှန်ရေးတာဝန်။ တပ်ပုံစံ။ ဗမာအဖွဲ့အစည်းဖြစ်တာကလည်းတကြောင်း။ ဒီတော့ ခဏခဏပြဿနာဖြစ်တယ်။ စည်းကမ်းဆိုတာကို လည်းသိပ်နားမလည်။ နားမလည်လို့ဆိုပြီုး ခွင့်လွှတ်ပါများပြန်ရင်လည်း ထိမ်းသိမ်းလို့မရ။ ဒီတော့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရရောပေါ့။
တခါက ထိုင်းကရင်နီနယ်စပ်မှာနေချိန် ကောင်းစံလေ ကျနော်တို့ စခန်းနဲ့နီးတဲ့ ပန်ယွမ်းရွာက ကလေးမလေး နဲ့ကြိုက်တယ်။ ရည်းစားလည်းမထားဖူးတော့ အရူးအမူး။ ရွာထဲမှာအမြဲလိုဖြစ်နေတာပေါ့။ စခန်းစည်းကမ်းနဲ့ မညီ တော့ဘူး။ ဒီတော့ တပ်ရင်းမှူး ကိုတိုက်မောင်းကခေါ်သတိပေးတယ်။ ဒါပေမယ့် မရဘူး။ ညီအကိုလိုဖြစ်နေတာက တ ကြောင်း၊ အရူးအမူးဖြစ်နေတာက တကြောင်းမို့နောက်ဆုံး တပ်ကထွက်မယ်ဆိုတဲ့အထိကိုဖြစ်ပြီး ကောင်းစံလေ ရွာထဲမှာ သွားနေလိုက်တယ်။ တလ၊ နှစ်လကြာတဲ့ အထိ။ နောက်တော့မှ သတင်းတွေကြားရတယ်။ ကောင်းစံ တယောက် မြင်းလိုက်မောင်းနေတယ်တဲ့။ ရိက္ခာသယ်တဲ့မြင်းကို လိုက်မောင်းပေးရတာ။ ဒီတော့မှ ကြာရင် ပျက်စီး သွားမှာ စိုးတာရယ်။ လုံခြုံမှုအခြေအနေကို စိုးရိမ်ရတာတွေကြောင့် ကိုတိုက်မောင်းကို ၀ိုင်းနားချရင်း လိုက်ခေါ်ရတော့တယ်။ ကိုတိုက်မောင်းပဲလိုက်ခေါ်တာပါ။ ပြီးတော့လည်း သူတို့နှစ်ယောက်က တလုံးလုံးတထွေး ထွေးနဲ့။ တကယ့်ညီအကိုတွေလိုပဲ။ ကျနော်တို့မှာ မိဘတွေနဲ့မှမနီးကြတာ။ တာဝန်တွေရှိနေကြပေမယ့် တကယ်တော့ ညီအကိုတွေပဲလေ။
ကောင်းစံကို အသိအမှတ်အပြုမိဆုံး အဖြစ်အပျက် တခုရှိတယ်။
ကျနော်တို့ ထိုင်းနယ်စပ်ကနေ ပအိုဝ့်ပြည်ကိုပြန်အရောက်။ ကျနော်တို့ပြန်ရောက်တဲ့သတင်းက တောင်ကြီး အထိကိုရောက်တယ်။ ရဲဘော်တချို့ရဲ့မိဘတွေလာတွေ့ကြတယ်လေ။ တောင်ကြီးနဲ့က သိပ်မှမဝေးတာ။ ဒီအထဲမှာ ကောင်းစံ အမေနဲ့အကိုလည်းပါတယ်။ ကိုယ်ပိုင်ကားနဲ့ကိုလာတာ။ ကောင်စံနဲ့တွေ့ချင်လို့တဲ။ တပ်က တာဝန်ရှိသူတွေ ကလည်းပေးတွေ့ပါတယ်။ သီးခြားအိမ်တအိမ်မှာ စီစဉ်ပေးပြီး လွတ်လွတ်လပ်လပ် ပြောခွင့်ပေးလိုက်ပါတယ်။ တနေ့ လုံးပြောဆိုကြပြီး၊ ညအိပ်ချိန်လောက်ရောက်တော့ ကောင်းစံတယောက် ကျနော်တို့ဆီပြန်ရောက်လာတယ်။
“ကျနော့်အမေက ကျနော့်ကို ပြန်ခေါ်တယ်ဗျ။ မြို့ပြန်ရောက်ရင် သားလိုချင်တာ ၀ယ်ပေးမယ်တဲ့။ ကားလို ချင်ရင်ကားတဲ့”
“ကျနော့်အမေက ခင်ညွှန့် အမျိုးသမီးနဲ့ရင်းနှီးတယ်တဲ့။ ပြန်လိုက်လာလို့ဘာမှ ပြဿနာမဖြစ်စေရဘူးလို့ အာ မခံတယ်တဲ့”
“ကျနော့်အကိုလိုပဲ နိုင်ငံရေးဝါသနာပါရင် မြို့ပေါ်ပါတီတခုခုမှာ ၀င်လုပ်ပါတဲ့၊ တောထဲတောင်ထဲမှာ ခြင်ကိုက် ဖြုပ်ကိုက်နဲ့ တဲ့။ အစားအသောက်၊ အနေအထိုင်ကလည်း ဒုက္ခရောက်လွန်းပါတယ် တဲ့”
“ကျနော် … ပြန်ပြောလိုက်တယ်။ သေသွားတဲ့ ကျနော်တို့ကျောင်းသားတွေကို သစ္စာမဖောက်ဘူးလို့။ ကျနော် တောခိုတော့ သေဖို့ကိုတွေးပြီးသားလို့။ ခြင်ကိုက်ဖြုပ်ကိုက်လောက်ကို ဂရုမစိုက်ပါဘူး လို့။ ဒီမိုကရေစီရရင် အမေ မခေါ်လည်း သားပြန်လာမှာပါလို့”
ကောင်းစံရဲ့အကိုက တောင်ကြီး လူဘောင်သစ်ပါတီဝင်တဲ့။ နောက်နေ့မနက်မှာ ကောင်းစံအမေနဲ့အကို နူတ် တောင်လာမဆက်တော့ပဲ စောစောထပြန်သွားကြတယ်။ ဒါပေမယ့် ကောင်းစံကတော့ တချက်လေးမှ အပြုံးမပျက်ပဲလေ။
“မိုးဖြား အမ်းသမိုင်နယ်” (အမေထမင်း ဘာဟင်းနဲ့စားလဲ) ဆိုပြီး ရွာထဲမှာ အိမ်ဆင်းတအိမ်တက်နဲ့။ ဟဲဟဲ … ဟဲဟဲ နဲ့။
၁၉၉၆ မှာ ကောင်စံတို့ပါတဲ့စစ်ကြောင်း KNU တပ်မဟာ (၂)နယ်မြေက နယ်စပ်ကို ပြန်ရောက်လာတယ်။ ကောင်းစံက အပြစ်တခုရှိလို့ ပြန်ခေါ်လာတာတဲ့။ ကျနော် စုံစမ်းကြည့်တော့ ရည်းစားထားတဲ့ကိစ္စပဲ။ ကောင်းစံက လည်းတရွာတကျည်ဆောက်ဆိုသလောက်ကို ရည်းစားထားတာတဲ့။ ရုပ်ကလေးကလည်းရှိ။ မြို့ပေါ်မှာနေခဲ့တာဆိုတော့ သေသေသပ်သပ်ကလည်း ၀တ်စား တတ်။ ဘာသာစကားကလည်း ဒေသအလျှောက်ပြောဆိုနိုင်တော့ ဖြစ် လောက်တာပေါ့။ ကောင်းစံကလည်း အပြောကောင်းမဟုတ်လား။ ဒါပေမယ့် ကျနော် နားမလည်တာက ရည်းစားထား တာ၊ များတာက ဘာကြောင့် အပြစ်ဖြစ်နေရတာလဲ။ ထူးခြားတာက ခုတခါစစ်ကြောင်းက ကျနော်တို့ (၆၀၁) တပ်ရင်း ချည်း သက်သက်မဟုတ်ဘူး၊ တပ်ရင်းပေါင်းစုံ။ ဒီတော့ခါတိုင်းလို သူ့အပေါ် နားမ လည်နိုင်ကြလို့ များလားပေါ့။
ဒီအချိန်က နယ်စပ်နိုင်ငံရေးက မာနယ်ပလော ကျပြီးချိန်၊ တတိယနိုင်ငံထွက်ခွာတဲ့လမ်းကြောင်းပွင့်နေချိန်။ ကျနော်စိုးရိမ်မိတာက ကောင်းစံက မဟုတ်မခံ။ ပွင့်ပွင့်လင်းလင်းသမား။ အရင်လို တပ်ကထွက်သွားရင် အဝေးကြီး အထိရောက်သွားနိုင်တယ်။ ကိုတိုက်မောင်းကလည်း ကျဆုံးပြီးကာစဆိုတော့ တပ်ကလည်း ဖယိုဖရဲ။
ဒါကြောင့်ပဲ KNU တပ်မဟာ (၂)ကို ပြန်ထွက်မယ့်စစ်ကြောင်းမှာ ကျနော်လည်းလိုက်မယ်။ ကောင်းစံကို လည်းပြန်ခေါ်သွားချင်ကြောင်း စစ်ကြောင်းတာဝန်ခံ ကိုသန်းကျော်ဌေးးနဲ့ ဆွေးနွေးကြည့် တယ်။ ကောင်းစံကလည်း ဆန္ဒရှိတယ်လေ။ “နယ်စပ်မှာ လေနေတာထက်၊ ပြည်သူကြားမှာ သေရတာက ပိုအဓိပ္ပါယ်ရှိတယ် ” ဆိုတဲ့မူနဲ့ပေါ့။ နောက်ပြီးကောင်းစံက ဘာသာစကားစုံ တတ်တာရယ်။ လမ်းကြောင်းတွေ ကျွမ်းကျင်တာရယ်။ နယ်မြေခံလို ဖြစ်နေ တာရယ်ကြောင့် ကျနော်တို့စစ်ကြောင်းအတွက် အကျိုးရှိနိုင်တယ်မဟုတ်လား။ ကျနော့်ဆွေးနွေးချက် အထမြောက် အောင်မြင်သွားပါတယ်ခင်ဗျာ။
တကယ်ပါပဲ တလမ်းလုံးမှာလေ ကောင်းစံရဲ့ အရည်အချင်းစုံကိုတွေ့ရတယ်။ စကားလောက်တော့၊ ရွာတွေ၊ ရွာသားတွေနဲ့ရင်းနှီးတော့ အတော့်ကို အဆင်ပြေတာပါ။ လမ်းတလျှောက်လုံး သူ့ကိုမသိ တဲ့လူ၊ မခင်တဲ့လူကို မရှိ သလောက်ပဲ။ ကျနော့်အတွက်ဆိုကောင်းစံက အထောက်အပံ့ အဖြစ်ဆုံး။ ကျနော်က ခရီးမထွက်ဖြစ်တာကြာတော့ လမ်းသိပ်မလျှောက်နိုင်ဘူးလေ။ ကျန်းမာရေးကလည်း ချူချာတော့ စစ်ကြောင်းရဲ့နောက်ပိတ်အမြဲဖြစ်နေတတ်တယ်။ ဒီအချိန်မျိုးဆို ကောင်းစံက ကျနော့်အဖော်။ ကျနော့် ပစ္စည်းတချို့ကအစ ကူသယ်ပေးတယ်။ တလမ်းလုံးကောင်းစံ ရဲ့အပြစ်တွေကို ကျနော်ရှာနေမိပေမယ့် ခုထိတော့ မတွေ့ရသေး။
ကျနော်လေ လယ်ခိုဒိုးသာရွာမှာ ကျောင်းဆရာလုပ်ရင်း ကျန်နေခဲ့ရတယ်။ စစ်ကြောင်းနဲ့မလိုက်နိုင်တော့တာရယ်၊ ကျောင်းဆရာအလုပ်ကို ပိုစိတ်ဝင်စားလာတာရယ်ကြောင့်လို့ပဲ ပြောရမယ် ထင်ပါ တယ်။ ကောင်းစံက
“နောက်မှ ကျနော်လာလည်မယ်။ ဒီရွာတွေကို ကျနော်ခဏခဏရောက်ပါတယ်။ ဘာမှအားမငယ်နဲ့ ဘူဒါး” ကောင်းစံက ကျနော့်ကို ဘူဒါးလို့ခေါ်တယ်။ နူတ်ဆက်ပြီး စစ်ကြောင်းနဲ့ဆက်လိုက်သွားပေ မယ့် ကောင်းစံပြောခဲ့တဲ့ စကားကိုလေ တရက်မှ မမေ့ဘူး။
ဘယ်နေ့များပြန်ရောက်လာမလဲလို့ ကလေးတွေကို စာသင်နေရင်းပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာထိုင်ပြီး ပလိုင်း ရက်နေရင်းပဲ ဖြစ်ဖြစ်၊ လူနာတွေကို ဆေးကုနေရင်းပဲ ဖြစ်ဖြစ်၊ တောင်ယာတွေမှာ ဆူးလိုက်ထိုးနေရင်းပဲ ဖြစ်ဖြစ်၊ စပါးလိုက်ရိတ်နေရင်ပဲ ဖြစ်ဖြစ်၊ ဖာလာလိုက်ခူးနေရင်ပဲ ဖြစ်ဖြစ် မျှော်နေမိတယ်ဗျာ။
ရောက်တော့ရောက်လာပါတယ်။ ကောင်းစံတော့မဟုတ်။ ကောင်းစံရဲ့သတင်း။ ကောင်းစံတယောက် တိုက်ပွဲ တပွဲမှာ ကျဆုံးသွားပြီတဲ့။ ကျနော်မျက်ရည်ကျရပါပြီ။ ကျနော်တို့ ရဲဘော်တွေ ကျဆုံးရတာများပြီ။ ကျနော် မျက်ရည်မ ကျဖူးခဲ့။ အသားကုန်တို့၊ ကိုတိုက်မောင်းတို့ ကျဆုံးချိန်ကလည်း မငိုမိခဲ့။ ကောင်းစံကျမှ … ။ ကောင်းစံကျဆုံးရတာဟာ ကျနော့်ကြောင့်လို့ကို သံသယဖြစ်ဖြစ်လာလို့လေ။ ကောင်းစံကို ကျနော်ပြန်ခေါ်ခဲ့တာကိုး။ ကျနော်သာ မခေါ်ခဲ့လို့ တတိယနိုင်ငံတခုခုကို ထွက်သွားဖြစ်ခဲ့ရင် ဒီလိုဖြစ်ပါ့မလားဗျာ … ။
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ဆိုရတော့မှာပေါ့ … ။
ကျနော်ပြောခဲ့ဖူးတဲ့ ပန်ယွမ်းရွာက ကောင်းစံရဲ့အချစ်ဦးလေး အီဖျင်းဆိုတာလေ။ သူတို့လည်း ကရင်နီဒုက္ခ သည်စခန်းမှာ ပြန်နေကြတယ်တဲ့။ “နို့ပအား”ဆိုတဲ့ ဒုက္ခသည်စခန်းမှာပေါ့။ ကောင်းစံကျဆုံး ချိန်လောက်မှာပဲ နအဖ စစ်တပ်က နို့ပအားဒုက္ခသည်စခန်းကိုဝင်အပစ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်တဲ့။
ကောင်းစံက ကျနော့်ကို သီချင်းတစ်ပုဒ်ရေးခိုင်းဖူးတယ်။ သူ့အချစ်ဦး အီဖျင်းအတွက်တဲ့ … ။ “ပန်းကလေးနဲ့ ပန်းကလေးချစ်သူ” ဆိုတဲ့ သီချင်းလေးလေ့။ ကောင်းစံအမြဲလိုလို ဆိုဆိုနေတတ်တာ။ ဒီသီချင်းလေးကို မဆိုဖြစ်တာ ခုဆို ဆယ်စုနှစ်တခုတောင် ကျော်ပြီပေါ့။ ။
၂၅ ၊ ၁၂ ၊ ၂၀၀၉