Monday, August 4, 2008
Tuesday, July 29, 2008
Wednesday, July 2, 2008
Thursday, June 12, 2008
(၁၀၂) ရက်မြောက် မိုင်ပေါင်း ၃၀၀၀
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး
ဇွန်(ရ)ရက် မှာတော့ ရဲဘော်အေသင်တို့ရဲ့(၈၈)စစ်ကြောင်းဟာ (Indiana)ပြည်နယ် ဖို့ဝိန်းမြို့ကို ရောက်ပါတယ်၊ ဖို့ဝိန်းမြို့က ABSDF ရဲဘော်ဟောင်းများ၊ABSDF အတွင်းရေးမှူးဟောင်း ဆလိုင်းကိုကိုဦး နှင့်ဒေသခံ မြန်မာပြည်သူများက ရဲဘော်အေသင်တို့ကို နွေးထွေးစွာဖြင့် တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်၊ ဖို့ဝိန်းမြို့ကြိုဆိုပွဲမှာပဲ ရဲဘော်အေသင်တို့ရဲ့(၈၈) စစ်ကြောင်းက မြန်မာပြည်သူလူထုသို့ ပန်ကြားချက် တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။
(၁) နအဖ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ရက်စက်မှုအောက် အမိမြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲအကြပ်အတည်း များစွာကို အားလုံးကြားသိပြီးဖြစ်ပါသည်၊ နအဖ စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်မှုနှင့် ဖိနှိပ်နေမှုများသည်လည်း ပိုမိုတိုး၍သာ လာနေသည့် အခြေအနေဖြစ်သည်၊ မေ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပြစ်ပယ်၍ စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ လိမ်လည်လှည့်စားမှု ခြိမ်းခြောက်မှုမျိုးစုံဖြင့် ဟန်ပြလူထုဆန္ဒခံယူပွဲကိုကျင်းပ၍ လူထုကအမှန်တကယ် ထောက်ခံကြောင်း အရှက်မရှိကြေငြာခဲ့သည်။နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ အသက်ဆုံးရှူံးခဲ့မှုကို စာနာခြင်းကင်းမဲ့စွာ လူမဆန်စွာဖြင့် လေဘေးဒုက္ခသည်များအား အားစိုက်ကူညီ ကယ်တင်ရေးထက် ၎င်းတို့အာ ဏာတည်မြဲရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေမှုကိုလည်း မျက်နှာပြောင်တိုက်၍ လုပ်ရဲသည်၊ ဘယ်သူ သေသေ ငတေမာလျှင်ပြီးရောဆိုသည့် အတွေးအခေါ်နှင့် လုပ်ဟန်ပင်ဖြစ် သည်။တိုင်းရင်းသား လူမျိုးစုများစွာ မှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရမြဲဖြစ်သည်၊ ပြည်သူလူထုဘ၀မှာ တနေ့ထက် တနေ့ ကြပ်တည်းမွဲတေသောရင်ဆိုင်မှုများဖြင့်သာ ကြုံတွေ့နေရသည်။
(၂)မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ပြည်သူလူထုဘ၀ သာယာအေးချမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒေါ် အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် တို့အပါအ၀င် နိုင်ငံရေးလှူပ်ရှားနေသူများစွာမှာလည်း စစ်အုပ်စု၏ ဖမ်းဆီး ထိမ်းသိမ်းခြင်းကိုခံနေကြရသည်၊ NLD ပါတီဝင်များ မတရား ရက်စက်အနိုင်ကျင့်မှုနည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေ ကြရသည်ကိုလည်း အားလုံးကြားသိပြီးဖြစ်သည်၊စက်တင်္ဘာလ သံဃာတော်များ၏သပိတ်မှောက် ကံဆောင်မှု bကို အကြမ်းဖက်၍ဖြိုခွဲခဲ့သည်မှာလည်း တကမ္ဘာလုံးအသိပင်။ စစ်အုပ်စုမှာ ၎င်းတို့ တရားဝင်ဖိနှိပ် ရက်စက် ခွင့်ရအောင်ဆက်လက်၍ ကြိုးစားနေပါဦးမည်၊အလွယ်အကူအလျှော့ပေးမည်မဟုတ်ပါ။
(၃)အမိမြန်မာပြည်သူလူထု ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် စစ်အုပ်စုအုပ်ချုပ်နေသရွေ့ဟန့် တားနှောင့်ယှက်မှုများဖြင့် ကြုံတွေ့နေပါလိမ့်မည်၊အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ပါ၊ထို့ကြောင့် စစ်အုပ်စုကို ဖြိုဖျက်နိုင်ဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ပွဲဝင်မှရပါလိမ့်မည်၊ တိုက်ပွဲနည်းနာပေါင်းစုံဖြင့် တော်လှန်ကြရပါမည်။
မိမိတို့ ၈၈ စစ်ကြောင်းမှ ပြည်သူလူထုအားပန်ကြားလိုသည်မှာ…
-၂၀၀၈ ခုနှစ်အတွင်း စစ်အုပ်စုဖြုတ်ချရေး တိုက်ပွဲအရှိန်ကို တတ်နိုင်သမျှမြှင့်တင်စေလိုပါသည်။
-တိုက်ပွဲနည်းနာပေါင်းစုံဖြင့်တော်လှန်တိုက်ပွဲဝင်ကြရန်တပ်လှန့်နိုးဆော်ပါသည်။
-ယခုနှစ် ဇူလိုင်(၁၉)ရက်နေ့မှစ၍ ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများအားလုံး တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် လူထုဆန္ဒပြပွဲ ကြီးများဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ကြပါရန် ပန်ကြားလိုက်ပါသည်။
စစ်အုပ်စုမုချကျဆုံးစေရမည်။
၈၈ စစ်ကြောင်း
၈၈ မျိုးဆက်ကျောင်းသားများ
ရဲဘော်အေသင်
ရဲဘော်ဇော်မင်းထွေး
Ph-971-285 7399/919-357 6852
Monday, May 19, 2008
မိုင်ပေါင်း(၃၀၀၀)ကျော် ခရီးရှည်ချီတက်ခြင်း
ကိုအေသင်-Ph-(971-285-7399)
ကိုဇော်မင်းထွေး-Ph-(919-357-6852)
Monday, April 14, 2008
(၄၄)ရက်မြောက် ခရီးရှည် ချီတက်ခြင်း
-ထို့ကြောင့် ရဲဘော်များ၊ မျိုးချစ်မြန်မာများ အနေနဲ့ တတ်နိုင်သမျှဝိုင်းဝန်း ကူညီကြဖို့ ကျနော်တို့ အကြောင်းကြားလိုက်ပါတယ်။
-ကိုဇော်မင်းထွေး-- 919-357-6852
Monday, March 31, 2008
(၃၀) ရက်မြောက် ခရီးရှည်ချီတက်ခြင်း
Wednesday, March 26, 2008
ခရီးရှည် ချီတက်ပွဲ News on Fox 12
Monday, March 24, 2008
Wednesday, March 19, 2008
၂၀ ရက်မြောက် ခရီးရှည် ချီတက်ခြင်း
(ခရီးရှည်ချီတက်နေသူများကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အောက်ပါလိပ်စာတွင် ၀င်ရောက်၍ အားပေးလက်မှတ် ထိုးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်)
Monday, March 17, 2008
၁၆ ရက်မြောက် ခရီးရှည် ချီတက်ခြင်း
အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော် ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၁၆)ရက် မြောက် ရှိခြဲ့ပီး မိုင်ပေါင်း(၃၃၀)ကျော်ကို ဖြတ်သန်းခဲ့ပါပြီ။
(၁၅)ရက်နေ့ကလည်း (Oregon )ပြည်နယ်(Port Land) မြို့က ယ္ခင် မကဒတ ရဲဘော်ဟောင်းများ ဖြစ်ကြတဲ့ ရဲဘော်ပံသု၊ ရဲဘော် ဦးမှတ်ကြီးနဲ့ ရဲဘော်ထွန်းထွန်းတို့ ဦးဆောင်ပြီး ခရီးရှည်ချီတက်နေတဲ့ ရဲဘော်နှစ်ဦးအတွက် လိုအပ်တဲ့ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေကို လာရောက်ပေးပို့ထောက်ပံ့ပါတယ်။
ရာသီဥတုကတော့ဆိုးနေဆဲပါ၊(IDAHO)ပြည်နယ်ကိုတော့ (၃)ရက်ခန့်၊ ခရီးဆက်လိုက်လျှင် ရောက်နိုင်ပြီလို့ဆိုပါတယ်၊ သူတို့ နှစ်ဦးကတော့ ဆက်လက်ချီတက်နေမြဲပါ၊ကျနော်တို့လည်း ထိုရဲဘော်နှစ်ဦးရဲ့ အခြေအနေတွေကို မြန်မာပြည်သူများသိအောင် တတ်နိုင်သမျှ သတင်းပေးပို့ပါမယ်၊ အားလုံးဝိုင်းဝန်းထောက်ခံကြဖို့ အကြောင်းကြားလိုက်ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး
Saturday, March 15, 2008
(၁၄) ရက်မြောက် ခရီးရှည် ချီတက်ခြင်း
ရာသီဥတုက ဆိုးနေတဲ့အတွက် ၃/၄ ရက်လောက်အနားယူဖို့ အခြားရဲဘော်များက ဖုန်းနဲ့ ဆက်သွယ်ပြီး အကြံပြုပြောဆိုကြပေမယ့် ရဲဘော်အေသင်တို့ကတော့ မရပ်မနား ဆက်လက်ချီ တက်မှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို အပင်ပမ်းခံ ဒုက္ခခံနေတာဟာ အမိမြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက်ဖြစ်ကြောင်း ပြောပါတယ်။ ယခု လှူပ်ရှားချီတက်နေမှုဟာ နအဖ စစ်အာဏာရှင် အစိုးရရဲ့ ရက်စက် ကောက်ကျစ် ယုတ်မာလှည့်စားနေမှုကို ကမ္ဘာက ပိုမိုအာရုံစိုက် သိရှိလာဖို့နဲ့၊ မကြာမီ ကျင်းပတော့မယ့် တရုတ်အိုလံပစ် အားကစား ပွဲတော်ကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တာလည်း ဖြစ်ကြောင်းပြောပါတယ်။
သူတို့နှစ်ဦးကတော့ မလျှော့သော ဇွဲ လုံ့လ ၀ရိယတွေနဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက် နေဆဲပါ။ မြန်မာပြည်သူများအနေဖြင့် သူတို့ရဲ့ခရီးရှည် ချီတက်နေမှုကို ၀ိုင်းဝန်းထောက်ခံကြဖို့ ကျနော် သတင်းပေးပို့ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး
(ခရီးရှည်ချီတက်နေသူများကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အောက်ပါလိပ်စာတွင် ၀င်ရောက်၍ အားပေးလက်မှတ် ထိုးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်)
Tuesday, March 11, 2008
၁၀ ရက်မြောက် ခရီးရှည် ချီတက်ခြင်း
မြန်မာပြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း သုံးထောင်ကျော်ခရီးကို လမ်းလျှောက်ချီတက် နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်သော ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်းထွေတို့ နှစ်ဦးဟာ ယနေ့ဆိုလျှင် မိုင်ပေါင်း ၂၁၅ မိုင်ကို ကျော်လွှားဖြတ် သန်းခဲ့ပါတယ်။ သူတို့ရဲ့ ဖြတ်သန်းရာ ခရီးတလျှောက်ရှိ နည်းစပ်ရာ မြို့များရှိ မြန်မာမိသားစုများ၊ ကျောင်းသား တပ်မတော် ရဲဘော်ဟောင်းများက အားပေး ကူညီခဲ့ကြပါတယ်။ ကျောင်းသား တပ်မတော် ရဲဘော်ဟောင်း တပ်ရင်း(၂၀၅)မှ ရဲဘော်ကျော်ဆွေက ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်း ထွေးတို့အား ဟာမစ်တန်(Hermiston)မြို့သို့ မထွက်ခွာမှီ အလေးပြုရင်း ဂုဏ်ယူလေးစား ကြောင်း ၎င်းတို့အား ထောက်ခံကြောင်းကို ပြသခဲ့ပါတယ်။

မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးကို လမ်းလျှောက်ချီတက်နေကြသော ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်းထွေးတို့ကို ချီတက်ရာလမ်း ကြောင်းရှိ အမေရိကန် ပြည်သူများက စိတ်ဝင်တစား လာရောက်မေးမြန်းပြီး မြန်မာပြည် လွတ်မြောက်ရေးအတွက် အားပေး ကူညီသွား မည်ဖြစ် ကြောင်း ပြောသွားပါတယ်။

ကျောင်းသားတပ်မတော်(ABSDF)မြောက်ပိုင်းအခြေစိုက် ရဲဘော်များမှလည်း ဖုန်းဖြင့် အားပေး ထောက်ခံနေပါကြောင်း ပြောကြားခဲ့ပါ တယ်။ ခရီးရှည် ချီတက်နေသော ရဲဘော် အေသင်က ၎င်းတို့ကို အားပေး ကူညီကြသော အမေရိကန် ပြည်သူများ၊ (ABSDF)မြောက် ပိုင်း၊ (ABSDF) တပ်ရင်း(၂၀၅)မှ ရဲဘော်ကျော်ဆွေနှင့် မြန်မာ မိသားစုများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး
Sunday, March 9, 2008
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်ခြင်း
အမေရိကန်ပြည်ထောင်စု အော်ရီကွန်(Oregon)ပြည်နယ် ပေါ့လန်း(Portland) မြို့မှာ နေထိုင်နေတဲ့ ကျနော်တို့ ရဲဘော်တယောက်က သူတို့မြို့က ရဲဘော် အေသင်နဲ့ ကိုဇော်မင်းထွေးတို့ နှစ်ယောက် မိုင်(၃၀၀၀)ဝေးတဲ့ နယူးယောက်(New York)မြို့တော်ကို မတ်လ(၁) ရက်နေ့မှ စပြီးလမ်းလျှောက်ချီတက်နေကြောင်း ပြောပါတယ်။ ကျနော် အံ့ဩပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်။ ချီတက်လမ်းလျှောက်သူ နှစ်ဦးကတော့ ပြည်နယ်(၁၀)ပြည်နယ် ခန့်ကိုဖြတ် ကျော်မယ့်ခရီးစဉ်ကို စတင်လိုက်ပါပြီ နယူး ယောက်(New York)မြို့တော်ကို ဩဂုတ်လ(၈)ရက်နေ့ အရောက်(၆)လ နီးပါးလမ်းလျှောက်မှာ ဖြစ်ပါတယ်။
ယ္ခုအချိန်ကာလဟာ အမေရိကန် ပြည်ထောင်စုပြည်နယ်တွေမှာ အတော်လေး အေးနေဆဲကာလ ဖြစ်ပါတယ်။ နှင်းကျဆဲ၊ နှင်းမိုးတွေရွာနေဆဲ လေအေးတွေတိုက်ခတ်နေဆဲ ဆိုးဝါးတဲ့ ရာသီဥတု မျိုးဖြစ်နေချိန်ပါ။ အပြင်မှာ လမ်းလျှောက်ရတာ အလွန်မလွယ်ကူတဲ့ အလုပ်ပါ။ သွေးခဲမတတ် အေး နေဆဲကာလဖြစ်ပါတယ်။
အလွန်ဝေးပြီး မိုင်ပေါင်း ထောင်ချီနေတဲ့ခရီးကို ဘယ်လိုစိတ်ကူးနဲ့ ဘယ်လို ရည်ရွယ်ခဲ့တာလည်းဆိုတာကို သိချင်တာနဲ့ ခရီးရှည်ချီတက်နေတဲ့ ABSDF တပ်ရင်း ၆၀၁ တပ်ဖွဲ့ဝင် ရဲဘော်ဟောင်းဖြစ်ခဲ့တဲ့ ကိုအေသင်(ဖုန်း-၉၇၁-၂၈၅-၇၃၉၉)ကို ကျနော် ဆက်သွယ်ပြီး မေးကြည့်မိပါတယ်။ သူတို့ လမ်းလျှောက်ချီတက်နေတာ အမိမြန် မာပြည်လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အာဏာရှင်အစိုးရဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး၊တို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထုရဲ့ ဒုက္ခ အ၀၀ကို ထိုင်ပြီး အဝေးက နားစွင့်ရုံ မလုပ်ချင်၍ အပင်ပန်းခံလုပ်ဖို့ စိတ်ကူးရခဲ့ကြောင်း၊ ဒီနိုင်ငံရောက် ကတည်းက မိသားစုစားဝတ်နေရေးအတွက် အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ် တကုတ်ကုတ် လုပ်နေရတာကြာတော့ စိတ်မသန့်ကြောင်း၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်မကြေဘူးလို့ ခံစားနေရကြောင်း၊ ဒါကြောင့် အလုပ်ထွက်၊ မိသားစုကိုပစ်ပြီး ဒီခရီးရှည်ချီတက်မှုကို စခဲ့ တာလို့ သူကပြောပြပါတယ်။
ဒီ Campaign နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ထုတ်လွှင့် ပြောဆို ရေးသားတာတွေ ဘာမှမ ကြားရ မတွေ့ရပါဘူး။ ခရီးရှည်ချီတက်ပွဲကို ဦးဆောင်သူ ကိုအေသင်က သူတို့အနေဖြင့် အောက်ပါ တောင်းဆိုချက်(၄)ချက်ကို ထုတ် ပြန်ထားကြောင်းပြောပါတယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ပေးရေး
၃။ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး
၎။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရပေါ်ထွန်းရေး တို့ဖြစ်ပါတယ်။
၎င်းအပြင် သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နယူးယောက် (New York) မြို့တော်ကို ရောက်လျှင် ကုလသဂ္ဂ အထွေထွေ အတွင်းရေးမှုးထံ ပေး အပ်မည့် မြန်မာပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး(Petition For The Freedom and Liberty of Burma) ဆိုတဲ့ မြန်မာပြည်သူ တွေ လက်မှတ်ရေးထိုးတောင်းဆိုထားတဲ့ စာတစောင်ကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတကာတွင် ရောက်ရှိ နေကြသော ရဲဘော်များ မိတ်ဆွေများ အနေဖြင့်လည်း ဒီနေရာမှာ http://www.petitiononline.com/walkfree/petition.html ပါဝင် လက်မှတ်ရေးထိုးစေချင်ပါတယ်။
ယ္ခု လမ်းလျှောက်နေသူ နှစ်ဦးစလုံးဟာ နှင်းမိုး တွေရွာတဲ့ ရက်တွေမှာ အတော်လေးကို လျှောက်လှမ်း ကျော်ဖြတ် နေရပါတယ်။ ရိက္ခါ၊ သောက်ရေ၊ တည်းခိုမည့်နေရာ စတဲ့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ယ္ခု ခရီးရှည်ချီ တက်ပွဲအကြောင်းကို ကြားလိုက်ရတဲ့ မျိုးချစ် မြန်မာများ၊ တော်လှန်ရေး ရဲဘော်များ၊ မိတ်ဆွေများ၊ ကိုယ့်ကိုကိုယ် တာဝန်ရှိသူလို့ ယူဆသူတွေ အားလုံးက ၀ိုင်းဝန်း ထောက်ခံ ပြီး တတ်နိုင်သမျှ ပံ့ပိုးကြစေလိုကြောင်း ကျနော် မိတ်ဆက်ပေးလိုက်ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး



