Tuesday, June 1, 2010

ကဗျာထဲကမြို့ကလေးနဲ့ ဒေါင်းခွပ်ချိန်အိပ်မက်များ

၁၉၈၈၊ စက်တင်ဘာလအပြီး
မြို့ကလေးရဲ့ ဘူတာရုံလေးကနေ
လူငယ်တွေ အမေတွေကို နှုတ်မဆက်နိုင်ပဲ
နွေဦးဆီကို ပျံသန်းသွားကြပေါ့။

အဲဒီ ပဲခူးရိုးမကြီးက
နေ၀င် နေထွက် ဘာမှ မပြောင်းလဲ
အရင်လို သစ္စာတရားနဲ့ စီးဆင်းလည်ပတ်
မြို့ကလေးရဲ့အနာဂတ်နဲ့ လူငယ်တွေကို ရှာဖွေရင်း
အမေတွေရဲ့လွမ်းတေးမှာ
သမိုင်းကို ချေရာကောက်ခဲ့ ။

ခေါင်းရွက် ဗျက်ထိုး
လယ်သူမ တမန်းနိုးတဲ့
ရိုးမပျော် အိပ်တန်းမပျံနိုင်တဲ့ ဌက်တွေရဲ့
အမှောင်ခေတ် သားသည်အမေတွေလေ
ဂေါ်ဂီရဲ့အမေ မဟုတ်တဲ့ အမေတွေ။

အမေအိမ်
ရေနံဆီမီးအိမ် မှိန်မှိန်လေးအောက်မှာ
အရင်လိုနွေးထွေးလုံချုံနေပေမဲ့
အမေ့ရဲ့မေတ္တာ ရိပ်မြုံလေး
ဂစ်တာသံတွေရဲ့အဝေးမှာ
လှပနိုင် ပါတော့မလား။

၂၀၀၇၊ စက်တင်ဘာ
ရွှေဝါရောင် တော်လှန်ရေးထဲက
နှစ်(၂၀)ကျော် မမြင်တွေ့ရတဲ့သားတို့ရဲ့ခွပ်ဒေါင်းအလံ
တခါ ပြန်တွေ့ ရှင်သန်
အမေ့ ဒဏ်ရာ တခါ ပြန်သစ်
ဒေါင်းပျို သွေးသစ် သားတို့ ခေတ်ကို
လှစ်ကနဲတွေ့ လိုက်ရပေါ့။

အမေ ယုံတယ် သားတို့ ရေ
ဟော့ဟို အစိမ်းရောင် ခြုံလွှာကြီးနဲ့ 
ရိုးမတောင်ကြီးရဲ့တဖက်မှာ ငုပ်လျှိုးသွားတဲ့ နေမင်းကြီးဟာ
မနက်ဖြန် ရောင်နီသစ်လျှက်
နေ၀န်းဝန်းနီနီ ပေါ်ထွက်တော့မယ့် ခေတ်
စိုက်ခဲ့သမျှ ရိပ်သိမ်းရတော့မဲ့ နှစ်
ခွပ်ဒေါင်းအလံနဲ့ လွတ်ကြောင်းကြံတဲ့ သမိုင်းသစ်
(၂၀၁၀) ဖြစ်လိမ့်မယ် ။ ။

နီလွင်သွေး(ဒဿနိက)
မေ၊ ၇ ၊ ၂၀၁၀ ၁း၂၅- နာရီ
(အမေနဲ့ အာဇာနည် သူရဲကောင်းအပေါင်းကို မွေးဖွားပေးခဲ့တဲ့အမေများသို့ )

No comments: