(၁)
နေညိုချိန်
ပြိုကွဲဘ၀များရဲ့ အတွေးစုရပ်။
(၂)
'ဖက်စပ်'နဲ့ 'နယ်စပ်'က
သမီးနဲ့ သား
အခြားသောသူများ။
ရေဒီယိုထဲပါနေကျ
အာသိသများ
အန်ဖတ်များ။
ကြိုးဝိုင်းထဲက
လက်ညှိုးနဲ့
လက်မများ။
လမ်းမတွေထက်က
လက်သီးစုပ်နဲ့
လက်အုပ်ချီများ။
(၃)
တာဝေးပြေးပွဲမှာ
ပူးတွဲ ပထမ - မရှိ။
ရဲဘော် ထက်မိုး
(၁၀ ဇူလိုင် ၂၀၀၄)
Thursday, October 23, 2008
နေ့စေ့လစေ့
Monday, October 20, 2008
၁၆ နှစ်ထဲက နေ့ကောင်းရက်မြတ်များ
ကျောင်းသားတပ်မတော်
စစ်စခန်းတောနက်ည
ဆိတ်ငြိမ်မတိုင်မှီကာလ
မယ်ဒလင်ပေါ်က
တက္ကသိုကျောင်းက ငွေလမင်း
တီးလက်မပါတဲ့ ကမ္ဘာမကြေဘူး။
ကိုယ်တိုင်မလာနိုင်တဲ့အတွက်
တောနက်နဲ့ တောင်မြင့်တွေက
ဆောင်းငွေ့လေအေးမြကို
ပို့ပေးလာ ...။
ညဟာ ...
ဘာမှမရှိဘဲနဲ့ကို
မွှေးအီသိပ်သည်းနေခဲ့တယ်။
ရဲဘော် ထက်မိုး
(၁၈ နိုဝင်ဘာ ၂၀၀၄။ ၀ဲကြီးစခန်း)
Thursday, October 16, 2008
မီးထဲက နှင်းဆီ
ငါ့ရဲ့ ကယောမလေးရေ
သမီးလိုက်ကိုဆွဲပါ
သံလွင်ကိုကူးပါ
ရွာကိုပြန်သွားပါလေ။
ဒီလိုပဲလေ
ဒို့ဘ၀တွေလဲ
နွေထဲကပန်း
နွမ်းရင်က လန်းရ။
ပြည်တွင်းစစ်ထဲက
မိသားစုဘ၀ရဲ့
'ပျော်ရွှင်ဘါယ်ရာ'
'ပြာ' တွေပြန်ဆက်
ဒီလိုနဲ့ မနက်ဖြန်တွေ လဲ။
သမီးဟာ
'အနာတ်၊ အောင်ပွဲ
သစ္စာ၊ အမှန်တရား'
အားလုံးမှာ အရေးပါ ပါတယ်။
မေ့လိုက်ပါ
သင်ခန်းစာနဲ့ တကွ
အနိဌာရုံတွေ။
ကျောင်းသားက သူပုန်ဖြစ်
သူပုန်က ဖခင်ဖြစ်
ငါတို့ရဲ့ သက္ကရာဇ်တွေဟာ
တိုင်းပြည်ထဲက ရိုးမတောင်တန်းကြီးတွေပါ။
ခြေတလှမ်းစာ
တောအုံခြုံကြား လူသွားလမ်းကလေးများ
ဘယ်တော့မှ ခြုံဖုံးမသွားသလိုမျိုးပ
ရှင်ကွဲ ... ကွဲရမှုမှာ
မျှော်လင့်နိုင်တာတွေ တပုံတပင်။
ပြည်တွင်းစစ်မီးလျှံထဲ
ရဲရဲလွမ်း
ရဲရဲလှမ်းချီ
ပြည်တွင်းငြိမ်းချမ်းရေးမှသည်
မိသားစုအိမ်များဆီ
မီးထဲက နှင်ဆီတွေ။
ရဲဘော် ထက်မိုး
(ဇနီးနဲ့ သမီးသို့ ...)
(၅ အောက်တိုဘာ ၂၀၀၁၊ ညနေ ၂ နာရီ ၃၀ မိနစ်)
သံဆူးကြိုးပေါ်က လရိပ်
(၁)
၉၀ ဖေဖေါ်ဝါရီ ၁၁ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေ လွင့်ပါး
တစ တစ မှုန်ဝါး
အမေ ... ထွက်ခွာသွားပြီ။
(၂)
၅၂ နှစ်
အချစ်နဲ့ ဒေါသတရား
တ၀မ်းတခါးနဲ့ မာန
လမ်းဘေးဈေးသည်မရဲ့ ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။
ပေးဝေရင်းနှီး ... တဲ့
သမီး ... ၃၊ သား ... ၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှ ဆုံးသွားရှာရဲ့လား။
'မနုဿတတ္တ ဒုလလ္လဘ'တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေဿနာ
ဝါ၀င် ၀ါထွက် အိမ်မက်
အမေ တက်မက်ရဲပါဦးမလား။
လူးသားတယောက်ရဲ့ ဘ၀ခရီး
ပြီးစလွယ် နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ၊ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ ဆုတောင်း
အမေလဲ ကောင်းရာသုဂတိလားပါစေ။
(၃)
အမေ့ဈာပန
သံတိုင်တွေကြားက ၅ည သား
အတွေးနဲ့ ပို့သ
တဘ၀စာ
ဒဏ်ရာရခဲ့သူ။
ရဲဘော် ထက်မိုး
(၂၂ ဖေဖေါ်ဝါရီလ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်ခင်အား ရည်စူး၍ ထောင်ထဲတွင် ရေးသားသောကဗျာ)
